2 Hours in the Hell

ရေချိုးခန်းသည်လည်း ငရဲခန်းဖြစ်နိုင်၏

ရေချိုးမယ် ပြင်ကာမှ ရေပန်းက သေးပေါက်သလောက်ပင် မလာ။ စိတ်အတော် တိုသွားသည်။ တဘက်ယူ အပြင်ပြန်ထွက်ပြီး အနောက်ဘက် ဝရံတာမှာ ရေခွက်ယူ၊ ရေပိုက်ခေါင်းက ကဲ့ယူပြီး ချိုးရသည်။

******

ရေချိုးတိုင်း တံခါးကို လော့ကျအောင် အထူးတလည် ပိတ်လေ့မရှိ။ စေ့တယ်ဆိုရုံလောက်သာ။ ဒီနေ့ အရှိန်နဲ့ တွန်းလိုက်တော့ ဂျောင်းကနဲ ပိတ်သွားသည်။ တံခါတလေ သေချာပိတ်တာတောင် ပြန်ပွင့်တတ်သည်။ ကီးကြောင်နေပြီ။

******

picture: Internet

ရေမချိုးခင် ခနုန်ကျင်း သွားဝယ်ခဲ့သေးသည်။ ရေချိုးပြီးမှ ခနုန်ကျင်း ပူပူစားမည်။ ရေသုတ်ပြီး တံခါဖွင့်တော့ လော့က မပွင့်။ တစ်ခါ … နှစ်ခါ … အကြိမ်ကြိမ် …။ သွားပြီ လော့ကျနေပြီ။

******

ချော့ဖွင့်သည်၊ ကြမ်းကြမ်း ဖွင့်သည်၊ ဆောင့်၍ ဆောင့်၍ ဖွင့်သည်။ မရတော့ချေ။ မောင်တံသည် သော့အုံနှင့် အိုးစားကွဲကာ လော့ကျနေခြင်းဖြစ်သည်။ အမျိုးမျိုးလှည့်ဖွင့်သည် မရ။

အခန်းထဲမှာ တစ်ယောက်တည်း၊ ရေချိုးခန်းက အတော်လုံသည်။ ဘိုထိုင်ကြွေခွက်နံဘေး နံရံမှာ တရုတ်ကပ်မှန် တစ်ပေပတ်လည်ကျော်ကျော် နှစ်ကွက်ရှိသည်။ ဒါပေမယ့် အတွင်းဘက်က သံဇကာ စိတ်စိတ်ပေါ်ပေါ်မှာ သံပန်းနှင့် အသေပိတ်ထားသည်။ အော်၍ အပြင်က မကြားနိုင်၊ အနောက်ဘက်မှာ လူလုပ်ဆည်ကန်ကြီးပဲ ရှိသည်။

ကူမည့်ကယ်မည့်သူ မရှိ။ စိတ်ကို ငြိမ်ငြိမ်ထားသည်။ တံခါးက ရယ်ဒီမိတ် ကော်ဖိုက်ဘာ တံခါးဟု ခေါ်ရမည်။ ဒါပေမယ့် အတော်ခိုင်သည်။ ၁၀ မိနစ် … ၁၅ မိနစ်။ ကြာလာရင် အသက်ရှုကြပ်လာမည်။ ဗိုက်ကလည်း ဆာနေသည်။ သော့အုံကို ရအောင် ဖျက်ရတော့မည်။

ရေမချိုးခင်က ပန်းကန်တွေ အကုန်ဆေးလိုက်တော့ ရေချိုးခန်းထဲမှာ သံထည်ဆိုလို့ ဇွန်းတစ်ချောင်းပင် မရှိ။ အမာဆုံးနှင့် အသေးဆုံး ထိုးကော် ဖွင့်နိုင်ဖို့ သွားပွတ်တံပဲ ရှိသည်။ လက်အားနှင့် သော့အုံကို နှဲ့သည်။ တံခါးကြားကို သွားပွတ်တံနှင့် ထိုးကလန့်သည်။ တံခါးသည် လုံးဝ မဖြုံချေ။ နာရီဝက်ခန့်ရှိလာသည်။ အခန်းက လှောင်ပြီး အိုက်လာသည်။ အသက်ရှုလည်း မဝဖြစ်လာသည်။ ရေကို ဖွင့်ထား၊ ခွက်နဲ့ခံပြီး သော့အုံကို လက်အားနှင့် နှဲ့လိုက် ဆွဲလိုက်၊ ချွေးဒီးဒီးကျတော့ ရေလောင်းလိုက်။ လက်ချောင်းတွေလည်း နာလာသည်။ သံထည် တစ်ခုမှ မရှိတာ အဆိုးဆုံးဖြစ်သည်။

သော့အုံသည် နှဲ့ပါများတော့ ချောင်ပြီး ကျွတ်လာသည်။ လုံးလုံးကျွတ်သည်မဟုတ်။ အပြင်ဘက်မှာလည်းသော့အုံ၊ အတွင်းဘက်မှာလည်း သော့အုံ။ သော့အုံ ကိုယ့်ဘက် ကျွတ်ပြီး လျော့လာတော့ ဖြစ်နိုင်ခြေ ရှိသမျှ အထဲက ကီးတံများကို သွားပွတ်တံနှင့် ထိုးကစားကြည့်သည်။ မရ။ အဝင်အထွက် မောင်းတံတံသည် အသေပိတ်ဆို့လျက်ရှိပြီ။ ဘယ်လိုမှ လုပ်မရ။

အသက်ကို ဝဝရှု … ချွေးကျလာလျှင် ရေလောင်း။ ခြေထောက်က ယားကနဲ ဖြစ်လို့ ကြည့်လိုက်တော့ ပိုးဟပ်တစ်ကောင်။ ဒေါသက ထွက်သွားပေမယ့် ဖနောင့်နဲ့ မပေါက်လိုက်ပါ။ ကိုယ်က ပိတ်မိနေချိန် … ကဲ … လေသာဆောင်ဘက် ရောက်သည့် တစ်ခုတည်းသော ရေထွက်ပေါက်ကနေ အပြင်ကို မောင်းထုတ်ပေးလိုက်သည်။ သွားပေတော့ … ငါက တံခါး ဖွင့်မရမချင်း အပြင်မထွက်နိုင်သေး။

အမျိုးမျိုးကြိုးစားသည်။ ကျနေသော သံမောင်းတံသည် တုတ်တုတ်မလှုပ်။ သွားပွတ်တံ အရိုးလည်း ဖွာလာပြီ။ လူလည်း ဟိုက်လာသည်။ ဘယ်နှနာရီတောင် ပိတ်မိနေဦးမလဲ။ မိုဘိုင်းဖုန်းက အခန်းထဲမှာ … အေးလေ … ရေချိုးတာ မိုဘိုင်းဖုန်း ယူလာစရာလား။

ဘယ်လိုမှ သော့ကို ချော့မရသည့်အဆုံး သော့အုံကို လုံးလုံးကျွတ်ထွက်အောင် ဆောင့်ဆွဲ ဆောင့်ထိုးရတော့သည်။ သွားပွတ်တံသည် အတော် အကူအညီပေးပါသည်။ သော့အုံးကျွတ်ထွက်သွားသည်။ ကျွတ်သာကျွတ်သည် လွတ်လမ်း မမြင်သေး။ သောအုံကျွတ်၍ ဟောင်းလောင်း ဖြစ်သွားသော အပေါက်မှ လှမ်းကြည့်တော့ နာရီက ညနေ ၃ နာရီကို ပြနေသည်။

အင်း … ဆောင်းတွင်းအေးအေးသာဆို ငါ သေပြီ။ နောက်ဆုံးကျန်နေသော တံခါးတစ်ဖက်နံရံသို့ တိုးဝင်လော့ကျနေသည့် အဝင်အထွက်မောင်းတံကို ဖယ်ရှားရမည်။ အမျိုးမျိုး ကြိုးစားရင် ကျောက်မီးသွေးတွင်းတွေ ပြိုကျပြီး ပိတ်မိနေသူတွေ အတော် ဆိုးမှာပဲဟု တွေးမိသည်။ နောက်တစ်ခါ ဟေတီမှာ ငလျင်ကြောင့် ပိတ်မိနေသူတွေကို ကိုယ်ချင်းစာမိသည်။ ဒါတောင် ကိုယ်က လွတ်လွတ်ကျွတ်ကျွတ်ကြီး ပိတ်မိနေသေးတာ။

မောင်းတံသည် လုံးဝ အိန္ဒြေမပျက် … လူသာ မောဟိုက် ချွေးဒီးဒီးကျလာသည်။ ကပ်ကျန်နေသောကို တံခါးဘောင်ကို ဖျက်ရန် ကြိုးစားသည်။ မရ။ ဖိုက်ဘာပေမယ့် အတော်ပင် မာသည့်ဘောင်။ ကျုပ်မှာက သွားပွတ်တံတည်းဟူသော လက်နက်သာ ရှိသည်။

မောင်းတံဝင်နေသောဘက်ကို သွားပွတ်တံနှင့် ထိုးကာခနဲ့သည် … လက်များ နာကျင်ကျိန်းစပ်လာသည်။ အသက်ရှုမဝတော့လျှင် သောအုံဖျက်ထားသည့် အပေါက်မှ လေရှုရသည်။ ခါးကိုင်း၍ လုပ်နေရသဖြင့် ခါးလည်း နာလာပြီ။

သွားပွတ်တံ နှစ်ချောင်းနဲ့ ထိုးသွင်းပြီး ခနဲ့ယူတော့ မောင်တံကို ငုံထားသည် အုံ လှုပ်လာပြီး နည်းနည်း ထွက်လာသည်။ တစ်ဝက်က ကျန်နေသေးသည်။ လက်အနာခံ အမျိုးမျိုး ခနဲ့ပြီးနောက် အားဖြင့် ဆွဲယူရာ ပွင့်သွားသည်။

******

လူသည် တချက်တည်း ပေါ့ပါးသွားသည်။ ခဏနေသော အခါ ပြိုင်းပြိုင်းကျ မောဟိုက်ရမှန်းသိသည်။ မနက်စာရော နေ့လည်စာပါ စားရသေးသည် မဟုတ်။ လက်နှစ်ဘက်လုံး နီရဲ ကျိန်းစပ်နေသည်။ ခါးကလည်း နာနေသည်။

အသက်ကြီးတဲ့သူတွေ၊ ကလေးတွေ၊ အလုံပိတ်အခန်းကြောက်သူတွေ ဘယ့်နှယ်နေကြမလဲ။ အပြင်က မသိလို့ လာမဖွင့်ပေးရင် သတိလစ် မေ့မျောသွားနိုင်သည်။ အပြင်ရောက်တော့ ညနေ ၄ နာရီထိုးပြီ။ ကျုပ်လည်း နောက် ၂ နာရီ ထပ်ကြာပြီး စုစုပေါင်း ၄ နာရီကျော်လာလျှင် အသက်ရှု ကြပ်လာနိုင်သည်။ အော်မရ ခေါ်မရ အခန်းထဲမှာ ….

တံခါးသော့အုံ၊ သွားပွတ်တံ နှစချောင်း၊ သောအုံထဲမှ စပရိန်များ ဖရိုဖရဲ … တကယ့် ငရဲအသေးစားပဲ။

ရေချိုးခန်းသည်လည်း ငရဲခန်းဖြစ်သွားနိုင်၏။

Advertisements

1 Comment

Filed under Essay, Experience

One response to “2 Hours in the Hell

  1. ပြောပါတယ်.. မိန်းမယူပါလို့…။ 😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s