ထို ၂ ပုဒ်

(၁)

ဘလော်ဂါဒေးအတွက် အင်တာဗျူးတစ်ခု လာလုပ်သည်။ “ဘလော့ဂ်တွေကို မီဒီယာအဖြစ် သတ်မှတ်နိုင်မလား” ဟု မေးသည်။  မဆိုင်းမတွပင် သတ်မှတ်နိုင်ကြောင်း၊ New Media အဖြစ်ရော Citizen Journalist အဖြစ်ပါ အကျုံးဝင်ပါကြောင်း ဖြေလိုက်သည်။ မြန်မာမီဒီယာလောကတွင် ဘလော့ဂ် အသိုင်းအဝိုင်းသည်လည်း စိတ်အဆာမပြေသည့် လူငယ်များ၊ ပြည်ပရောက် အသိုင်းအဝိုင်းများအတွက် အရှိန်ကောင်းနေသော၊ ကြီးထွားနေသော အင်အားစုတစ်ခုအဖြစ် မြင်မိသည်။

(၂)

လစဉ်ထုတ် မဂ္ဂဇင်းများသာမက၊ ဂျာနယ်များပါ အဆန်းဆက် ဝတ္တု၊ ဆောင်းပါး ဖော်ပြသည့် ယဉ်ကျေးမှု ရှိသည်။ အချို့ဝတ္တုများမှာ တစ်လတစ်ခါ မျှော်ကာ မျှော်ကာ ဖတ်ရသည်။ ဆရာသိန်းဖေမြင့်၏ အရှေ့က နေဝန်းထွက်သည့်ပမာသည် နှစ်နှင့်ချီ၍ အခန်းဆက် ဖော်ပြခဲ့သော ဝတ္တုကြီးဖြစ်သည်။

ဤနှစ်အတွင်း ဘလော့ဂ်လောကတွင်လည်း လှုပ်သွားသော၊ လှုပ်နေဆဲသော အခန်းဆက် ကိုယ်တွေ့ဝတ္တုရှည် နှစ်ပုဒ် ရှိသည်။ မေငြိမ်း၏ “မြသီလာအလွမ်းပြေ” နှင့် မင်းဒင်၏ “မင်ဒင်ရဲ့ သက်ခိုင်” တို့ ဖြစ်သည်။ ဆရာမမေငြိမ်းက သူ့ဝတ္တုကို “ကျောင်းအမှတ်တရ”ဟု အညွှန်းထိုးသလို ကိုမင်းဒင်ကလည်း “မင်းဒင်ရဲ့ သက်ခိုင်”ဟုသာ အရှင်း အညွှန်းထိုးသည်။ နှစ်ခုစလုံးသည် ဝတ္တု၏သဘော ရသမြောက်သည်။ အထူခြားဆုံးမှာ သူတို့ နှစ်ဦးလုံး ခေတ်ပြိုင်သမိုင်းပေါ် ပြန်ထင်ဟပ်ထားခြင်း ဖြစ်ပြီး ထိုဟပ်ထင် မှုက ထိုခေတ်ကာလက ဖြတ်သန်းခဲ့သူများ၏ အတွေ့အကြုံများကို ပြန်နှိုးဆွပေးသလို မသိနိုးနားဖြတ်သန်းခဲ့ရသည့် မျိုးဆက်သစ်အတွက်လည်း အဖိုးတန် သင်ခန်းစာနှင့် ခေတ်၏ စပ်ကူးမတ်ကူးကို မျက်ခြေမပြတ်စေရန် ထောက်ကူပေးနိုင်ခဲ့သည်။ ထိုအချက်များထဲတွင် စာပေအရေးအသား နိုင်နင်းမှုကို အထွဋ်တင်လိုက်သောအခါ ခေတ်ပြိုင် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးကို မပြတ်စူးစမ်းနေသော၊ ပိုတိတိကျကျဆိုရလျှင် သိချင်မှု ဆာလောင်နေသူများ အဖို့ ပို့စ်တစ်ခုပြီး တစ်ခု စောင့်ကြည့်ရမည့် လက်ရာကောင်းများ ဖြစ်လာတော့သည် ဆိုချင်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် လက်တို့ပြီး စောင့်ကြည့်ရမည့် ပို့စ်များဖြစ်လာသည်။ ဟုတ်နိုးနိုးတို့သည်လည်း ထိုဝတ္တု နှစ်ခု၏ ကျေးဇူးဖြင့် ရှင်းတန်သလောက် ရှင်းသွားသည်။ (ပြည်တွင်းတွင် ဤလိုစာပေမျိုး ဖတ်ခွင့် မရနိုင်သေး။ တီးခေါက်ကြည့်သရွေ့ ပြည်တွင်းက စောင့်ဖတ်နေသည့် ပရိသတ်လည်း မနည်းမနောရှိသည်။)

(၃)

ဆရာမမေငြိမ်းက ပညာရေးနောက်ခံတွင် မိန်းမတစ်ယောက်၏ ရုန်းကန်ရခြင်းကို မီးမောင်းထိုးသွားသည်။ ကိုမင်းဒင်၏ သက်ခိုင်က စီးပွားရေးနောက်ခံတွင် ယောက်ျားတစ်ယောက်၏ လှုပ်ရှားမှုကို သရုပ်ခင်းသွားသည်။ နှစ်ဦးစလုံး ခေတ်ပြိုင်တစ်ခုကို တစ်ထောင့်ဆီမှ သရုပ်ဖော်သည်။ စစ်အာဏာရှင် ချောက်ထဲ ထိုးဆင်းခဲ့ရသော ခေတ်ကာကနောက်ခံတွင် နိုင်ငံရေး၊ လှုမှုရေးများနှင့် မိသားစုဘဝ၊ တစ်ကိုယ်ရေခံစားချက်များနှင့် ယက်ရှယ်လိုက်သော အခါ ရသမျိုးစုံပေးထားသော ဝတ္တုရှည်ကြီးများ ဖြစ်လာသည်။

(၄)

တစ်ခုစီ တစ်ခုစီသော ပို့စ်များ (သို့) အခန်းများ၌ ဇာတ်ကောင်များ၏ လောကဓံ နိမ့်မြင့်တွင် လွမ်းမောသူကမောသည်၊ အံ့သြသူက သြသည်၊ ခေတ်စနစ်ကို ဒေါသထွက်သူထွက်သည်၊ သံဝေဂယူသူယူသည်၊ နောက်ခံအချက်အလက်များတွင် ဗဟုသုတယူသူယူသည်၊ အမှန် ပြင်ဆင်ချက် ထုတ်သူ ထုတ်သည်၊ ဇာတ်သွားပေါ် ချီးမွမ်းသူ ချီးမွမ်းသည်၊ ကဲ့ရဲ့ ရှုတ်ချသူ ရှုတ်ချသည်။ ဤသို့ စာဖတ်သူ ရင်ထဲက လာသမျှ အချိန်မဆိုင်း သိနေရခြင်းသည်ပင်လျှင် မီဒီယာသစ် (New Media)၏ ကျေးဇူးဖြစ်သည်။ ပုံနှိပ်မီဒီယာ၊ အသံလွှင့်မီဒီယာများ၌ ရရန် ခက်လှပေသော တုံ့ပြန်မှုမျိုး။

စာရေးသူနှင့်စာဖတ်သူသည် ဝတ္တုထဲ၌လည်း ဆက်သွယ်၍ နေကြ၏၊ ဝတ္တုအပြင်သို့ ထွက်၍လည်း အပြန်အလှန် ခံစားမှုကို ယက်ရှယ်၍ နေကြ၏။ စာဖတ်သူသည် စာရေးသူ၏ လက်ကို တွန်းထိုးသလို၊ စာရေးသူသည်လည်း စာဖတ်သူအသံကို နားစွင့်ထားသည်။ရေးဆဲ၌ ဆရာမမေငြိမ်းသည် တွေဝေသလို ကိုမင်းဒင်သည်လည်း သူ၏ သက်ခိုင်နှင့် အငြင်းပွား၍ နေသည်။ ရေးမည်ဟုလည်း ဖြစ်ကြသည်၊ မဖြစ်သေးဘူး ထားခဲ့မှဟုလည်း ငြင်းကြသည်။ မေငြိမ်းသည်လည်း စာရေးသူဘက်က ကိုယ်စားလှယ်မေငြိမ်းနှင့် စာရေးသူ မေငြိမ်းတို့ လွန်ဆွဲသည်။ မင်းဒင်သည်လည်း သူ့ကိုယ်ပွား သက်ခိုင်နှင့် ပြစ်တင်စောကြောနေသည်။ ဤသည်မှာ အိုင်တီမှတဆင့်သွားသော စာပေ၏ ပတ်ဝန်းကျင်သစ် ဖြစ်သည်။ ဤသည်မှာ မီဒီယာသစ်အမျိုးအစားထဲ၌ အကျုံးဝင်သော ဘလော့ဂ်ပေါ် တင်ရေးခြင်း (Blogging) ၏ အခြားမီဒီယာများနှင့် မတူသော စာရေးသူ စာဖတ်သူ ဆက်ဆံရေးဖြစ်သည်။ တနည်းအားဖြင့် စာပေဆက်ဆံရေးသစ်တစ်ရပ်သည် ပေါ်နေ၏။

(၅)

ခေတ်ပြိုင် ဖြတ်သန်းမှု အပေါ် ပြတ်တောင်းပြတ်တောင်း ရေးကြသည်များ ရှိသော်လည်း ဆက်စပ်မှုအားနည်းခြင်းကြောင့်လည်းကောင်း၊ တင်ပြပုံ ရေးပုံရေးလက် မထွက်၍လည်းကောင်း လူဖတ်နည်း၊ စိတ်ဝင်စားမှု နည်းရခြင်းများလည်း ရှိသည်။ ဆရာမမေငြိမ်း၏ မေငြိမ်းနှင့် ကိုမင်းဒင်၏ သက်ခိုင်သည် စာဖတ်သူကို ခေတ်၏ တစ်ခု ထိပ်မှ စ၍ ဆွဲခေါ်သည်။ လှည့်ပတ်ကြည့်ရှုစေသည်၊ စာဖတ်သူ ဘာတွေ ကြည့်ချင်ဦးမည်းဆိုသည်ကို သူတို့က ဘေးမှ ပါလာ၍ သိသည်။ ဇာတ်ကို ဆက်၍ သယ်သည်။ မဝေးသေးသော အတိတ်မို့ မြှုပ်ကွက် ထားတန်တာ ထားခဲ့ကြသည်မှ လွဲ၍ စာရေးသူတို့၏ စေတနာသည် သူတို့စာမှာ ပေါ်သည်။ မြန်မာဘလော်ဂါသမိုင်းဟု နောင်တွင် ပြန်မှတ်တမ်းတင်ရသော် တချိန်က ကိုယ်ပိုင်အချိန်ဖဲ့ပေး၍ ငွေကြေးဖြင့် မစက်ခဲ့သော အနုရသ ဘလော့ဂ်လောကတွင် ဒီလိုစာကောင်းတွေ ရှိသည်ဟု မော်ကွန်းထိုးထားနိုင်မည့် စာပေလက်ရာများ ဟု ယုံကြည်မိပါသည်။

ကောင်းမြတ်ကျော်စွာ

ဖွဲ့တည်ရာ မဂ္ဂဇင်း

စက်တင်ဘာ၊ ၂၀၀၉

Advertisements

3 Comments

Filed under Review

3 responses to “ထို ၂ ပုဒ်

  1. ဟုတ်တယ် နှစ်ပုဒ်လုံးဖတ်ဖူးတယ်။ နှစ်ပုဒ်လုံးတော်တော် ကောင်းပါတယ်။ မင်းဒင်ရဲ့သက်ခိုင်ကတော့ အခန်းဆက်နေတုန်းပဲ။

    တန်ဖိုးရှိတဲ့ ဘာသာပြန် ဆိုဒ်တစ်ခုလည်း တွေ့ထားတယ်။ အတ္တလန္တိတ် ရှာပုံတော် ဆိုတဲ့ အမည်နဲ့ Atlantis Found ကို အခန်းဆက် ဘာသာပြန်နေတဲ့ ဘလော့ဂ် လည်းတွေ့တယ်။ http://www.hiriautatpa.com/ (အဲဒီဘလော့ဂ်ပါ)သူ့ဆီက သမိုင်း ဆောင်းပါးရှည်တွေနဲ့ စီးပွားရေး အက်ဆေးတစ်ပုဒ်ကို ကျွန်တော် တော်တော်ကြိုက်တယ်။

    နောက်တစ်ခုက သမိုင်းနဲ့ဆက်စပ်တဲ့ ရှေးဟောင်းပစ္စည်းဓာတ်ပုံတွေ စနစ်တကျ ရှာဖွေတင်ပြပေးနေတဲ့ ရှေးမြန်မာ ဘလော့ဂ်(
    http://ancientmyanmar.blogspot.com/ )ကို ကြိုက်ပါတယ်။

    ရှားပါးတဲ့တရားစာအုပ်တွေကိုစကန်ဖတ်ပြီး တင်ပေးနေတဲ့ ဒဿနခရီးစဉ် http://www.lknt11.com/ ဘလော့ဂ်။

    နဲ့အခြားအခြားသောများပါ။

    နောက် ဖွဲ့တည်ရာနဲ့ သံလွင်အိပ်မက်ကို အွန်လိုင်းမ၈္ဂဇင်းထဲမှာ ကြိုက်တယ်။ စာရွက်နဲ့ထုတ်နေတဲ့ လောလောလတ်လတ် ပြည်တွင်းက မဂ္ဂဇင်းတွေထက်ကို ကြိုက်တယ်။(ဒါလည်း ဘလော့ဂင် ခေါင်းစဉ်ထဲမှာ ပါမလားတော့ မသိဘူး)

  2. အခန်းဆက် ဝတ္ထုရှည်တွေ အကြောင်း လာရောက်မှတ်သားသွားပါသည်။

  3. YY

    ဝေဖန်သုံးသပ်ထားပုံ လှသည်။ စာရေးပုံ ရေးဟန်က လိုရင်းတိုရှင်းနှင့် မြင်သာအောင်ရေးထားသည် မြန်မာစာအရေးအသားတွေကို အားကျမိပါသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s