Book Review: Khin Khin Htoo’s Upper MM Illustration

(၁)

အညာသူအညာသား ကျွန်မ ဆွေမျိုးများ

ခင်ခင်ထူး

ပထမအကြိမ်

၂၀၀၆၊ ဒီဇင်ဘာ

မျက်နှာဖုံးပန်းချီ – ဇော်မောင်

တန်ဖိုး – ၂၅၀၀ ကျပ်

(၂)

အညာဒေသကို ကိုယ်တိုင် ရောက်သွားသလိုပင်။ အရာရာသည် ကြားယောင်ယောင် မြင်ယောင်ယောင်။ ပြေပြစ်ချောမောသော အရေးအသားကတလှည့် ဆီမီးခုံဝန်းကျင် နယ်သားတို့၏ ဒေသိယသုံး စကားပြောတို့ကတလှည့်။ အဖြစ်အပျက်တို့ကလည်း ပစ္စုပ္ပန်နှင့် အတိတ်တို့ကို ယက်ရှယ်လျက်။ ခံစားချက်တို့ကလည်း ခေတ်ကာလ အသီးသီးကို ထင်တုံ ဟပ်တုံ။ ဤအားလုံးသော ရသ,ဖြင့်ရှယ်သည့် ဖြစ်ခြင်း ပျက်ခြင်း ရွေ့လျောခြင်းသဘောတို့သည် ဥဒယရွာသူ ခင်ခင်ထူး၏ အညာသူအညာသား ကျွန်မဆွေမျိုးများ ဝတ္ထုတွင် မှတ်တမ်းတင်ထားပေသည်။

၅ နှစ်ကြာ မရောက်ဖြစ်ရာမှ မိခင်နှင့်အတူ မြင်းခြံနယ်ရှိ၊ ဥဒယရွာသို့ အလည်ပြန်ရာမှ နိဒန်းပြုသော ဇာတ်လမ်းသည် “အဲတော့် အံ့ချက်တော့်” မှ စလိုက်သော အညာလေဖြင့် စာဖတ်သူကို ဆွဲခေါ်သွားသည်။ အညာသူအညာသားတို့သည် ငိုစရာရှိ ငိုချလိုက်ကြ၏။ ရီစရာရှိ တအုံးအုံး ရီလိုက်ကြ၏။ လုပ်စရာရှိ နေပူစပ်ခါး တကုန်းကုန်း လုပ်လိုက်ကြသည်။ ဒေသကို တွယ်တာသော သံယောဇဉ်ကြီးသည်။ ယုံကြည်ချက်အစွဲကြီးသည်။ အညာဒေသ၏ ဝန်းကျင်သည် ကြည်နူးဖွယ်၊ ဂရုဏာသက်ဖွယ်၊ ရယ်မောဖွယ် ဖြစ်နေ၏။

(၃)

စာရေးသူ ခင်ခင်ထူး၏ ညက်ညောပြီး ဒေသိယအငွေ့ပါသည့် အသုံးအနှုန်းများ၊ ဥဒယရွာနှင့် ရွာနီးစပ်ချုပ်ဒေသသားတို့၏ ဘုံသုံးနှင့် ထွင်သုံးစကားလုံးတို့မှာ အမှတ်ထင်ထင်ရှိစရာ ကောင်းလှသည်။ အောက်ဆုံးတွင် ကောက်နှုတ်ထားပါသည်။

(၄)

ဝေဖန်သုံးသပ်ချင်တာကတော့ …

အရေးအသားနှင့် တင်ပြသွားပုံ အတော်ကြီးကို ဆွဲဆောင်မှုရှိသည်။ ဒေသိယသုံးနှင့် ကိုယ်ပိုင်ဟန်ကို ကျွမ်းကျင်စွာ ကိုင်တွယ်သွားသည်။

ဝတ္ထုထဲတွင် သနားစရာမြပုကို အထည်စဝယ်ပေးမယ်ဆိုပြီး ဂင်ဂဲစျေးသွားတော့ ဝယ်တာ ရေးမထား။ ကျနော်ကတော့ မြပုကို ဘာတွေ လက်ဆောင်ပေးခဲ့ပါလိမ့်ဟု သိချင်နေသည်။

ခင်ခင်ထူးက ဓာတ်ပုံတွေ ရိုက်ခဲ့တယ်လို့ ရေးထားသည်။ ဒီလို ရိုက်တာဟာလည်း စာပြန်ရေးတဲ့အခါ အာရုံရအောင်လို့ဆို၏။ ဓာတ်ပုံလေးတချို့ ထည့်ပေးရင် ကောင်းမည်။

အညာလေမိအောင် သတ်ပုံမငဲ့တော့ဘဲ အသံထွက်အတိုင်းရေးထားတာ ကောင်းသည်။ နောင်အတွက် စံနမူနာတစ်မျိုးပဲ။

ထိုရောက်ခဲ့သော နှစ်အပိုင်းအခြားကို ဖော်ပြမထား။ အမှာစာရေးသည့် ခုနှစ် ၂၀၀၃၊ သြဂုတ်လကိုထောက်၍ ထို့ထက်စောသော ကာလဟု မှတ်ယူရသည်။ စာအုပ်ထုတ်ဝေနှစ်က ၂၀၀၆ ဖြစ်သည်။

ဆွေမျိုးစပ်ပုံများ ကောင်းပါသည်။ ဇာတ်ကောင်များသော်လည်း တဖြတ်စီ ထိန်းသွားနိုင်သည်။

အင်္ဂလိပ်စာလုံးတချို့ထည့်ထားသော်လည်း တကယ်တွင် မြန်မာလိုသက်သက်ဖြင့်လည်း ပြီးနိုင်သည် မြင်မိသည်။

စာရေးသူခင်ခင်ထူးက သူ့အမြင်များကို ထည့်သွားခြင်းနှင့် သူ၏ လှုပ်ရှားမှုတို့ကို ထည့်သွားရာမှ အညာသူ အညာသားတို့နှင့် တသားတည်းဖြစ်မှု အမှတ်အသားသရုပ်ပျောက်သွားသည်ကို သတိထားမိသည်။

အကြောင်းအရာ တော်တော်များများကို ဝတ္ထုတိုအဖြစ်ဖန်တီးပြီးကြောင်း ဖော်ပြထားသည့်တိုင် အချို့အကြောင်းအရောများမှာ ဝတ္ထုတို အဖြစ် ဆွဲထုတ်ရလောက်အောင် ကောင်းနေဆဲ ဖြစ်သည်။ ဥပမာ – အရီးပ၊ ဘိုးထွန်းဇံ၏သား မောင်မန်း အပုံ နပုံအကြောင်း။

(၅)

စိတ်ဝင်စား မှတ်သားဖွယ် အသုံးအနှုန်းများ-

ကျွန်မက အမေကြီး၏ လက်ဆွဲပုံး။ ဘယ်သွားသွား၊ ဘယ်လာလာ ကျွန်မအမြဲပါတတ်သည်။ (နှာ ၁၅)

“ရေဆိပ်ဘက်က ဆူညံဆူညံအသံတွေ ကြားပါသယ်လို့ အောက်မေ့သား … ငါက ငါ့အိမ်လာသယ့် ဧည့်သည်တွေလို့ မထင်မိဘူးရယ် … မနက်ကတော့ ဒန့်သလွန်ပင်ပေါ်က ကျီးသာသယ် … မိထိုက်ရယ် ဧည့်သည်တွေ လာအံ့ထင်ပါရဲ့အေလို့ ပြောမိသေး … ဟုတ်ပတော် … အပ်ချမတ်ချကြီး …”(နှာ ၁၆)

စစ္စေး (သစ်စေး) (နှာ ၁၆)

ကန်တော်သားနှင့် ရွာသစ်သူ အိမ်ထောင်ကျပြီးမွေးသော သားဦးကလေးအမည်မှာ မောင်ကံသစ်

ကြည်ရွာသားနှင့် ဂင့်ဂဲသူမှ မောင်ကြည်ဂဲ (ဦးကြည်ခဲ)

ဇလပ်ကုန်းသားနှင့် ရန္တပိုသူမှ မောင်ပိုလပ် (ကိုဘိုလတ်)

ဆင်းဂွတ်ရွာသားနှင့် ဥဒယရွာသူမှ မွေးဖွားသောကြောင့် ဆင်းဆင်းဥ (ဆင့်ဆင့်ဦး) (နှာ ၂၁)

ဒီတစ်နပ်တော့ ရှိထမင်း ရှိဟင်းပေါ့အေ … “ (နှာ ၃၆)

ခရမ်းချဉ်သီး ပူစီပေါင်းချက် (နှာ ၃၆)

“ငတို့ နွားမကတော့ နို့မယိုတော့ပေါင်တော် … ပေါရှန်တို့အိမ်တော့ နွားမွေးသယ် ကြားတာပဲ … နွားနို့ကတော့ စားရလှပေါ့ ငါ့တူမရယ် မပူပါနဲ့” (နှာ ၃၈)

“… လင့်ချဉ်ပေါင်ရွက်များ အလကားရယ် … လင့်ခရမ်းချဉ်သီးယူကြ … ချဉ်ပေါင်ရွက်ဆိုသာက အချဉ်ဟင်းတစ်မျိုးပဲ ချက်စားလို့ရသာ … ခရမ်ချဉ်သီးကတော့ ဟိုဟင်းအိုးထဲထည့် သည်ဟင်းအိုးထဲခပ်နဲ့ နေရာတကာသုံးလို့ရသယ် … အနှစ်ပါသယ်” (နှာ ၄၁)

“… ဟင် သေသယ်ဆိုတာ ဂလိထိုးသာ မှုတ်ဖူးဟဲ့ တင်ခွေးရဲ့ … ဟီး … ဟီး” (နှာ ၄၃)

“ငါ့တူမနှယ် … ထမင်းကလေး တစ်ဆုပ်တစ်ခဲ ဝင်ဖို့အရေး မနည်းအားခဲ စားရသာ … ချက်ဟယ် ပြုတ်ဟယ် လုပ်ဟယ် ကိုင်ဟယ်နဲ့ မောလွန်လွန်းလို့ … လူကွယ်ရာစားမှ ထမင်းက ဝင်သာ အေရဲ့” (နှာ ၄၃)

“… ဖျင်ကြမ်းထဘီချင်းအတူတူ ပလိုကိတ် မလုပ်ချင်နဲ့ … ကလနားချင်း ချည်ဆွဲပြလိုက်စမ်းမယ် … ဘယ်သင်းပိုကြမ်းသလဲ မေးစရာ မလိုပေါင် …ငွေကြည်ရက်ကန်းကထွက်သယ့် အထည်ရှစ်စပ် ကွဲသတော့် … မန်းလေးက မမြသင် မလိုဘူး … ဥဒယငွေကြည်နဲ့ ပြီးသယ်ဟေ့” (နှာ ၄၄)

“ပရုတ်ဆီ ရှိသေးလား ကြီးတော်”၊ “မှုန်မှုန်ကျန်တော့သယ် … ကုန်မှာစိုးလို့ တရိုတသေ သုံးရသာအေ့ …” (နှာ ၅၂)

“မထူးတို့များ ဆိုးချက်တော့် … ငှားတုန်းက ငှားဝတ်ပြီး ရန်ဖြစ်တော့ ဇွတ်ပြန်တောင်းသာ ဟိုခမျာ ဟောင်းလောင်း ပြန်ခဲ့ရသာပဲ” (နှာ ၅၅)

“လက်ကြောတင်းတင်းနဲ့ မပျင်းသယ့်ယောက်ျားပဲ မက်သယ် စက်သယ်ဟဲ့” (နှာ ၅၅)

“ငတို့နိုင်ငံရဲ့ အရှေ့မှာက တရုတ်ပြည်ကြီးရှိသယ် … အနောက်ဘက်မှာ ကလပြေရှိသယ် … မြောက်ဘက်မှာ ဒတ်ဆားတွေရှိသယ် … တောင်ဘက်ကျတော့ ပင်လယ်ကြီးဆိုသဟာကိုးအေ့” (ဒတ်ဆား – ရုရှား) (နှာ ၆၁)

မျက်နှာဖြူ ဘုံဝါဒ (နှာ ၆၂)

“မဆိုင်သူ မကပ်ကြနဲ့ဆို ဒိုင်း … မင်းတို့မယားတွေ မုဆိုးမဖြစ်ကုန်ချင်သလားဆို ဒိုင်း … ဟေ့ကောင်ကျောင်းဆရာ ထွက်ခဲ့စမ်းဆို ဒိုင်း … သောက်ကျိုးနည်းလို့ ကိုယ့်အိမ်ထဲကိုယ် ဘယ်သွားနေရမှန်းတောင် မသိဘူး … ကြောက်ချက်တော့်” (နှာ ၆၄)

“ဓာတ်ရည်ဘူး မသောက်တတ်ပေါင်ကွာ … ဘာဓာတ်တွေနဲ့ ငုံထားမှန်းမှ မသိသာ…” (ဓာတ်ရည်ဘူး – ဓာတ်ဘူး) (နှာ ၇၆)

“မထူး နင် အခု ဘိုးအုပ်စာတွေ ရေးနေသာဆို” (ဘိုးဘုတ် – စာအုပ်) (နှာ ၇၇)

“သောက်ကျိုးနည်းလို့ … စင်ကာပူနိုင်ငံဆိုသာများ လူတွေသောက်ဖို့ ရေကို တကူးတက သင်္ဘောကြီးတွေနဲ့ ဝယ်သုံးနေရသာတဲ့ … တော်သေးရဲ့ … ငတို့ရွာမယ် ဧရာဝတီမြစ်ကြီး ခြေကန်နေလို့” (နှာ ၇၉)

လေပန်ကာ (နှာ ၈၁)

“မြို့မှာ ငါမနေတတ်ဘူး … မောတော ကြပ်တပ်ကြီး …” (နှာ ၉၅)

“ကုလားတစ်၊ ကုလားနှစ်၊ ကုလားသုံး” (ဝမ်း၊ တူး၊ သရီးကို ရေတွက်ပုံ) (နှာ ၁၁၂)

“လှရှင် … ညဉ်းသား ငဒိုး ပိုလို ဆိုလား သစ်ကလက်ဆိုလား သောက်ပြီး မူးထိုးလဲနေတယ်” (ပိုလို သစ်ကလက် – ပိုလို စီးကရက်) (နှာ ၁၆၆)

“ဖဲမရိုက်ပါဘူး အမေရာ … ပိုကောဒေါင်းသာပါ” … “အေး ပိုကောဒေါင်းချင်ဒေါင်း ဖဲမရိုက်နဲ့” (နှာ ၁၆၆)

လူ့တစ်ပေါက်ထိုး (တဇွတ်ထိုး) (နှာ ၂၀၅)

“ဟောတော့် သေသာသေလိုက်ချင်တော့သာပဲ၊ သည်လင်ထောင်းမတွေနဲ့တော့ ခက်နေပါပြီ။ ပေကုန်လို့ စာမတတ်သယ့်တဲ့ ဟာတွေ ဘယ်လောက်သင်သင် နားမနီးဘူး ခိုင်းသာ ခိုင်းရသယ် … တစ်နေကုန် ကတော်လို့မှ ဥတစ်လုံးမကျသယ့် ကောင်မတွေ ကိုင်းဟယ်” (နှာ ၂၁၈)

“ဟေ့ တင်ဖဲ … မန်ကျည်းရွက်နုသုပ်နဲ့ ဥပုသ်အကျိုးမခံစမ်းနဲ့၊ သည်လောက် ရှိလှ လျော်လိုက်စမ်း တစ်သောင်း” (နှာ ၂၃၀)

“မြစ်ရေကလေး အေးလိုက် စက်လိုက်ချက်တော့၊ ကိုက်လွှတ်လိုက်သယ့် အတိုင်းပဲ” (နှာ ၂၆၆)

ဒေါင်နာ ကြော့ကေခိုင် (ဒေါက်တာ ကြော့ကေခိုင်)

ဂုန်ဘနီပိုင်ရှင် (ကုမ္ပဏီပိုင်ရှင်)

လမ်းသရဲ (ဗီလိန်မင်းသား)

ဟာလာအိုကေမ (ဗီလိန်မင်းသမီး) (နှာ ၂၇၁)

“ညဉ်းကို သည့်ပြင်ဟာ မအံ့ဘူး။ ဆယ့်လေးတန်းဆိုသာကို အံ့သာ။ ညဉ်း တော်တော် အရိုက်ခံခဲ့ရမှာပဲ” (နှာ ၂၇၆)

သက်ကတို (တက္ကသိုလ်) (နှာ ၂၇၇)

“ဓာတ်သားကလည်း ကောင်းချက် ရက်စက်တယ်။ ဒါပေသိအေ ဓာတ်ပုံဖိုးက တော်တော်ပါဟဲ့၊ အလယ်တယ်ဘဂံဖိုးက ပိုကုန်သာပါ၊ မဟန်ပါဘူး” (အလယ်တယ်ဘဂံ – အယ်လ်ဘမ်) (နှာ ၃၀၆)

“ကျုပ်က ဒီလိုမထင်ဘူး၊ တီပီယို မင်းသမီးတွေလို နေမှာပဲ ထင်မိသာတော့်) (တီပီယို မင်းသမီး – ဗီဒီယို မင်းသမီး) (နှာ ၃၁၃)

သင်ကာ

ဇူလိုင် ၂၀၀၉

Advertisements

4 Comments

Filed under Book Review, Literature

4 responses to “Book Review: Khin Khin Htoo’s Upper MM Illustration

  1. မဂၤလာပါခင္ဗ်ာ-
    အခုတော့King ဓါတ်ပုံတိုက်ဆိုတာမရှိတော့ဘူးဗျ-
    ဂျစ်တူးဘလောက်ကိုလာလည်ခဲ့တဲ့အတွက်အထူးကျေးဇူး
    တင်ဝမ်းမြောက်မိပါတယ်ခင်ဗျာ-
    မုံရွာကလားခင်ဗျာ-
    လေးစားစွာဖြင့်
    ဂျစ်တူး(မုံရွာ)

  2. အကြောင်းအရာရော ဆွဲဆောင်မှုရောကောင်းတဲ့ အရေးအသားအတွက် သတ်ပုံကို မငဲ့တာလဲ တမျိုးပေါ်လွင်စေမှန်း သိသွားရပြီဗျး)
    ဒီလိုမဟုတ်ပဲ သတ်ပုံကို မငဲ့ကြတာတွေတော့ ဆိုးတယ်

  3. ခင်ခင်ထူး စာအုပ်ရှိတယ်။
    ကျွန်မဆွေမျိုးများ စာအုပ်ကတကယ့်ကိုဖတ်လို့ကောင်းတဲ့စာအုပ်တစ်အုပ်ပါဘဲ။
    အညာဒေသနောက်ခံဖွဲ့ထားတဲ့ ရသတွေက တကယ့်ကိုသွားချင်စဖွယ်ကောင်းလောက်အောင်စာကညှို့ယူထားပါတယ်။

  4. ကျွန်မလဲ ရွှေအမြုတေမှာလား အခန်းဆက်ကတည်းက ဖတ်ခဲ့ရတဲ့ ၀တ္ထုပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s