Para Lawka (2)- Nanabawa and their Weight

နာနာဘာဝနှင့် အလေးချိန်

ဒီနေ့ သတင်းဖတ်ရင်း အောက်ပါ သတင်းတိုလေးကို နိရဉ္စရာသတင်းဆိုဒ်တွင် ဖတ်မိသည်။ စစ်တွေတွင် သင်္ချိုင်းရွှေ့သည့် သတင်းဖြစ်သည်။

ရင်းမြစ် - နိရဉ္စရာသတင်း

နာနာဘာဝများသည် သူတို့ ကုသိုလ်အနည်းအများအလိုက် တန်ခိုးအဆင့်အတန်းရှိကြသည်ဟု ကျမ်းဂန်များက ဆိုသည်။ အချို့က အိမ်မက်ပေးနိုင်သည်၊ အချို့က အသံပြုနိုင်သည်၊ အချို့က ကိုယ်ထင်ပြနိုင်သည်။ ဆရာမကြီးကြည်ဦး၏ “ထူးဆန်းအံ့ဖွယ် ပရနယ်”စာအုပ်၌ ကိုယ်ထင်ပြသည့် ပရလောကသားများအကြောင်း ပါသည်။

ထို့အပြင် ကြားဖူးသလောက်အရ သူတို့တွင် အလေးချိန်ရှိလိုက ရှိနိုင်သည်ဟု ဆိုနိုင်မည် ထင်သည်။ ကျိုက္ကဆံသင်္ချိုင်းရွှေ့စဉ်က ကိုယ်တွေ့ကြုံသူများ ပြောပြဖူး၍ ဖြစ်သည်။

သင်္ကန်းကျွန်းမြို့နယ်ဘက်က ယမန်နှစ်က လေလံတင်လိုက်သည့် ဝက်တစ်ပျက်သာ ပြီးသေးသည့် အမျိုးသားစာကြည့်တိုက် အဆောက်အဦ နေရာသည် ဟိုးယခင်က ကျိုက္ကဆံ သင်္ချိုင်းနေရာ ဖြစ်သည်။ ကျိုက္ကဆံ သင်္ချိုင်းရွှေ့စဉ် ကျနော်တို့မိသားစုသည် တပ်ရင်း (၃) တွင် နေသည်။ သင်္ချိုင်း ရွှေ့တော့ အနီးဆုံးစစ်တပ်ဖြစ်သည့် တပ်ရင်း (၃) က စစ်ကားတွေက လုပ်အားပေးရသည်။ အလုပ်က နှစ်ခုဟု မှတ်မိသည်။ တစ်ခုက အုတ်ဂူများဖြိုထားသည်ကို ကားနှင့် တိုက်ရခြင်းဖြစ်ပြီး နောက်တစ်ခုက သရဲ တစ္ဆေများကို ရွှေ့ပြောင်းပေးရခြင်းဖြစ်သည်။ ထိုသို့ရွှေ့ပြောင်းရာတွင် ကားမောင်းပေးရသည့် စစ်သားကြီးတွေက သူတို့ အတွေ့အကြုံကို ပြန်ပြောကြသည်။

သရဲ တစ္ဆေများကိုပါ ရွှေ့ရမည်ဆိုတော့ စစ်ကားမောင်းသူတွေက ရယ်ကြသည်။ ဘာမှမမြင်ရ ဘာမှမပါဘဲ ကားလျှောက်မောင်းရတာလောက်ပဲ ရှိမည်ဟု သူတို့ ထင်ခဲ့ကြသည်။ ကားစက်နိုးပြီး “တက်ကြဟေ့” ဟု ခေါ်လိုက်ရာ ကျွီ ဆို တန်ချိန်တွေများပြီး လေးတွေ ညွှတ်ကုန်ကာ ကားမရုန်းနိုင်၍ ကားသမားက ကပြာကယာဆင်းကာ လေးကို ကြည့်တော့ အိုဗာဝိတ်ဖြစ်နေတာ သိရသည်။ အဲဒါနဲ့ “ဟ ဝိတ်များတယ် တစ်ဝက်ပြန်ဆင်း” ဆိုမှ ကားက ထွက်လို့ရသည်ဟု ဆိုသည်။ အဲလို အလေးအပေါ့ကြည့်ကာ ရွှေ့ပေးရသည်ဟု ပြန်ပြောကြသည်။

အဆိုပါ တပ်ရင်း (၃) သည် ယခင်က တိုးကြောင်လေး၊ ယခု ဒဂုံတောင်ထဲတွင် ရှိသည်။ လွန်ခဲ့သည့် အနှစ် ၂၀ က အတော်ပင် ခေါင်သော နေရာဖြစ်ပြီး တပ်တည်စဉ်က မြေအလွန်ကြမ်းသည်ဟု ဆိုသည်။ ကျနော်သိတတ်စတွင်ပင် ညမိုးချုပ်ချိန် သားစိမ်းငါးစိမ်းသယ်၍ အပြင်မသွားဝံ့ကြပေ။ တပ်အိမ်ထောင်စုများသည် တစ်စုနှင့်တစ်စု အတန်ငယ် ဝေးသည်။ ညပင် အမဲသား ဝက်သားတွဲ ဆွဲ၍ အိမ်ပြန်သူများ လိုက်ဆွဲခံရ၍ ပစ်ချကာ ပြေးရသည်က များသည်။ ငါးကန် ဝက်ခြံများသည် တပ်အပြင်ဘက်ကျကျတွင် ရှိရာ တခါ၌ ညနေစောင်း ဝက်စာထွက်ကျွေးသော မိန်းမတွင် အပမှီကာ ပူးကပ်လေသည်။ အလွန်ပင် သောင်းကျန်းရာ စစ်သားယောက်ျားကြီး လေး ငါးယောက် ချုပ်၍ မနိုင်ပေ။ တပ်ထဲမှာလည်း ရွှေရင်ကျော်ဂိုဏ်းဝင်တို့ ဘာတို့ရှိ၏။ သူတို့နှင့်ပင့်ကာ ကုရသည်ကို ကြုံရဖူးသည်။

ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် နာနာဘာဝ ပူးကပ်သည့်ဗိုလ်လောင်းက တီး၍ စီနီယာများ ဂျွမ်းပြန်၊ ထိပ်ကွဲ ဖြစ်ကုန်သည်ကို ဖိုးတရုတ်ကြီး၏ ဘလော့ဂ်မှာ ရေးထားသည်ကို ဖတ်နိုင်ပါသည်။

(ဆက်ရန်)

သင်ကာ

ဇန်နဝါရီ ၂၀၁၀

Advertisements

6 Comments

Filed under Article, Experience

6 responses to “Para Lawka (2)- Nanabawa and their Weight

  1. ဦးသင်ကာ လိုင်းပူးကြည့်တာလား…ဗျ…..။း)

  2. ကြည့်ပါ … နောက်ပိုင်း လာမယ်။ ပရလောက ရှိမရှိဆိုတာတွေ ဆက်စပ်တွေးကြဖို့ပါ။

  3. အလားတူ အဖြစ်အပျက်ကလေးမျိုး မန္တလေးမြို့ မှာရှိတဲ့ သင်္ချိုင်းကို မတ္တရာမြို့ကို ရွှေ့စဉ်က အဖြစ်အပျက်နဲ့ တူနေပါတယ်။ မယုံရခက် ယုံရခက်ပဲလေနော်။

  4. Indrew

    psychosis ဖြစ်ပြီး ထထိုးတာလည်း ဖြစ်ချင်ဖြစ်မပေါ့။ နာနာဘာဝတွေ ဘာတွေရှိတာတော့ ယုံပေမဲ့ ပူးတာတွေ နားရင်းရိုက်တာတွေတော့ ကိုယ်တွေ့မဟုတ်တော့ မယုံသေးဘူးဗျ။ မယုံရင် အမဲသားတွဲယူပြီး စမ်းကြည့်ပါလားဆိုတော့လည်း အဲလိုတော့လည်း မစမ်းရဲပြန်ဘူး။ ဟားဟား…

  5. သူတို့တွေမှာ ခရီးသွားရင် လူတွေလိုပဲ ယာဉ်တခုခုလိုသလား။ ဆိုလိုတာက လူသွားနှုန်းနဲ့ပဲ ခြေလျင်သွားလို့ရတာလား။ ပရလောက ကဆိုတော့ လူထက်တော့ အလျင်ပိုမလား တွေးမိလို့ပါ။ (ပေါက်ကရ လျှောက်တွေးခြင်းသာ)

  6. Indrew @ နောက်တစ်ပုဒ်မှာ ကျနော်ကိုယ်တွေ့ကြုံပြီး တုန်လှုပ်ရ စိတ်ထိခိုက်ခဲ့ရတဲ့ “ဝင်ပူး” တဲ့ အကြောင်း ရေးပါမယ်ဗျာ။ ပူးတယ် ကပ်တယ်ဆိုတာ ဆိုက်ကို တစ်မျိုးလို့ ခင်ဗျားလိုပဲ ကျုပ်ယူဆခဲ့ဖူးပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s