Love and Sausage

ဝက်အူချောင်းတစ်တွဲနှင့် နှုတ်ဆက်လမ်းခွဲ

သင်ကာ

တနေ့သ၌ ဘလော်ဂါတဦးက ဂျာနယ် ထုတ်ချင်သဖြင့် စာမူပေးပါဟု ဆိုလာလေသည်။

ကျွန်ုပ်သည်ကား အချစ်ကို သဖန်းပင်တွင်ချိတ်ထားပြီး အသည်းကို ယမကာနှင့် စိမ်နေသူဖြစ်ရကား အဘယ်မှာ ဇာတ်လမ်းရှိအံ့နည်း။ သို့သော် မျက်စိထဲသို့ ကန့်လန့်ဖြတ် ဝင်လာသော အချစ်ဇာတ်လမ်း တစ်ပုဒ်ကိုကား ကာလသားများ ရည်ညွှန်းစရာ ရစိမ့်သောငှာ ရေးလိုက်ဦးအံ့။

ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီးကို ဇာတ်ကွက်နှင့် လျော်ညီစွာ “ကျန်ရစ်ပိန်”ဟု အမည်သမုတ်လိုက်ပေသည်။ (တိုက်ဆိုင်မှုရှိလျှင်ကား တမင်ရေးသည် အဲလေ မဆော်တဆ တမင်တကာဟု ခွင့်လွှတ်ကြပါကုန်) နေရာကား “မထိုင်းတထိုင်း” ဟူသောနိုင်ငံတည်း။ (ပညတ်သွားရာ ဓာတ်သက်ပါ ဆိုသည့်အတိုင်း ထိုတိုင်းနိုင်ငံမှ လူများကား ပုံစံကြည့်သည်နှင့်ပင် ရန်ကုန်က လူလိမ်များ အချဉ်ထင်စရာ ဂိုက်မျိုးပေတည်း။ ဤကား မှတ်ချက်) ဤနိုင်ငံတွင် အခြောက်လွန်စွာပေါသည်ဟု အများသိပြီးဖြစ်ပေသည်။ အခြောက်တို့သည် ခြောက်ရုံကာမျှ အားမရသည်ဖြစ်၍ ရှိရင်းစွဲကို ပယ်ပြီး ပြန်လည်ပြုပြင်သည်ဖြစ်ရာ “ဖြတ်-ဖောက်-ချုပ်”ဟုလည်း ခေါ်ဝေါ်ကြပေသည်။  သို့ပါလျက်ကယ်နှင့် အခြောက်၊ ဖြတ်ဖောက်ချုပ်တို့နှင့် ကွိုင်မပူးဘဲ မိန်းကလေးကနေ ယောကျာ်းစိတ်ပေါက်နေသော ယောကျာ်းလျှာ(တနည်းအားဖြင့် Girl Boy) ကမွှေသဖြင့် ဇာတ်လမ်းပြတ်ကာ ရပ်တန်းရပ်ခဲ့ရသည့် အကြောင်းဖြစ်ပေသည်။ ဖြစ်ပုံကို ဇာတ်စုံ ခင်းပေအံ့။

ကိုင်း … ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး“ကျန်ရစ်ပိန်”နှင့် မင်းသမီး “ပွီ”တို့တွေ့ဆုံခန်းမှာ ရုပ်ရှင်ထဲကလို လူဆိုးတွေနဲ့တွေ့တုန်း ဖိုက်တင်ပလေးပြီး ကယ်ရင်း ဒန်တန်တန်ဖြစ်ခဲ့တာ။ ဒီလိုလည်း မဟုတ်ပါ။

ဆိုင်ကယ်စီးကျွမ်းသောပွီက ကလေးစက်ဘီး သုံးဘီးတွဲတောင် ဖြောင့်အောင် မခွတတ်သော ကိုကိုကျန်ကို ဝင်တိုက်မိရာက ဇာတ်လမ်းဖွင့်လေသည်။ ဒီလိုလည်း မဟုတ်ပြန်။

ပါတီပွဲတစ်ခုတွင် တွေ့ကြ။ မိတ်ဆက်။ မထိုင်းတထိုင်းမလေးတွေကလည်း လှတပတဆိုတော့ ကိုကိုကျန်က မိုဘိုင်းဖုန်းနံပတ်တောင်း။ ပြီးတော့ အကြောင်းမရှိ အကြောင်းရှာစက်။ ဟိုကော်ဖီဆိုင်ထိုင်၊ ဒီဘူဖေးဆိုင်ထိုင်။ ဒီလိုနဲ့ ဘာလိုလို ညာလိုလို။ ဤအတိုင်းမှန်ပေသည်။

သို့နှင့် သိုးဆောင်းဘာသာညံ့ပေသော မထိုင်းတထိုင်းမလေးကို ကျောင်းစာတွေ ဝိုင်းလုပ်ပေးရန် အကြောင်းဖန်လေသော် အနှီကောင်မလေး အခန်းသို့ ချောင်းပေါက်အောင် ရောက်လေသတည်း။ မထိုင်းတထိုင်း ခေတ်ကာလသားသမီးများသည် အထက်တန်းအောင်သည်နှင့် ကိုယ့်ဖာသာကိုယ်ခွဲ၍ နေတတ်သော ဖရီးဒမ်းအကျင့် ရှိကြပေ၏။ (ယောကျာ်းယူပြီးတာတောင် အမေ့အိမ်ပေါ် ယောကျာ်းတင်ထားသော မိန်းကလေးများ မှတ်ကြကုန်။) တမြို့တည်းတွင် မိဘရှိသည့်တိုင် ကိုယ့်ဖာသာ အခန်းသတ်သတ်ငှားနေကြလေ၏။

ဝတ္ထုရေးဆရာမင်းလူက သူ၏ တက္ကသိုလ်နံ့သင်းသော ဝတ္ထုတစ်ပုဒ်၌ “သင်သည် အကြင်မိန်းကလေး၏ အချစ်ကိုရအံ့။ သူမ၏ ထမင်းဗူးကိုပါ ရတော့သည်”ဟု သွေးထွက်အောင်မှန်သော သီအိုရီကို ဖော်ထုတ်ခဲ့ဖူးလေသည်။ ဤမည်သော မထိုင်းတထိုင်းနိုင်ငံ၌ကား ကျွန်ုပ်က သီအိုရီကို ကာလံ၊ ဒေသံ အရ ပြောင်းထားလိုက်ပေသည်။ “သင်သည် အကြင်မိန်းကလေး၏ အချစ်ကို ရအံ့။ သူမ၏ အခန်းကိုပါ ရတော့သည်”ဟူ၍။

သို့ဖြစ်ပြီးသကာလ တစ်နေသော အခါ၌ ကျန်ရစ်ပိန်သည် ပွီနှင့် မချိန်းသည့်ရက် (ဝါ) ပွီက သူ့ကို ဖုန်းဖြင့် လှမ်းမခေါ်သော တညနေ၌ ခွက်ပုန်းခုတ်နေစဉ် ဖုန်းဝင်လာလေသည်။ ဖြစ်ပုံကား ပွီသည် ရေချိုးခန်းထဲ၌ ဘာလုပ်သည်မသိ၊ ချော်လဲကာ လက်ခေါက် နာသွားသောဟူ၏။ ကျွန်ုပ်တို့ မြန်မာစကား၌ ရေချိုးခန်းမှာ သီချင်းဆိုသည်ဟုရှိရာ ပွီသည်လည်း ထိုကဲ့သို့ပင် သီချင်းဆိုရာမှ စိတ်မထိန်းနိုင်ဘဲ ကပါကဟန် တူလေသည်။ အဘယ်ကြောင့်ဆိုသော် မျောက်ကဲ့သို့ ခုန်ဆွရုံမကသေး၊ တစ်ချက်တစ်ချက် အင်္ကျီကို ဆွဲဆွဲလှန်ပြီး ကတတ်လေသော မထိုင်းတထိုင်းရက်(ပ်) အဆိုတော်မလေးကို တွေ့ဖူးသောကြောင့်တည်း။

သို့ဖြင့် (မိန်းကလေးဆိုလျှင်) အလွန် ဂရုစိုက်တတ်သော ကျန်ရစ်ပိန်သည် အပြေးအလွှားပင် ပွီထံသွားလေသည်။ ပွီသည်ကား လက်ကောက်ဝတ် အီနေသဖြင့် ကွန်ပျူတာ စာပင် မရိုက်နိုင်ပြီတကား။ ထိုရောကာလ ကျွန်ုပ်တို့၏ ဟီရိုးကြီး ကျန်ရစ်ပိန်မှာ ပြုစုယုယပေးခြင်းဖြင့် ဇာတ်လမ်းအထွဋ်အထိပ်သို့ ရောက်နေလေတော့သည်။

နောက်တစ်နေ့တွင် နေ့လည်စာစားချိန်ရောက်သဖြင့် ကျန်ရစ်ပိန်လည်း ထမင်းထွက်ဝယ်လေသည်။ ပြန်ရောက်လာသောအခါ ယောကျာ်လေးစတိုင်လ် ဝတ်ထားသော ယောကျာ်းစိတ်ပေါက်နေသည့် ကောင်းမလေးတစ်ယောက် ပွီထံရောက်နေသည်ကို တွေ့ရလေသည်။ ကျန်ရစ်ပိန်တစ်ယောက် ထမင်းထုပ်ကလေးဆွဲပြီး တံခါးဖွင့်လိုက်သည်နှင့် ဘယ်ကကောင်လဲဟူသော ယောကျာ်းလျာ၏ မီးဝင်းဝင်းတောက် အကြည့်ဖြင့်ရင်ဆိုင်ရလေသည်။ (ယောကျာ်းလျှာ ဆိုတာ ခေါ်လို့ မကောင်းပါ။ “ယာကရှောက်”ပြောင်း ခေါ်ပေအံ့။)

ယာကရှောက်သည် ကျွန်ုပ်တို့၏ ဇာတ်လိုက်ရှော်ကြီး ပိန်ကို မြင်သည်ကိုပင် ခွေးဝဲစား အနားကပ်လာသလို မကြည်ဖြူဟန်ပြပြီးနောက် ရည်စားလုဖက် စတိုင်လ်ဖြင့် ပွီကို “ဒီကောင်ဘယ်ကလဲ၊ တို့လည်း မသိရပါလား သဲရဲ့”ဟု ၎င်းတို့၏ ဘာသာစကားဖြင့် မေးလိုက်လေသည်။ ယာကရှောက်က အသဲဟု ခေါ်ရခြင်းသည်ကား အဓိပ္ပာယ်ရှိပေသည်။ သူက ပွီကို ကြိုက်နေသူတည်း။ သူ့အချစ်တော်လေးအဖြစ် ထားလိုသူဖြစ်ပေသည်။ ယင်းသို့ အခိုက် ကြွေတော့မည့် အုန်းပင်အောက် ငုတ်တုတ်ထိုင်မိသည့် အဖြစ်ပမာ ကျွန်ုပ်တို့၏ ကိုပိန်တစ်ယောက် ကံဆိုးနှင့် မိုးမှောင် ကျရခြင်း အစဖြစ်ပေတော့သည်။

ယာကရှောက်သည် မကျေမနပ်ဟန် အမျိုးမျိုးပြပြီး ဆူဆောင့်အောင့်ပြီးသကာလ ကျန်ရစ်ပိန်၏ ဖုန်းနံပတ်ကို တောင်းကာ ပြန်သွားလေသည်။ ဒါမျိုးများဖြင့် အပျော့ပေါ့ဟူသော သွားဖြဲမျိုးနှင့် အပွဲပွဲနွှဲလာသော ကျန်ရစ်ပိန်က ပြုံးလိုက်လေသည်။

နောက်ရက်များမကြာမီတွင် ယာကရှောက်က ကျန်ရစ်ပိန်ထံ အလွန်ချိုသာသော လေသံဖြင့် ဖုန်းဆက်သည်မှာ “မွေးနေ့ပါတီတစ်ခုရှိ၍ ထိုထိုဤဤမည်သော ဆိုင်သို့ လာခဲ့ပါ၊ ထိုဆိုင်မှာ သောက်ကြမည်” ဟူ၍ ဖြစ်ပေသည်။ သောက်ကြမည်၊ ကဲကြမည်ပေါ့။ ကျွန်ုပ်တို့၏ ကျန်ရစ်ပိန်ကြီးမှာကား ဖုန်းချပြီးသည်နှင့် သွားရည်တရွှဲရွှဲ ဖြစ်နေတော့သည်တကား။

၀တ္တုတို့၏ ထုံးစံအတိုင်း ခပ်မြန်မြန်သွားရသော် ချိန်းသောနေ့သို့ ရောက်လေပြီ။ ထိုသောညနေသည် မအိုက်မစပ်လှသော အရက်သမားကြိုက် ရာသီဥတုဖြစ်လေသည်။ ချိန်းသည့်နေရာသို့ရောက်ပြီး တောင်တောင် မြောပက်မြောက် ကြည့်လတ်သော် ပါတီကျင်းပမည့်ဟန်မျိုး မတွေ့ရဘဲ ယာကရှောက်တစ်ယောက်သာ ဝိုင်းတစ်ခုတွင် ငူငူကြီး ထိုင်နေလေတော့သည်။ ကျန်ရစ်ပိန်လည်း ထိုစားပွဲတွင် ဝင်ထိုင်ရင်း “ကျန်လူတွေ ဘယ်မလဲ”ဟု သိုဆောင်းလို မေးလတ်သော် “စကားပြောစရာရှိလို့ ခင်ဗျားကို ခေါ်လိုက်တာဗျ၊ ကျန်တဲ့လူတွေ ခဏနေမှ ဖုန်းဆက်ခေါ်မယ်။ ကဲ … ဘာသောက်မလဲ”ဟု စကားစလိုက်လေသည်။ ဤသို့ဖြင့် ကျားသစ်ဘီယာ ခြောက်လုံးမျှ စားပွဲပေါ် ရောက်လာလေသည်။ (ဘီယာလေးလုံးမှာလျှင် နှစ်လုံးအလကားရသော ပရိုမိုးရှင်း စနစ်။)

တစ်ယောက်တစ်ခွက်မော့ကြရင် ပွီအကြောင်း မကြာခဏရောက်လေသည်။ ကျန်ရစ်ပိန်ကလည်း နောက်ဆုတ်မည်မဟုတ်ဟူသော သဘောထားကို မကြာခဏ ထုတ်ပြန်ကြေညာနေပေတော့သည်။ နောက်ပိုင်းဆက်တိုက်ခွက်များတွင် ကျန်ရစ်ပိန်ကချည်း မော့မော့နေသော်လည်း ယာကရှောက်က မသောက်ဘဲ ယောင်ဝါးနေ၏။ ဘီယာခြောက်လုံးအနက် သုံးလုံးပင် မကုန်သေး။ ထိုအခိုက် ယာကရှောက်က ဘော်ဒါတွေ ခေါ်ဦးမယ် ဆိုပြီး ယောင်လည်လည်နှင့် ထွက်သွားလေသည်။ ခွက်ဆကို မသိသည့် ကျန်ရစ်ပိန်အကျင့်အတိုင်း တော်တော်နှင့် ပေါ်မလာသော ယာကရှောက်ကို စောင့်ရင်း မော့သည်မှာ ရေချိန်ကျော်နေပေပြီ။ ပုလင်းတွေ ကျန်ခဲ့မှာ နှမျော၍ မော့သည်လည်းပါသည်။ နောက်ဆုံး ဆိုင်မှာ လူတွေပင်ပြန်ကုန်ပြီ၊ ယာကရှောက်ကား ပေါ်မလာ။ ပညာပြချေပြီလော။ သေချာသည်ကား ကျန်ရစ်ပိန် မရှိမဲ့ရှိမဲ့ ဒင်္ဂါးလေးများဖြင့် ဘီယာဖိုး ရှင်းလိုက်ရခြင်း။ မတ်တပ်ရပ်လိုက်သောအခါ သွက်သွက်လည်နေသော ကမ္ဘာကို ကျန်ရစ်ပိန်တွေ့ရလေသည်။ အိတ်ကိုကောက်လွယ်ပြီး ယိုင်တိုင်တိုင်ဖြင့် အဆောင်ဘက် ယွန်းခဲ့လေပြီ။

ထိုရောအခိုက် ဘရင်း ဘရင်းဟူသော ဆိုင်ကယ်လီဗာပုတ်သံဖြင့် နောက်မှာ ရောက်လာသူကား ယာကရှောက်ပေတည်း။ ကျန်ရစ်ပိန်သည် တစ်ခုခုကို ပြောမည်ဟု ပါးစပ်ကို ဟသော်လည်း ဟမရဖြစ်နေ၏။ မျက်စိထဲတွင် ယာကရှောက်သည်ပင် လှနေသလိုလို။ “ခင်ဗျားက ပြန်သွားတာကိုးဗျ။ ကျုပ်ကရှာနေတာ”ဟု ယာကရှောက်က ပြောသော်လည်း ကျန်ရစ်ပိန်က “ကြိုက်စရာများ ရှားလို့။ ကျုပ်ကလည်း မိန်းကလေးပါပဲတော့”ဟု ကြားမိနေလေသည်။ ကျုပင်နှင့် နှိုင်းသော်ရနိုင်သည့် ကျန်ရစ်ပိန်၏ ခြေထောက်မှာလည်း ညွှတ်ကာညွှတ်ကာ ကျချင်လောက်အောင် မူးနေပေပြီ။

အကွက်ထဲဝင်နေပြီဖြစ်သော ယာကရှောက်က နည်းနည်းကျန်နေသော မိန်းမဥာဏ်ကို စတင်သုံးတော့မည်ဖြစ်သည်။ ယာကရှောက်က ပွီထံ ဖုန်းခေါ်လိုက်သည်။ ပြီးလျှင် ၎င်းတို့၏ ဘာသာစကားဖြင့် –
“ပွီ နင့်ကိုကြိုက်နေတဲ့ကောင်က အလကားပါ။ ငါက ဖုန်းနံပတ်ကလေး တောင်းလိုက်မိတာနဲ့ မူးပြီး ငါ့အခန်းရောက်နေပြီ။”

အမှန်တွင် လမ်းပေါ်မှာပဲ ရှိကြသေးသည်။ ပွီက လွန်စွာ စိတ်ဆိုးလေပြီ။ အချိန်လည်းကြည့်ဦးလေ ည ၁ နာရီထိုးနေပြီ။

“အဲဒီအကောင်ကို ဖုန်းပေးလိုက်စမ်း” ဟု ပွီက ပြောသည်။

ကျန်ရစ်ပိန်သည်ကား မပွင့်ချင်တော့သော မျက်လုံးကို ဖြဲရင် ယာကရှောက် ကမ်းပေးသော ဖုန်းကို ယူလိုက်ကာ “ဟယ်ယ်ယ်ယ်….လို-ို-ို-ို”ဟု အားလေးလျှာလေးသံနှင့် ထူးလိုက်လေသည်။

“ရှင် သူ့ဆီမှာ ဘာလုပ်နေတာလဲ”ဟု ပွီက ဒေါနှင့် မေးသည်ကို “သူငယ်ချင်းကို ဂရုစိုက်လိုက်”ဟု စိတ်ကထင်သော ကျန်ရစ်ပိန်က “မပူဟူပါနဲ့၊ ကိုယ် ဂရုချိုက်လိုက်ပါ့မယ်..ကွာအာ”ဟု လေးတွဲ့စွာ ပြန်ပြောလေသည်။

သို့နှင့် မည်သို့ မည်ပုံ အခန်းကို ပြန်ရောက်မှန်း ကျန်ရစ်ပိန်တစ်ယောက် မနက်တွင် စဉ်းစားမရ ဖြစ်နေတော့သည်။ ပွီထံ အခစားဝင်ဦးမှဟု ရေမိုးချိုးသော်လည်း ခေါင်းထဲတွင် ဘီယာခိုး ရိုက်နေဆဲဖြစ်လေသည်။

“ဒေါက်…ဒေါက်”
ပွီအခန်းမှ တံခါးသည် လုံးဝပွင့်မသွားဘဲ အတွင်းမှ ချိတ်ထားသဖြင့် ဟဟလေး ဖြစ်လာပြီး ဒေါသကြောင့် နီရဲနေသော ပွီ၏ မျက်နှာလေးကို မြင်လိုက်ရချေပြီ။
“မနေ့က သူ့အခန်းမှာ သွားအိပ်တယ်ဆို”
ရုတ်တရက် အမေးကြောင့် ကြောင်သွားသော ကျန်ရစ်ပိန်သည် ပြန်မဖြေနိုင်။ ဖြေမိဖြေရာ ပြောလိုက်သည်မှာ –
“ဟို…ဟို…သူက မိန်းကလေးမှ မဟုတ်ဘဲကွာ…”
“ဘာရှင့်…ယောကျာ်းလျှာလည်း မိန်းမပဲ”ဟုဆိုကာတံခါးကို ဒုန်းကနဲ ပိတ်လိုက်လေသည်။

ချက်ချင်း တံခါးပြန်ဟလာပြီး “နောက်ကျမဆီ မလာနဲ့တော့…ရော့”ဟု ဆိုကာ ဝက်အူချောင်းတစ်တွဲကို လှမ်းပေးလိုက်လေသည်။ ကျန်ရစ်ပိန်ကြိုက်သည်ဆိုသဖြင့် ဝယ်ထားသော ဝက်အူချောင်းပင်ဖြစ်ပေသည်။ ဝက်အူချောင်းပင် အိုးထဲမရောက်ခင်က ကွဲကြမည့်ကိန်း ကြုံပေပြီ။ သို့နှင့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး ကျန်ရစ်ပိန်သည် ဝက်အူချောင်းတစ်တွဲဆွဲလျက် ယောင်ချာဖြင့် လျှောက်သွားနေလေတော့သည်။ စိတ်ထဲမှာကား ယာကရှောက်ကို အသေရရ အရှင်ရရ သတ်ချင်နေတော့သည်။ ပွီက ဖုန်းခေါ်လည်း မကိုင်တော့ပေ။

ကျန်ရစ်ပိန်သည် သူ့ဇာတ်လမ်းကို ပြောရင် ရေမရောသည့် On the rock ဝီစကီတစ်ခွက်ကို ထပ်မော့လေသည်။ ကျွန်ုပ်တို့လည်း တဟားဟားရယ်ရင်း ပွီက ဇာတ်လမ်းပြတ် ပေးလိုက်သော ဝက်အူချောင်းကြော်ဖြင့် မြည်းကြလေသတည်း။

သင်ကာ

Advertisements

3 Comments

Filed under Short Story

3 responses to “Love and Sausage

  1. lol
    ကိုသင်ကာ့ ကိုယ်တွေ့ဇာတ်လမ်းလေးလား.. 😛

  2. ဖတ်ရတာ လန်းသကွယ်။ ဒါမျိုးလေးတွေ များများလုပ်ပါ ကိုယ့်ဆရာရဲ့။

  3. ကို သင် ကာ ရေ …

    ပထမ ဆုံး ပြန်ရောက်ဖြစ်တဲ့ အခါ ဒီပို့စ်ကို ဖတ်လိုက်ရတော့ …

    တော်တော်ကို ကျေးဇူးတင် လေး စား မိပါသည် ခင်ဗျား …

    စကားမစပ် … ဇာတ်လိုက်ကျော်ကြီး ကတော့ …

    ကို ကျန်စစ် များ ဖြစ်နေမလား ဗျ … 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s