Trojan War, Helen and Homer

ထရိုဂျန်စစ်ပွဲ၊ ဟယ်လင်မင်းသမီးနှင့် စာဆိုတော်ကြီး ဟိုးမား

(သမိုင်းအလင်္ကာထဲမှ မုသားများကို တူးဆွခြင်း)

(ယခုတပတ်ထုတ် The First ဂျာနယ်၊ အမှတ် ၁၃၈ တွင် ဖော်ပြပြီး။) 

သင်ကာ

ထရိုဂျန်စစ်ပွဲသည် ဟောလိဝုဒ်၏ အသက်သွင်းမှု၊ အာခီလိအဖြစ်သရုပ်ဆောင်သော ဘရက်ပစ်၏ ဟီးရိုးဆန်ဆန် လှုပ်ရှားမှုများဖြင့် ပိတ်ကားပေါ်တွင် ကျွန်ုပ်တို့ ရှုစားခဲ့ကြပြီ။ ဒဏ္ဍာရီဆန်လှသော ထရိုဂျန်စစ်ပွဲသည်ဖြစ်ခဲ့သလော။ မဖြစ်ခဲ့ဟုလည်း ဆိုနိုင်ပါသလော။ သေချာတာကတော့ ကျွန်ုပ်တို့ သိထားသလို မဖြစ်ခဲ့တာပဲ ဖြစ်သည်။ စာဆိုတော်ကြီး ဟိုးမား (Homer) ၏ အက်ပစ်လင်္ကာကြီးတွင် ထရိုဂျန်စစ်ပွဲကို ထည့်သွင်းစပ်ဆိုပြီး နောင် နှစ်ထောင်ချီသည့်တိုင် ထိုစစ်ပွဲဖြစ်ခဲ့ဖူးသည်ဟု ဖော်ပြသော သက်သေအထောက်အထားကို မည်သူမှ ရေးသား မှတ်တမ်းတင်ခြင်း၊ ထုတ်ဖော်ဖူးခြင်း မရှိပေ။ အားလုံးက ယုံမှတ်နေသည့် အထင်အမြင်တစ်ခုသာဖြစ်ပါသည်။ (ကျွန်ုပ်တို့ မကြာခဏ ညွှန်းဆိုသော စာဆိုတော်ကြီး ဟိုးမားဆိုသည်မှာ မည်သူနည်းဟု အဆုံးပိုင်းတွင် ဆက်လက်ဖော်ပြပါမည်။)

ထရိုဂျန်စစ်ပွဲတွင် ပါဝင်နေသော ထရွိုင်မြို့ (Troy) မှာ တကယ်ပင် ရှိခဲ့ပါသည်။ ၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်း ရှေးဟောင်းသုတေသန တူးဖော်မှုများအရ ထရွိုင်မြို့သည် တကယ်ရှိကြောင်း သက်သေပြနိုင်သည်။ အထပ်ထပ် တည်ဆောက်ခဲ့ပုံရသော ထရွိုင်မြို့ကို ယခုခေတ် တူရကီနယ်မြေထဲတွင် တွေ့ရှိခဲ့ရသည်။ သို့သော် ဟယ်လင် (Helen) အမည်ရှိ အလှဘုရင်မကြောင့် ဂရိနှင့် ထရွိုင်တို့ စစ်ဖြစ်ပွားကြသည်ဆိုသည်ကိုလည်းကောင်း၊ ကြီးမားလှသော သစ်သားမြင်းရုပ်ကြီးအကြောင်းကိုလည်းကောင်း၊ ခြေဖနောင့်တွင် အားနည်းချက်ရှိသော တုတ်ပြီးဓားပြီး အာခီလိ (Achille) ဟူသော သူရဲကောင်းအကြောင်းကိုလည်းကောင်း သက်သေ တစ်စုံတရာ အထောက်မထား မတွေ့ရချေ။


ဂရိနှင့် ထရိုဂျန်တို့သည် တစ်ဖက်နှင့် တစ်ဖက် တချိန်မဟုတ် တချိန်တော့ စစ်မက်ပြုဖူးခဲ့ကြသည်သာဖြစ်သည်။ သူတို့သည် သူလိုငါလို လူသားများပင်ဖြစ်ပါသည်။ ထရိုဂျန်တို့သည် မြို့ရိုးပတ်လည်တွင် ကြီးမားသော တံတိုင်းကြီးများ ဆောက်ခဲ့ခြင်းမှာ အကြောင်းရှိရမည်ဖြစ်သည်။ သို့စင်တိုင် ထရွိုင်မြို့အပြင်ဘက်တွင် စစ်သည်အရေအတွက် တစ်သိန်းတစ်သောင်းမျှရှိသော ကြီးမားလှသည့် ဂရိတပ်ကြီး နှစ်နှင့်ချီ၍ တပ်စွဲခဲ့သည်ဆိုသော သက်သေအထောက်အထားကို ရှေးဟောင်းသုတေသန တူးဖော်မှုတွင် မတွေ့ခဲ့ရချေ။

ဇာတ်လမ်းပါ အကြောင်းအရာတို့မှာ ယုံကြည်ရန်အတော်ပင်ခက်သည်။ ထရိုဂျန်စစ်ပွဲသည် ၁၀ နှစ်ကြာသည်ဟုဆိုရာ လက်ခံနိုင်ဖွယ် မရှိပေ။ ကြီးမားသည့် တပ်ကြီးတစ်တပ်ကို ဆယ်နှစ်ကြာလောက် စစ်ပွဲတွင် တပ်စွဲထားရန်မှာ မဖြစ်နိုင်ပေ။ ထိုခေတ်ကာလ စစ်ပွဲများသည် လအနည်းငယ်ထက် ပိုမကြာမြင့်ဖူးပေ။ ဂရိမင်းညီမင်းသားများ လိုက်ပါလျက် ထရွိုင်မြို့ပြင် ကမ်းခြေတွင် စစ်သည်တို့ ဆယ်စုနှစ်တစ်ခုလောက် တပ်စွဲထားသည်ဆိုသည်ကို မည်သူမှ ယုံမည်မဟုတ်ပေ။

ဟယ်လင်မင်းသမီးနှင့် ပတ်သက်၍ ပြောရလျှင် – ထရိုဂျန်မင်းသားသည် သူ့ကို ခိုးပြေးသွား၍ ဂရိတို့က မင်းသမီးကို ပြန်ရရန် စစ်ပြုသည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသော်လည်း လုံလောက်သော အထောက်အထားကို မတွေ့ရပေ။ ထို့အပြင် ဟယ်လင်မင်းသမီးသည် မည်သူနှင့်မျှ ခိုးရာလိုက်ခဲ့ပုံ မပေါ်ချေ။ ကမ္ဘာ့သမိုင်းပညာရှင် ဖစ်ဇ်ရွိုင် ရက်ဂလန်က သူ၏ တွေ့ရှိချက်ကို ဖော်ပြရာတွင် ဟယ်လင်မင်းသမီးသည် တိုင်းတပါးမင်းသားနှင့်ဖြစ်စေ တစ်စုံတစ်ယောက်နှင့်ဖြစ်စေ ခိုးရာလိုက်ခဲ့သည်ဟူ၍ သမိုင်းတွင် အထောက်အထားမတွေ့ဟု ဆိုခဲ့သည်။

ထပ်၍ပြောရလျှင် ဟယ်လင်မင်းသမီး တကယ်ရှိခဲ့ မရှိခဲ့ကိုပင် မည်သူမျှ တိကျရေရာ မပြောနိုင်ပါ။ အစဉ်အလာပြောဆိုချက်များအရ သင်္ဘောတစ်ထောင်ကို စစ်ထွက်စေသော လှတစ်မျက်နှာ” (face launched a thousand ships) သည် အကယ်ပင် သက်ရှိထင်ရှားရှိခဲ့ဖူးပါမူ တကယ်ပင် ဘုရင်မဖြစ်ထိုက်ပေလိမ့်မည်။ သို့သော် ရှေးရိုးစဉ်ဆက် ပြောစကားများအရပင် ဟယ်လင်သည် ဇု (Zeus) နတ်မင်းကြီး၏ သမီးတော်ဖြစ်ပြီး သူမသည် ငန်းဥမှ ပေါက်ဖွားသူဟု ဆို၏။ (မြန်မာဒဏ္ဍာရီများနှင့်လည်း နှိုင်းယှဉ်စဉ်းစားနိုင်ပါသည်။)

ထရိုဂျန်မြင်းရုပ်ကြီးအကြောင်း ထည့်ပြောရလျှင်လည်း ထို့အတူပင်ဖြစ်သည်။ ကိုးကား ထောက်ထားစရာမရှိ။ ထရွိုင်မြို့ကို အကြိမ်ကြိမ်တူးဖော်ခဲ့ပြီး ထောင်ပေါင်းများစွာသော အရာဝတ္ထုပစ္စည်းများကို တွေ့ရှိခဲ့သော်လည်း သစ်သားမြင်းရုပ်ကြီး၏ အစိတ်အပိုင်းဖြစ်ဖွယ်ရှိသော ပစ္စည်းတစ်ခုတလေမျှ မတွေ့ခဲ့ရပေ။

အသေးစိတ်အချက်အလက်များ မမှန်ကန်စေကာမူ ထရွိုင်မြို့ဇာတ်လမ်းသည် တကယ်ရှိခဲ့သည်ဟု ခုခံပြောဆိုကြသူများလည်း ရှိပါသည်။ သို့ဖြစ်လျှင် မှန်ကန်သော အချက်များ ဘာရှိသနည်းဟု စောကြောရန်ရှိပေသည်။ ကဗျာလင်္ကာတစ်ပုဒ်တွင်ပါဝင်သော အချက်သည် သမိုင်းဆိုင်ရာခိုင်လုံသော အထောက်အထား မဟုတ်ပေ။ ပုံလင်္ကာတို့တွင် တကယ့်လူတစ်ယောက်ဖြစ်စေ၊ တစ်ယောက်မက ဖြစ်စေ ထည့်သွင်းဖော်ပြ စပ်ဆိုလေ့ရှိသော်လည်း စာလင်္ကာပါ အဖြစ်အပျက်တို့မှာ အမှန်ဖြစ်သည်၊ တကယ်ဖြစ်ခဲ့သည်ဟု မယူဆနိုင်ပေ။ ဟိုးမား၏လင်္ကာကြီးတွင် ဖော်ပြချက်မှာလည်း ထိုနည်းနှင်နှင်ဖြစ်သည်။

အေသင်မြို့မှ ဂရိသမိုင်းဆရာ သူစီဒိုက်စ် (Thucydides) (သူကီဒီးဒတ်စ် ဟုလည်း အသံထွက်သည်။) က ထရွိုင်ဇာတ်လမ်းသည် အမှန်တကယ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ စစ်ပွဲဖြစ်ခဲ့သည်ဟု မှန်းဆချိန်နှင့် ဘီစီ ၅ ရာစုတွင် ပေါ်သော သူစီဒိုက်စ်၏ခေတ်တို့ အနှစ်ရှစ်ရာကျော် ကွာလေရာ သူစီဒိုက်စ်က အတည်ပြုပေးနိုင်ရန် အကောင်းဆုံးအနေအထားမဟုတ်ချေ။

ထရိုဂျန်စစ်ပွဲနှင့် စပ်လျဉ်းလျှင် ဟိုးမားကို ညွှန်းကြသော်လည်း စာဆိုတော်ကြီး ဟိုးမား မည်သူနည်း၊ ဘယ်မှာ နေသနည်း၊ ထရိုင်မြို့ဇာတ်လမ်းသမိုင်းအတွက် အချက်အလက် ကိုးစားရလောက်အောင် သူဘယ်မှာ တည်ရှိခဲ့သနည်း ဆိုသည်ကို မည်သူမျှ မသိချေ။ အကယ်၍ ဟိုးမားသည် ဘီစီ ၈ ရာစု သို့မဟုတ် ၉ ရာစုတွင် နေထိုင်ခဲ့သည်ဆိုပါက ထရိုဂျန်စစ်ပွဲဖြစ်ပြီး အနှစ်လေးရာဝန်းကျင်အကြာတွင် ထိုစစ်ပွဲအကြောင်း သူဖွဲ့ဆိုသည်ဟု ယူဆရသည်။ သို့သော် ယနေ့ခေတ် ကျွန်ုပ်တို့သည် ဟိုးမားအကြောင်းထက် သူထည့်သွင်းရေးဖွဲ့ခဲ့သော ထရိုဂျန်စစ်ပွဲအကြောင်းကို ပိုပြီး သိနေကြသည်။

ဤဇာတ်လမ်းကို ရာစုနှစ်များစွာ လက်ဆင့်ပြောင်း ပြောလာခဲ့ကြသောလည်း ထည့်သွင်းဖြည့်စွက်မှု ကင်းခဲ့သည်ဆိုသည်မှာ ဖြစ်နိုင်ချေရှိသည်။ ရှေးခေတ်လူတို့သည် နှုတ်ဖြင့် လက်ဆင့်ကမ်း၍ အာဂုံဆောင်ခဲ့ကြရာ ယနေ့ခေတ်လူတို့ထက် အမှတ်အသားတွင် ပိုကောင်းဖွယ်ရှိသည်။ သို့သော် ဂရိတို့သည် ဤကြီးကျယ်သောစစ်ပွဲနှင့် အောင်မြင်မှုကို မှတ်တမ်းတင်ရန်၊ အစဉ်အဆက် မှတ်သားပြောဆိုရန် အဘယ့်ကြောင့် ပျက်ကွက်ခဲ့ပါသနည်း။

နောက်ဆုံးတွင် ကျွန်ုပ်တို့နှင့် အတူရှိနေသည်မှာ ဘယ်တော့မှ ဖြစ်ခဲ့ပုံမရသော စစ်ပွဲတစ်ခု (ထရိုဂျန်) အကြောင်းကို တကယ်ရှိချင်မှ ရှိမည်ဖြစ်သော လူတစ်ယောက် (ဟိုးမား) က ရေးခဲ့သည် လင်္ကာတစ်ပုဒ် (အက်ပစ်) သာဖြစ်ပေတော့သည်။

သင်ကာ

-The Hero by Fitzroy Raglan

-Myth or Legend? by Glyn Daniel

-Legends, Lies & Cherished Myths of World History by R. Shenkman

Advertisements

1 Comment

Filed under History, Research, Translation

One response to “Trojan War, Helen and Homer

  1. admin

    Kay Thwe at 4:09pm July 7
    Troy အကြောင်းဖတ်ပြီး ကွန်မန့်ဝင်တာ ခက်ခဲနေလို့..ဒီမှာပဲ ပေးလိုက်တယ်။
    – ဒဏ္ဍာရီ ဆန်သော သမိုင်း များ နဲ့ သမိုင်းယောင်ဆောင်သော ဒဏ္ဍာရီများ-

    (from the Face Book, မှားပြီး ရက်ဂျစ်စတာ နှိပ်ထားမိလို့ ကော်မန့်ပေးမရတာပါ။ ဆောရီး။ -သင်ကာ-)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s