Book Review: Wars, Guns and Votes

ပဋိပက္ခ၊ သေနတ်နှင့် မဲပြားများကြားက အမြည်းဖြစ်နေသော ဒီမိုကရေစီ

(Existence Media မှ)

ဖေခင် (ကလော)

(ယခုဖော်ပြပါဆောင်းပါးမှာ အောက်စဖို့ဒ်တက္ကသိုလ်၊ နိုင်ငံရေးနှင့် စီးပွားရေးလေ့လာမှုဌာနမှ ပရော်ဖက်ဆာ ပေါလ် ကိုလီယာ၏လက်ရာ ဂန္ထဝင်စာအုပ်တစ်ခုဟုဆိုအပ်သော Wars, Guns and Votes မှစိတ်ဝင်စားစရာ အပိုင်းအချို့ကို ကောက်နုတ်ကာ စာအုပ်အညွှန်းပုံစံဖြင့် တင်ဆက်ထား ခြင်းဖြစ်ပါသည်။ ကိုလီယာသည် မျက်မောက်ခေတ်ကာလ နိုင်ငံတကာ၌ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဟူသည့် အကြောင်းကိစ္စများကို အာပေါင်အာရင်းသန်သန် ပြောဆိုနေကြသူများတွင် အဆိုပါစနစ်ကို အမှန်တကယ်လိုလားမှု ရှိ၊မရှိ ဆန်းစစ်ထားပြီး ငါ့မြင်း ငါစိုင်းစနစ် ဖြစ်တည်နေရခြင်း၏ အကြောင်းအရင်းကို ယထာဘူတကျ ကျဝေဖန်ထားပါသည်။ နိုင်ငံရေးဘောဂဗေဒနှင့် အစစ်အမှန်နိုင်ငံရေးကို စိတ်ပါဝင်စားကြသူများ ကိုလီယာ၏ စာအုပ်ကို အာသီသတွေ့မည်ဟု ယူဆ မိပါသည်။)

မျက်မှောက်ခေတ်ကာလတွင် ကိုယ့်ကိုယ်ကို လေးစားသော မည်သည့်နိုင်ငံအစိုးရမဆို ဒီမိုကရေစီနည်းလမ်းတကျ တရားဝင်ဖြစ်မှုမပါရှိဘဲ ကမ္ဘာ့ဇာတ်ခုံပေါ်သို့ ရင်ဘတ်ကော့၍ တက်ဝံ့ကြလိမ့်မည်မဟုတ်ပေ။ ရွေးကောက်ပွဲဟူသော အကြောင်းအရာမှာလည်း အားနာပါးနာဖြင့် ထည့်သွင်းနေရသော နိုင်ငံရေး အာဂျင်ဒါတစ်ခုအသွင် ဆောင်လာပါသည်။ ကမ္ဘာ့နိုင်ငံ အတော်များများ၏ အန္တိမရည်မှန်းချက်မှာ ဒီမိုကရေစီစနစ်ဟု ပြော၍ရသော်လည်း အမှန်တကယ် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်သူဦးရေမှာ လက်ချိုးရေတွက်၍ပင် မရသေးပေ။ ဒီမိုကရေစီဟူသောစနစ်ကို အပိုင်သိမ်းကျုံးယူနိုင်ဖို့မဆိုထားနှင့် အမြည်းလောက်ပင်စားနိုင်သည့် အဆင့်သို့မရောက်သေးပေ။ ငါ့လှေငါထိုး ဘယ်ဆီရောက်ရောက်သဘောကို ဆောင်သည့် ရုရှားအဓိပတိ ဗလာဒီမာပူတင်၊ ဇင်ဘာဘွေခေါင်းဆောင် ရောဘတ် မူဂါဘီ၊ အီသီရိုးပီးယားသမ္မတ မီလိစ် ဇီနာဝီ၊ ဥဇဘက်ကစ္စတန်သမ္မတ အစ်လမ်ကာရီမော့ဗ်၊ နိုက်ဂျီးရီးယားခေါင်းဆောင် အူမာရူယာအူဒါ နှင့် ကင်ညာ သမ္မတ မာဝီကီဘာနီ တို့မှာ ဒီမိုကရေစီဟူသော ခေါင်းစဉ်ကို ကောင်းစွာ သဘောပေါက်နားလည်သူများဖြစ်သလို အဆိုပါစနစ်ကို အမြည်းတစ်ခုအဖြစ်ကောင်းစွာ ချကျွေးတတ်သူ များလည်းဖြစ်ပါသည်။ (မှတ်ချက်- တရုတ်ပြည်ကို ထည့်သွင်းထားခြင်းမရှိ သည်မှာ ထူးခြားပါသည်။) သူတို့ အားလုံးတွင် ပဋိပက္ခဖန်တီးပြီး ငြိမ်းချမ်းမှုနှင့် မဲရုံများကိုဖန်တီးတည် ဆောက်နိုင်သည့် အရည်အချင်းရှိပါသည်။

မည်သည့်အကြောင်းကြောင့် ဤသို့ဖြစ်ရသနည်း။ အဖြေမှာ ရှင်းပါသည်။ သူတို့ ကိုယ်တိုင်ကိုနှိုက်က ဒီမိုကရေစီနှင့်ပတ်သက်ပြီး အစွဲမကင်း၍ဖြစ်သည်။ ဒီမိုကရေစီ ကျင့်ကြံခြင်းသည် အနောက်ကမ္ဘာ၏ ခြေရာလိုက်နင်းမှုတစ်ခုအဖြစ် တရားသေမှတ်ယူထားသောကြောင့် ဖြစ်ဟန်ရှိပါသည်။ သို့သော် သူတို့တွင် ဒီမိုကရေစီကို ထုံးလိုမွှေရေလိုနှောက်ထားသည့် ပုံစံမျိုး ဖမ်းနိုင်သည့် စွမ်းရည်ရှိကြသည်။ သို့အတွက်ကြောင့် ဒီမိုကရေစီဆန်သည်၊ မဆန်သည်။ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ ခိုင်မာတောင့်တင်းသော အရပ်ဘက်လူ့အဖွဲ့အစည်း၊ တရားဥပဒေ စည်းမျည်းစည်းကမ်း၊ လွတ်လပ်မျှတပွင့်လင်းသော မဲရေတွက်သည့်စနစ်များ ရှိသည်၊ မရှိသည် အသာထား။ ဒီမိုကရေစီမ ပါလျှင် လူရာမဝင်သည့်ခေတ်ကြီး ဖြစ်နေသောကြောင့် ရွေးကောက်ပွဲများ၊ မဲရုံများ မကြာခဏ ဖန်တီးပေးကြခြင်းဖြစ်သည်။ အကျိုးဆက်က ဘာဖြစ်မည်နည်း။ အဆိုပါနိုင်ငံများမှ ပြည်သူများ ကိုယ်လိုချင်သောခေါင်းဆောင် ကိုယ်ရွေးလို့မရသည့် အဖြစ်မျိုးနှင့်ကြုံတွေ့ရပြီး နောက်ဆုံးတွင် ပဋိပက္ခများ၊ မပြေ လည်မှုများဖြင့်သာ သံသရာလည်ကြရသည်ကိုတွေ့ရသည်။

အဆိုပါသံသရာကို စာရေးသူ ကိုလီယာက “ဒီမိုကရေစီ ရေလိုက်လွဲ နိုင်ငံရေး အဆိုးကျော့သံသရာ” ဟု တင်စားခေါ်ဆိုသည်။ ဆိုလိုသည်မှာ အဆိုပါ နိုင်ငံအစိုးရများက ဒီမိုကရေစီ သဘောတရားကို အမှန်တကယ်နားလည် သဘောပေါက်သော်လည်း အမေရိကန်နှင့် အနောက်ကမ္ဘာဟူ သော အမှတ်တံဆိပ်ကပ်နေသောကြောင့် ပြည်သူနှင့် ခေါင်းဆောင်အစိုးရအကြား စစ်မှန်သောပေါင်းစည်းမှု မဖန်တီးနိုင်ခြင်းဖြစ်ပါသည်။ သို့သော် ရွေးကောက်တင်မြှောက်ပွဲနှင့် မဲရုံဟူ သော အကြောင်းအရာများက ရှိမြဲရှိနေ ဆဲပင်။ “တိုင်းရင်းသားမျိုးနွယ်စုများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ အပြန်အလှန် ထိန်းညှိနိုင်သောစနစ်များ၊ သဘာဝ သံယံဇာတရင်းမြစ်များ ကိုကာကွယ်နိုင်သည့် အစီအမံများ မရှိလေ၊ အစိုးရနှင့် ပြည်သူအကြား ကွာဟမှုကြီးမားလေသာဖြစ်သည်။ နိုင်ငံရေးဇာတ်ခုံပေါ်တက်ရန် ကြိုးပမ်းမှုဟူသည် သေရေးရှင်ရေးတမျှဖြစ်သည့် ရုန်းကန်မှုမျိုးဖြစ်လာသည်” ဟု စာရေးသူက ကောက်ကြောင်းဆွဲသည်။ ကိုလီယာ၏ သုတေသနပြုလုပ်ချက်အရ ရွေးကောက်ပွဲကိစ္စသည် နိုင်ငံရေးသမားများအတွက် ပဋိပက္ခပြေလည်စေမည့် ထွက်ပေါက်တစ်ခုအသွင် မဆောင်ဘဲ ရန်ငြိုးမီးပွား တစ်ခုသဖွယ်ဖြစ် နေသည်။ ရွေးကောက်ပွဲသည် နိုင်ငံနှင့်ပြည်သူလူထု၏ လူမှုစီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်ရာ လမ်းတစ်ခုဖြစ်ရမည့်အစား အုံကြွမှုများနှင့့်် ရန်မီးစများကို လောင်စာကျွေး နေသည့် အင်ဂျင်တစ်ခုသဖွယ်ဖြစ် နေသည်ကိုတွေ့ရသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းသော နိုင်ငံ အတော်များများကိုကြည့်ပါ။ ဥပမာ – ကွန်မြူနစ်စနစ်လွန် ဥရောပနိုင်ငံများ၊ ပါကစ္စတန်အပါအဝင် အရှနိုင်ငံများ၌ ရွေးကောက်ပွဲနှင့် ပြည်တွင်ရေး မတည်ငြိမ်မှုတို့မှာ တစ်လှည့်စီဖြစ်ပွားနေပါသည်။

Paul Collier

“ရွေးကောက်တင်မြှောက်ပွဲ ပြီးသည်နှင့် ဆူပူအုံကြွမှုဖြစ်၊ ဆူပူအုံကြွမှုပြီးသည်နှင့် ရွေးကောက်ပွဲ ပြန်လုပ်” ဟု စာရေးသူ ကိုလီယာက ရှုပ်ထွေးလွန်းသော စီးပွားရေးနှင့် လူမှုရေး ပဋိပက္ခ အခန်းတွင် ဖွင့်ဆိုသည်။ ခြောက်လှန့်မှု၊ ခြိမ်းခြောက်မှုတို့အောက်တွင် ရေငုံနှုတ်ပိတ်အောင် မြင်စွာ ပြီးဆုံးသွားသော မဲရုံများကို ကြည့်ရသည်မှာ ဒီမိုကရေစီကို မြည်းနေသည့် အလားထင်မှတ်ရသည်ဟု စာရေးသူက ရုရှားအပါအဝင် ကွန်မြူနစ်လွန် ဥရောပနိုင်ငံများကို ခိုင်းနှိုင်းရေးသားသည်။ ရလဒ်က အဘယ်နည်း။

အမြည်းဆိုမှတော့ အမှန်တကယ်စားသုံးခွင့် မည်သို့မျှ မရှိနိုင်ပေ။ ထို့ကြောင့် နောက်ဆက်တွဲမှာ အရည် အသွေးညံ့ဖျင်းသော အုပ်ချုပ်ရေးအစိုးရများသာ ဥမှအကောင်ပေါက်လာလေတော့သည်။ မဲဆွယ်မှုများနှင့် ပတ်သက်၍လည်း ကိုလီယာက နိုင်ငံရေးသမားများကို ကောင်းကောင်း တွယ်ထား သေးသည်။ “နိုင်ငံရေးသမားတွေ ပေးတဲ့ကတိသစ္စာ၊ ဘယ်တော့မှ မယုံရပါ” ဟုခပ်ပြတ်ပြတ် ဝေ ဖန်သည်။ အမြည်းကျွေးသောစနစ် ထွန်းကားသည့် ဝန်းကျင်တွင်ပြုလုပ်သော မဲဆွယ်မှုများမှ မက်လုံးများသာ ထွက်ပေါ်သည်ကများပါသည်။ အစပထမပိုင်းတွင် နိုင်ငံနှင့်ပြည်သူ့အတွက် ဟု မည်မျှပင်ဆိုလေသော်ငြား နောက်ပိုင်းမှာ နိုင်ငံရေးသမားအချင်းချင်း၊ ပါတီအချင်းချင်း အားပြိုင်မှု ကိုသာ ဦးတည်ကြတော့သည်။ လူမျိုးစုံ ဘာသာစုံ ရောထွေးနေထိုင်လျက်ရှိသော နိုင်ငံများတွင် တိုင်းရင်းသားလူနည်းစုများအပေါ် အသိအမှတ်ပြုခြင်း၊ မပြုခြင်းဟူသော ကိစ္စမှာ လွန် စွာအရေးကြီးသည်။ နိုင်ငံရေးသမားများသည် တိုင်းရင်းသာလူနည်းစု (Ethnic Minority) များ၏ အခွင့်အရေး နှင့်ပတ်သက်၍ မက်လုံးပေးစည်းရုံးနိုင်မှု စွမ်းရည်လွန်စွာနည်းပါသည်ဟု ကိုလီယာက ဆိုပြီး ရွေးကောက်ပွဲများ အကြောင်းကို အောက်ပါအတိုင်းရှင်း ပြသည်။

“အကယ်၍ရွေးကောက်ပွဲ တစ်ခုတွင် မဲပေးသူများကသာ ပါတီစွဲ၊ အစိုးရစွဲမရှိဘဲ လူမျိုးရေး၊ အမျိုး သားရေး သစ္စာရှိမှုဟူသောစိတ်ဖြင် မဲပေးကြပါက ပါတီခေါင်းဆောင်များ၏ မက်လုံးပေးမှုမှာ ပို၍ပင် မရှိသလောက်ဖြစ်လာပေလိမ့်မည်။ မဲပေးသူများ မဲရုံတွင် စုဝေးကြရုံသက်သက်ဖြင့် ဒီမိုကရေစီရှိသည်ဟူသော သဘောကို သက်ရောက်သွားပေလိမ့်မည်။ ရွေးကောက်ပွဲတိုင်းလိုလို အမျိုးသားရေးလက္ခာ ကိစ္စက လွန်စွာလွှမ်းမိုးထားသည်ကို တွေ့ရသည်။ ထိုကိစ္စကြောင့်ပင် မဲပေးမှုဟူသည် အမျိုးသားရေး သဘောထားထုတ်ဖော်သည့် ပွဲတစ်ခု အသွင်ဆောင်နေခြင်းဖြစ်သည်။ အရှင်းဆုံးပြောရလျှင် မဲပေးမှုသည် ဘောလုံးသမားများ မိမိဘယ်အသင်းက ဖြစ်သည်ကို အသင်းဝတ်စုံဝတ်ပြသည့် ပုံစံမျိုးဖြစ်နေသည်။ တိုင်းပြည်အတွက် စွမ်းဆောင်ရည်ရှိသော အစိုးရတစ်ခု ထွက်ပေါ်ရေးအတွက် မဲပေးနေခြင်း ဖြစ်သည်ဟူသော ယုံကြည်ချက်ပျောက် နေသည့် သဘောသို့သက်ရောက်နေသည်။ အခြားတစ်ဖက်ကိုကြည့်လျှင်လည်း ရွေးကောက်ပွဲများပြုလုပ်သည့် နိုင်ငံ ၁၀ နိုင်ငံတွင် ကိုးနိုင်ငံလောက်မှာ ပွင့်ပွင့်လင်းလင်း သတင်းဖော်ပြ ရေးသာနိုင်သော မီဒီယာအခန်းကဏ္ဍ ပျောက်နေကြသည်က များသည်။ သို့အတွက်ကြောင့် နိုင်ငံသားများမှာ မိမိတို့ မဲပေးမည့်ပါတီမှ နိုင်ငံရေးသမားများ ဘယ်လောက်ကောင်းသည်၊ ဆိုးသည်ကို ဂဃဏန သိခွင့်မရှိကြပေ” အဆိုပါနိုင်ငံများကို ကိုလီယာက “အောက်ဆုံးက ဘီလျံများ” ဟု ခေါ်ဆိုသည်။ ဆင်းရဲပြီး ဖွံ့ဖြိုးမှုနောက်ကျသော တတိယကမ္ဘာ့နိုင်ငံများကို ဆိုလိုခြင်းဖြစ်ပါသည်။

တိုင်းရင်းသားမျိုးနွယ်စုကိစ္စ၊ လူမျိုးရေးကိစ္စ နှင့်ဆက်နွှယ်သော ပဋိပက္ခများပြေလည်ရေးအတွက် နိုင်ငံရေးသမားများ လုပ်ဆောင်ရမည်မှာ တိုင်းရင်းသားများ၏ အမျိုးသားရေးစရိုက်လက္ခာဏာကို တစ်တိုင်းပြည်လုံး၏ အမျိုးသားရေးလက္ခဏာနေရာသို့ အစားထိုး ထည့်သွင်းပြီး ဒီမိုကရေစီကို ဖော်ဆောင်သွားရန်ဖြစ်ပါသည်။ သို့အတွက် လူမျိုးစုံ၊ ဘာသာစုံ စုဝေးနေထိုင်သော နိုင်ငံများတွင် လိုအပ်သည်မှာ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားရေးစရိုက်လက္ခဏာ တည်ဆောက်ရေးကို တစ်ပြေးညီ အကောင်အထည်ဖော်နိုင်သည့် အမြင်ရှိသော ခေါင်းဆောင်များပင်ဖြစ်ပါသည်။ တိုင်းရင်းသား လူနည်းစုများ ခွဲထွက်ရေးတောင်းဆိုမှု၊ လက်နက်ကိုင် ပုန်ကန်မှု၊ ပြည်တွင်းစစ်ဖြစ်ပွားမှု နှင့် ဂျီနိုဆိုက်ခေါ် လူမျိုးဖြုတ် သတ်ဖြတ်မှုတို့မှာ ဆိုခဲ့ပါ အမျိုးသားရေး လက္ခဏာကို ကောင်းစွာတည်ဆောက် ထားသိုနိုင်သော ခေါင်းဆောင်များ မရှိသောကြောင့်ဖြစ်သည်။ ထို့ပြင်စာ ရေးသူ၏ သုတေသနပြုချက်တစ်ရပ်ကိုလည်း စိတ်ဝင်စား ဖွယ်တွေ့ရသည်။ ရွေးကောက်ပွဲ – စစ်တပ် အာဏာသိမ်းပိုက်မှု တစ်လှည့်စီဖြစ်ပေါ်နေခြင်းအပေါ် သုတေသနပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အကယ်၍ အစိုးရများတွင် တာဝန်ခံမှု မရှိခဲ့ပါက ရွေးကောက်ပွဲမဲဆွယ်မှု၊ မဲရေတွက်မှုတို့မှာ မည်သို့မျှ ဒီမိုကရေစီနည်းလမ်းတကျ ဖြစ်လာမည်မဟုတ် ဟုဆိုသည်။ ထို့ကြောင့် ယခုအခါ အနောက်ကမ္ဘာနိုင်ငံများက လွပ်လပ်ပြီး တရားမျှတမှုမရှိသော နိုင်ငံများတွင် စစ်တပ်အာဏာသိမ်းပိုက်မှု ပြုလုပ်ခြင်းကို လက်သင့်ခံမည်ဟု ထုတ်ဖော်ကြေညာလာခြင်းဖြစ်သည် ဟု စစ်တပ်နှင့် ရွေးကောက်ပွဲ အခန်းတွင် စာရေးသူ ကဖော်ပြထားသည်။ ဤသို့သော အခြေအနေက တိုင်းပြည်ခေါင်းဆောင်များအနေဖြင့် အဓိပ္ပာယ်ပြည့်ဝသော မဲပေး သည့်စနစ် လုပ်ပေးနိုင်အောင် မက်လုံးတစ်ခုဖြစ်လာနိုင်ပါသည်။ သို့သော် စစ်တပ် အာဏာသိမ်းပိုက်မှုများကြောင့် သွေးထွက်သံယိုမှုများ ထွက်ပေါ်လာနိုင်သည်ကို သတိပြုသင့်သည်။ ဆူဒန်နိုင်ငံ၊ ဒါဖာဒေသ မှ လူမျိုးဖြုတ်သတ်ဖြတ်မှုများသည် အာဏာသိမ်းပိုက်မှု၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်ဟု စာရေးသူက ဥပမာပေးထားပါသည်။

နိဂုံးချုပ်အားဖြင့်ဆိုရလျှင် ကိုလီယာ၏ ယခုနောက်ဆုံးထွက်သောစာအုပ်မှာ နိုင်ငံတကာဆက်ဆံရေး၊ စစ်ရေး၊ လူမျိုးစုအရေး၊ ဒီမိုကရေစီအရေးတို့နှင့်ပတ်သက်ပြီး စူးရှထက်မြက်သော အတွေးအမြင်များပါ ရှိသည်။ အမျိုးသားရေး၊ အချုပ်အချာ အာဏာပိုင်စိုးရေးနှင့် စစ်ရေးအင် အားဟူသော အကြောင်းအရာများက ၂၁ ရာစု ကမ္ဘာ့နိုင်ငံအများစု၏ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီစနစ်ကို မည်မျှအတိုင်းအတာအထိ ယိုင်နဲ့အောင်လုပ်နိုင်စွမ်းရှိသည်ကို ကောင်းစွာတွေ့မြင်ရပါသည်။ ဒီမိုကရေစီကို အမြည်းသဘောထက် ပို၍ခံစားခွင့် ရရှိနိုင်ရေးမှာ စစ်ပွဲများ၊ သေနတ်များနှင့် မဲပြားများကြားတွင်သာ ရှာရလိမ့်မည်ဟု စာရေးသူ ကိုလီယာက နိဂုံးချုပ်ထားပါသည်။

ဖေခင် (ကလော)

Ref: Wars, Guns and Votes by Paul Collier

Advertisements

5 Comments

Filed under Book Review, Politics

5 responses to “Book Review: Wars, Guns and Votes

  1. ဒီဆောင်းပါဟာ အချို့သော ပြည်သူ ပြည်သား(မြန်မာပြည်သူ/ပြည်သား)များ “ဒီမိုကရေစီ….ဒီမိုကရေစီ …”ဟု အော်နေကြခြင်းရဲ့ အခြားတဘက် ဖြစ်လို့ သဘောကျပါတယ် ခင်ဗျာ…။း)
    ဘာကို ဘယ်လို ပြောရမှန်းတော့ မသိပါဘူး.။(လမ်းဘေးက လူမို့ပါ)
    ဦးသင်ကာလို လူတယောက် အနေနှင့် ဒီမိုကရေစီ ဆိုသော လူများ အကြားက ထို ဒီမိုကရေစီဆိုသော အယိုင်ကို မြန်မာ့ နိုင်ငံ အရေး နှင့် ဆက်စပ် ချိန်ထိုးပြီး တခုခု ရေုးသား ဖြန့်ဝေဖို့ တိုက်တွန်း ချင်တယ်ဗျာ…။း)
    ကျွန်တော့် အနေနှင့် ကတော့ ဒီမိုကရေစီမှ မဟုတ်ပါဘူး..။ ပြည်သူလူထုအားလုံးနဲ့ အံဝင် ခွင်ကျပြီး တိုးတက်တဲ့ အယူအဆ တခုကိုပဲ မျှော်လင့်ပါမိပါတယ်..။
    ခု 2010 မှာ တပ်မတော် အစိုးရ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ဆိုတာကလည်း….အားလုံး သိပြီးတဲ့ အတိုင်းမို့…..

    လောလောဆယ်တော့ ပြည်သူတွေ အားလုံး မွဲပြာကျနေတယ် ဆိုတာ…………
    ကျွန်တော်တို့ ဘာကိုမှ မမျှော်လင့်ချင်ပါဘူး…။ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြစ်ချင်ကြတယ်….ဆိုတာ..ပါပဲ….။ ဦးသင်ကာရေ…..တကယ်ပါပဲ ခင်ဗျာ…..ပြောစရာတွေ တပုံတပင်ပါပဲ….။ ဒီဆောင်းပါး အတွက် ကျေးဇူးတင်မိပါတယ်……း)

  2. အဟေး … အချွန်နဲ့ မ တာလားဗျာ၊ ရေးဖို့ရာ မစွမ်းနိုင်ပါဘူး။ ကိုယ်လည်း လမ်းဘေးက လူမို့ပါပဲ။

  3. စာတွေဖတ်မရပါဘူးရှင်
    ဖတ်ချင်လိုက်တာ

  4. အထက်ကပြောသွားတဲ့( မြား ) တေဇာအောင်
    ရေးတဲ့ ကွန်မန်းဖတ်ပြီး။
    ကိုသင်ကာရေးတဲ့ ဆောင်းပါးကို ပိုဖတ်ချင်နေမိတယ်။
    ဟိုတုံးက လာလည်ရင် ဖတ်လို့ရတယ် အခု ဖတ်မရတော့ဘူး။
    တခုခုလုပ်ပေးပါရှင်။
    နန်းက သုတ တွေ စုဆောင်းစာတမ်းပြုနေလို့ပါ။
    ကျေးဇူးတင်ပါတယ်။

  5. ကို Thicker ပို့စ်ကို ဇော်ဂျီနဲ့တင်ပါလား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s