Culture

Education for Myanmar Youths အတွက် ရေးပေးတဲ့ Culture ဆိုင်ရာ ရှင်းလင်းချက် အကျဉ်းချုပ်ပါ။

Culture ကို မြန်မာစကားမှာ ယဉ်ကျေးမှုလို့ အကြမ်းဖျဉ်းသုံးပါတယ်။ နယ်ပယ်အလိုက် သုံးစွဲမှုကိုလိုက်ပြီး အဓိပ္ပာယ်ကို ခွဲခြားနားလည်ကြပါတယ်။ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု၊ အင်တာနက်ယဉ်ကျေးမှု စတဲ့ အသုံးအနှုန်းတွေကိုလည်း တွေ့ရပါတယ်။ တချို့နေရာတွေမှာ Culture ကို မြန်မာဘာသာစကားအဖြစ်သုံးရာမှာ “အလေ့အထ”၊ “ဓလေ့” စသည်ဖြင့် ခွဲထုတ် သုံးသင့်တယ်ထင်ပါတယ်။

Culture ဆိုတာ လက်တင် စကားလုံး cultura က လာတာဖြစ်ပြီး မူလအဓိပ္ပာယ်က ပြုစု ပျိုးထောင်ခြင်း (to cultivate) လို့ အဓိပ္ပာယ်ရပါတယ်။ ၁၉၅၂ ခုနှစ်တုန်းက Alfred Kroeber နဲ့ Clyde Kluckhohn တို့ နှစ်ဦးဟာ culture ရဲ့ အဓိပ္ပာယ်အမျိုးမျိုးကို စာရင်းတင်ရာမှာ ၁၆၄ မျိုးတွေ့ရတယ်လို့ သူတို့ရဲ့ Cluture:A Critical Review of Concepts and Definitions ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

အဓိကအားဖြင့် Culture ဆိုတဲ့ စကားလုံးကို အခြေခံအချက်သုံးချက်ပေါ်မူတည်ပြီးသုံးပါတယ်။

(၁) အဆင့်မြင့်ယဉ်ကျေးမှု (High culture) လို့ ခေါ်တဲ့ ရသအနုပညာနဲ့ စာပေ၊ သမိုင်း၊ ဒဿန စတဲ့ လူမှုဝိဇ္ဇာဘာသာရပ် အမျိုးအစားများ။

(၂) လူမှုအသိုက်အမြုံကနေ သိမြင်လာတဲ့ အတွေ့အကြုံနဲ့ သဘာဝပေါ် အခြေခံလာတဲ့ လူသားတို့ရဲ့ သိမှု၊ ယုံကြည်ထားမှုနဲ့ အပြုအမှုတွေ။

(၃) အဖွဲ့အစည်း၊ လူ့အသိုက်အဝန်းတွေရဲ့ မျှဝေလက်ခံထားတဲ့ ယုံကြည်ချက်၊ တန်ဖိုး၊ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်များ။

Culture အယူအဆဟာ ၁၈ နဲ့ ၁၉ ရာစု ဥရောပမှာ စတင်စဉ်က စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးသိပ္ပံ ပေါ်မှာ မူတည်ခဲ့ပါတယ်။ ၁၉ ရာစုဘက်မှာ ပညာရေးနဲ့ အဲဒီကနေ အမျိုးသားရေးဝါဒ အယူအဆတွေအထိ ကျယ်ပြန့်သွားပါတယ်။ ၁၉ ရာစုအလယ်လောက်မှာ ပညာရှင်တချို့ဟာ Culture ကို ကမ္ဘာ့ လူသားတို့ရဲ့ စွမ်းဆောင်နိုင်မှုကို ရည်ညွှန်းဖို့ သုံးစွဲခဲ့ပါတယ်။

၂၀ ရာစုမှာတော့ Culture ဟာ မနုဿဗေဒမှာ အရေးပါတဲ့ အယူအဆဖြစ်လာပါတယ်။ လူမှုဆက်ဆံရေးဗေဒ၊ ယဉ်ကျေးမှုလေ့လာရေး၊ အစုအဖွဲ့ဆိုင်ရာ စိတ်ပညာနဲ့ စီမံခန့်ခွဲမှုရေးရာ လေ့လာရေး ဘာသာရပ်တွေမှာ Culture ရဲ့ အဓိပ္ပာယ်ဟာ ကွဲပြားပါတယ်။

Culture ဟာ အောက်ပါတို့ ပါဝင်တဲ့ (ဒီ့ထက်လည်း မကတဲ့) လူမှုဘဝပုံစံတွေဖြစ်တယ်လို့ Roshan Cultural Heritage Institute က ဖွင့်ဆိုပါတယ်။ အဲဒါတွေကတော့ ဘာသာစကား (Language)၊ ဝိဇ္ဇာ သိပ္ပံဘာသာရပ်များ (Arts&Sciences)၊ အတွေးအခေါ် (Thought)၊ အစဉ်အဆက်ယုံကြည်မှုဆိုင်ရာ (Spirituality)၊ လူမှုလုပ်ရှားလုပ်ကိုင်မှု (Social Activity)နဲ့ အပြန်အလှန် တုံ့ပြန်မှု (Interaction) တို့ ဖြစ်ပါတယ်။ Roshan ဌာနရဲ့ ဖွင့်ဆိုချက်က လူမှုဆက်သွယ်ရေးဘက်ကို ကဲပါတယ်။

Culture နဲ့ ပတ်သက်တဲ့ သီအိုရီ အယူအဆတွေကတော့ ယဉ်ကျေးမှုပြဌာန်းခံသီအိုရီ (Theory of Cultural Determinism)၊ ယဉ်ကျေးမှု အညမညဆက်စပ်မှုဝါဒ (Cultural Relativism)၊ ယဉ်ကျေးမှုဆိုင်ရာ လူမျိုးစု မဟာဝါဒ (Cultural Ethnocentrism) တို့ဖြစ်ပါတယ်။ Culture နဲ့ ပတ်သက်လို့ ဒီလောက်ဆိုရင် အကြမ်းဖျဉ်း ပုံပေါ်လောက်ပါပြီ။

စာအုပ်တွေ ဆက်ဖတ်ချင်ရင် Culture နဲ့ ဘယ်သာသာရပ်၊ နယ်ပယ်နဲ့ တွဲပြီးလေ့လာမလဲဆိုတာ အရင်ဆုံးဖြတ်ဖို့ လိုပါလိမ့်မယ်။ ဥပမာ စိုက်ပျိုးရေးနဲ့ Culture, လူမျိုးစုရေးရာနဲ့ Culture, စီးပွားရေးနဲ့ Culture, နိုင်ငံရေးနဲ့ Culture, ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ Culture, လူနေမှုပုံစံများပြောင်းလဲခြင်းနဲ့ Culture စသဖြင့်။ ဒါဆိုရင် ဖတ်ချင်တဲ့ စာအုပ်ရှာဖွေဖို့ လွယ်ကူသွားမှာ ဖြစ်ပါတယ်။ Culture သက်သက်ကိုပဲ အဓိပ္ပာယ်လေ့လာချင်တယ်ဆိုရင်တော့ အစပိုင်းမှာ ညွှန်းခဲ့တဲ့ Alfred Kroeber နဲ့ Clyde Kluckhohn တို့ရဲ့ စာအုပ်ကို ဖတ်နိုင်ပါတယ်။

သင်ကာ

Ref:
Wikipedia
Roshan Cultural Heritage Institute
Culture Definition

Advertisements

3 Comments

Filed under Article

3 responses to “Culture

  1. ကိုသင်ကာရေ
    အကြွေးတွေလာဖတ်သွားတယ်
    ကျမဘလောဂ့်လေးလည်းတနှစ်ပြည့်ပြီ လာအားပေးပါအုံး
    ခင်မင်လျက်

  2. အကျယ်ချဲ့ပါဦးလားဗျာ

  3. ထပ်လာဖတ်တယ် ကိုသင်ကာ
    ရှင်းပြထားတာလေးတော်တော်ကောင်းတယ်
    ခင်မင်လျက်