(၁)
နောက်တစ်နှစ် ရောက်ပြန်ချေဦးတော့မည်။ ဖြတ်သန်းနေဆဲမှာတော့ မသိသာ။ နှစ်ကုန်သွားတော့ မြန်တယ် ထင်မိပြန်သည်။
ယခုနှစ်ကုန် ဒီဇင်ဘာသည် ပျော်စရာကောင်းလှသည်မထင်။ ပျော်မည်ဟုလည်း မည်သည့်နှစ်ကမှ အားခဲမထား။ (မြန်မာနှစ်သစ်ကူးမှာတော့ ပျော်ပါသည်။) ယခုလပိုင်းများ၌ ဘယ်မှမသွား၊ မလိုအပ်ဘဲ ဘယ်သူနဲ့မှ မတွေ့၊ ဘာမှမပြောပေါ်လစီဖြင့် တစ်ကိုယ်တော်ဝါဒကျင့်သုံးနေသည်။ အတော်ပင် စိတ်ချမ်းသာ၏။
ဘဝ၏ နောက်ထပ်လမ်းခွဲတစ်ခုသို့ ရောက်နေပြန်သည်။ ဒီတစ်ခါလည်း ဘာတွေ ဖြစ်လာဦးမယ်မသိ။
လောလောဆယ် အဆောင်မှာ ပိုက်ပြင်နေ၍ ကျော်သိင်္ခဆီ ရေသွားချိုးရသည်။
(၂)
ဒီဇင်ဘာမှာ အမေနေ့စာအုပ်ထုတ်ကြဦးမယ်လို့ ကိုရင်ညိန်းက ဆိုလာသည်။ အစကတော့ လုပ်မယ်ဆိုပြီး ကတိပေးလိုက်သည်။ တကယ်ပြန်ချိန်လိုက်တော့ မနှစ်က စာအုပ်ထုတ်တုန်းကလို မဟုတ်ပြီ။ ကျောင်းက ပြီးသလောက်ဖြစ်နေပြီ။ ရပ်တည်ဖို့ တစ်ခုခုလုပ်ရသည်။ သူများတိုင်းပြည်မှာ ဘော်ကြော့နေရအောင် ကိုယ့်မိဘက မချမ်းသာ။
ဒီကြားထဲမှာ အလုပ်ကိစ္စ ညှိရတာ၊ ဗီဇာကိစ္စ၊ ရှေ့ဆက် ကျောင်းတက်စရာကိစ္စ … အကုန်ခေါင်းရှုပ်စရာတွေချည်း။ ဒီတော့ အမေနေ့အတွက် ကဗျာလောက်သာ ကျေးဇူးပြုနိုင်တော့သည်။ (ကဗျာစာအုပ် ဘယ်တော့ထွက်မလဲ ကိုရင်ညိန်းကိုမေး။)
(၃)
ညက ဇွဲကောင်းကောင်းနဲ့ လျှပ်စာအုပ်တွေ ဒေါင်းလုဒ်ချသည်။ လေးနာရီမှာ အိပ်မပျော်။ အားနည်းနေသည်။ အားနည်းကြောင်း သိရပုံကား ရမ် ၂ ပက်သာ သောက်ရသေးသော်လည်း လည်ထွက်သွားကြောင်းတည်း။
(၄)
ရေခဲသေတ္တာထဲမှာ ခွက်ထဲကရေ ခဲနေအောင် ထည့်ထားသည်။ အဲဒီအပေါ် ရမ်ကို လောင်းထည့်သည်။ ခဏနေတော့ သွားကြည့်လိုက်တဲ့အခါ ရမ်ရဲ့ ပူပြင်းမှုက ရေခဲကို ထိုးခွဲထားသည်မှာ အလွန်လှသည်။ ကင်မရာအစုတ်ဖြင့် ရိုက်လေရာ စိတ်တိုင်းမကျ။ ကိုမောင်လှတို့၊ ကိုသခင်ကြီးတို့၊ အောင်ဘာလေတို့၊ ကိုရဲလွင်ဦးတို့၊ ညီမင်းစံတို့ကင်မရာတွေနဲ့များ နှိပ်လိုက်ရ အလွန်ပြောင်မြောက်သော ပုံတစ်ပုံ ရနိုင်ကောင်းသည်။ အစုတ်ဖြင့် ရိုက်သောပုံ ဤမှာကြည့်။
(၅)
ရမ်တစ်ပုလင်းနှင့်အတူ ကိုစောညိန်း ရောက်လာသည်။ သူ့သီချင်းတွေကို ဆိုမည့် မန္တလေးသိန်းဇော်လည်းပါသည်။ (မန္တလေးသား ဘလော်ဂါတွေ မန္တလေးသိန်းဇော် အကြောင်းကျတော့ ပြောသံမကြား။)
သို့နှင့် ပြီးပြည့်စုံပြန်လေသော နေ့တစ်နေ့ ဖြစ်ပြန်ချေသည်။ ကျုပ်တို့ သေရမည်ဆိုသည်ကိုကား မမေ့အပ်။
သင်ကာ
ဒီဇင်ဘာ ၂၀၀၉