Love Story (End)
အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (ဇာတ်သိမ်း)
(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)
(၁၂)
ကျနော်သည် ယဉ့်ကို ချစ်သေးလားဟု ဆိုလျှင် ယခုလည်း ချစ်ခဲ့တယ်ဟု ဝန်ခံနိုင်ပါသည်။ ထိုစဉ်ကမူ ကျနော်သည် မိန်းမတစ်ယောက်ကို လက်ထပ်ယူရန် လုံးဝစိတ်မကူးသေးသူဖြစ်ပါသည်။ ယဉ့်ကို ကျနော် ချစ်ခြင်းသည် အစပိုင်းတွင် ပြောခဲ့သလို ချစ်နေခြင်းဖြင့် အဓိပ္ပာယ် ရှိနေခြင်းသာ ဖြစ်ပါသည်။ သို့သော် ယဉ်သည် သူ့ကိုယ်သူ မိန်းမတစ်ယောက်အဖို့ လက်ထပ်သင့်သော အရွယ်ဟု စဉ်းစားနေသည်လား မပြောတတ်ပါ။ ကျနော်ကလည်း ဒုတိယအကြိမ်မြောက်အဖြစ် ချစ်တယ်ဟု ထုတ်ဖော်မပြောခဲ့ပါ။
ဇာတ်လမ်းသည် ထိုညနေတွင် စသည်။
လက်ထောက်အယ်ဒီတာ ညိုချောမလေးသည် ကားမှတ်တိုင်တွင် စောင့်နေရာမှ ရုံးကို ဖုန်းဆက်သည်။ “ဆူးလေမှာ ဆုံပြီး ညစာသွားစားရအောင်”တဲ့။ ကျနော်ကလည်း “အိုကေ”ပေါ့။
ကားမှတ်တိုင်တွင် ရပ်စောင့်နေသော လက်ထောက်အယ်ဒီတာမလေးကို မြင်လျှင် ယဉ့်သူငယ်ချင်းတွေက ရုံးမှာ ကျန်ခဲ့သော ယဉ့်ကို ဖုန်းဆက် သတင်းပို့သည်။
မရှေးမနှောင်းပင် ယဉ့်ဆီမှ ဖုန်းဝင်လာသည်။ “သူ့ကို လိုက်ပို့”တဲ့။
ကျနော် အကြပ်ရိုက်သွားသည်။ လိမ်တော့လိမ်ကြည့်သည်။ ယဉ်က မယုံ။ ဘာဖြစ်ဖြစ် ကိုယ့်အာရုံနဲ့ကိုယ် အလုပ်ရှုပ်နေသော ကျနော်သည် စိန်ပေါလ်သို့ထွက်ခဲ့သည်။
စိန်ပေါလ်မှတ်တိုင်တွင် ရပ်စောင့်နေသော အယ်ဒီတာမလေးကို ကျနော်လှမ်းမြင်သည်။ ကျနော် မမြင်သည်က ရေကျော်ကတည်းက ကျနော့်နောက်သို့ လိုက်လာသော ယဉ်နှင့် သူငယ်ချင်းတစ်သိုက်ဖြစ်သည်။
ကျနော်က လက်လှမ်းပြရန်ပြင်စဉ်တွင် ကျနော့်လက်မောင်းကို တစ်စုံတစ်ယောက်က ရုတ်တရက် လာတွဲသည်။ ကျနော်လန့်ဖြန့်စွာ ကြည့်လိုက်တော့ ယဉ် ဖြစ်နေသည်။ ယဉ်သည် တုံ့ဆိုင်းဆိုင်းဖြစ်သွားသော ကျနော့်ကို ထိုအယ်ဒီတာမလေးအနီးအထိ လက်မောင်းချိတ်ကာ လျှောက်သွားသည်။
အယ်ဒီတာမလေး ကမ်းသောလက်ကို ကျနော် လှမ်းဆုပ်သော်လည်း ယဉ်သည် ကျနော့်လောက် နီးနီးမြင့်သော သူ့ အရပ်အားကိုးဖြင့် ကျနော့်ပုခုံးကိုပါ ဖက်ကာ စိန်ပေါလ်မှတ်တိုင်ရှိ ဆစ်ခ်ဘုရားကျောင်းရှေ့ ညောင်ပင်ကြီး မှောင်ရိပ် အောက်အထိ ဆွဲခေါ်သွားသည်။
“တဝေ နင်လေ
ယဉ်သည် ကျနော့်ပါးကို ရိုက်မည်ဟု လက်ရွယ်သည်။ ကျနော်သည် ယဉ် ယခင်က တည်ငြိမ်ဖူးသော တည်ငြိမ်မှုမျိုးနှင့်ပင် မျက်မှန်ကို ချွတ်ကာ အိတ်ကပ်ထဲ ထည့်သည်။
“နင် ကျေနပ်အောင်လုပ်”ဟု ပါးကိုငဲ့ပေးသည်။
“နင် ငါ့ကို မချစ်တော့ဘူးပေါ့လေ
ယဉ်သည် ပါးကို မရိုက်ဘဲ ရင်ဘတ်ကို တဒုန်းဒုန်းထုသည်။ အိတ်ကပ်ထဲ ပြောင်းချိတ်လိုက်သော မျက်မှန်သည် ကွဲကြေသွားသည်။ သူ့ကို ချော့မော့ကာ လမ်းငါးဆယ်ဘက်ထွက်၍ ကားပေါ်တင်ပေးသည်။ မပြန်ဘူးဟု ဆိုသည်။ ဆူးလေအထိ လိုက်ပို့ရသည်။ မနည်းချော့မော့ တောင်းပန်မှ ပြန်သည်။
ကျနော်သည် အလွန်အမင်း မတုန်လှုပ်ဘဲ တည်ငြိမ်နေသည်။ ထိုညက ကျနော်စိတ်လိုက်မာန်ပါ လုပ်လျှင် ကျနော်တို့ ခိုးပြေးဖြစ်မည်လားဟု ပြန်တွေးမိသည်။ သေချာသည်က ကျနော်သည် တက္ကသိုလ်ပထမနှစ် ကျောင်းသား မဟုတ်တော့။ အယ်ဒီတာတစ်ယောက် ဖြစ်နေပြီ။
စာကိုရေးနေရင်း ထပ်တွေးမိပြန်သည်။ ယဉ် တခြားသူတစ်ယောက်နှင့် လက်တွဲ ထွက်ခွာသွားသောအခါ ကျနော် မိုးရေတွေကြားမှာ ရပ်ကြည့်နေခဲ့ရဖူးသည်။ ယခုတစ်ကြိမ်သည် ကျနော်က ကြိုတင်မကြံစည်ပါပဲလျက် ယဉ်ကို ကျနော် လက်စားချေသလို ဖြစ်နေသလားဟု တွေးမိသည်။
ကျနော်အဖို့ ထိုကာလများသည် ဘဝတက်လမ်းအတွက် ကြိုးပမ်းရန် လမ်းစပွင့်သော ကာလများ ဖြစ်ပါသည်။ အိမ်ထောင်ပြုခြင်းဖြင့် ကျနော့်ဘဝကို အဆုံးမသတ်နိုင်ပါ။ ငွေကြေးအသိုင်းအဝိုင်အားဖြင့် ချို့တဲ့သော ကျနော့်အဖို့ အိမ်ထောင်ပြုခြင်းသည် အနှောင်အဖွဲ့ကြီးလို မြင်နေမိသည်။
ပြီးတော့
ပြီးတော့ ယဉ့်ကို ကျနော် လက်ထပ်မယ် စိတ်ကူးသည့်တိုင် သူသည် ကျနော်လုပ်နေသည့် အလုပ်နှင့် အနာဂတ်အတွက် နားလည်ပေးနိုင်စွမ်းရှိသည့် မိန်းမ တစ်ယောက် မဖြစ်နိုင်ဟု ကျနော် ယူဆခဲ့သည်။ ဖြစ်လည်း မဖြစ်နိုင်ပါ။
သူပျော်ရွှင်သည့် ပတ်ဝန်းကျင်မျိုးသည် ကျနော့်နေပျော်သည့် ဝန်းကျင်မျိုးမဟုတ်ပါ။ ကလေးမဟုတ်တော့သော ကျနော်သည် ထို့ကြောင့်ပဲ သူ့အချစ်ကို ရမည်မှန်းသိလျက် နောက်တစ်ကြိမ် ချစ်ခွင့် အလွယ်ပန်ဆိုခြင်း မပြုခဲ့ပါ။
ဒီတစ်ခါစဉ်းစားနေသူက ယဉ်မဟုတ်ဘဲ ကျနော်ဖြစ်နေသည်။
ကျနော်သည် သူ့ကို ချော့မော့သောအားဖြင့်ပင် နောက်တစ်နေ့တွင် သွားမတွေ့ခဲ့ပါ။ အခန်းဆက်မည် မဟုတ်သည့် သံယောဇဉ်ကို အမျှင် မတန်းထားလိုပါ။
(၁၃)
ယဉ်သည် သိပ်မကြာမီပင် သူတို့ရုံးနားက သူ့ကို ချစ်ကြိုက်နေသော (မိဘက ငွေကြေး ချမ်းသာသည့်) ကောင်လေးတစ်ယောက်နှင့် တွဲနေသည်ဟု သတင်းကြားရပါသည်။
ကျနော်ကတော့ အရက်တွေဖိသောက်၊ ကောင်မလေးတွေ ထည်လဲတွဲ၊ နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်တွေဖြေနှင့် လုံးချာလိုက်နေပါသည်။
ယဉ်သည် စီးပွားရေး တောင့်တင်းသော ထိုကောင်လေးနှင့်ပင် လက်ထပ်လိုက်သည်ဟု မိုးကြီးက ပြောပါသည်။ ကျနော့်ဆီဖိတ်စာပို့သလား၊ သူငယ်ချင်းတွေက မပေးဘဲ ထားသလား၊ ဒါမှ မဟုတ် ကျနော်တို့ကိုပဲ သတိမရတော့တာလား မသိ။ ဖိတ်စာလည်း မရပါ။
မန္တလေးမှာ မင်္ဂလာဆောင်ပြီး မန္တလေးမှာ အခြေချကြသည်ဆိုတာပဲ ကျနော်သိသည်။
သူပျော်နေမည်ဟု ကျနော်ထင်ပါသည်။ ကျနော်သည် ဂျာနယ်လစ်ဘဝဖြင့် ဆိုးပေတေ နေခဲ့ပါသည်။ ကောင်မလေးတွေလည်း အများကြီးတွဲပါသည်။ ချစ်သည်ဟု ထင်ရသော ချစ်သူများနှင့်လည်း လမ်းခွဲခဲ့ပါသည်။ အရက်တွေလည်း အရပ်ပျက်အောင် ဇာတ်ပျက်အောင်သောက်သည်။
နောက်ဆုံး ကျနော် ဘလော်ဂါသင်ကာအဖြစ် ပြန်ပေါ်လာသည်။
မန္တလေးကို ကျနော်ပထမဆုံးရောက်သောအခါ ယဉ့်ခင်ပွန်း၏ စီးပွားရေးနှင့်တူသော လုပ်ငန်းဆိုလျှင် လိုက်ကြည့်မိပါသေးသည်။ မန္တလေး ဒီလောက်ပူတာ ယဉ်ဘယ်လို နေပါလိမ့်ဟုလည်း တွေးမိသေးသည်။
မန္တလေးဘူးတာရုံ တလမ်းခြားက ခေါင်ရည်ဆိုင်မှာသာ မူးအောင်သောက်၍ ပြန်ခဲ့ပါသည်။
ကျနော် ညနေပိုင်း ဘွဲ့လွန်တစ်ခု ထပ်တက်သည်။ ကံကောင်းထောက်မစွာ ပညာသင်ဆု တစ်ခုရ၍ ထိုင်းသို့ ထွက်လာခဲ့သည်။
နွေရာသီတစ်ခေါက်ပြန်တော့ မိုးကြီးနှင့် သွားတွေ့သည်။ ကျောင်းသားဘဝကို စားမြုပ်ပြန်သည်။ အရာရာသည် ရင်ထဲတွင် နွေးနေဆဲဖြစ်သည်။
ယဉ့်ကို ကျနော် လက်လွှတ်ခဲ့သည်။ ထိုအရာသည်ပင် အချစ်ဟု ကျနော် ဆက်လက် ခံစားထားပါသည်။ အဘယ့်ကြောင့်ဆိုသော် အခုအထိလည်း ယဉ့်ကို ကျနော် ပျော်အောင် ထားနိုင်မည် မဟုတ်၍ ဖြစ်သည်။
ကျနော်သည် ယဉ့်အတွက် ရှော်ပင်ထွက်လျှင် စျေးခြင်းဆွဲပေးနိုင်မည့် အခြေအနေ မပေးပါ။ သူအိပ်မက်မက်နေသော ပကာသနများကိုလည်း ဆောင်ကျဉ်းပေးနိုင်ဖွယ်မရှိပါ။
သို့သော်
ယဉ့်ကို ချစ်သော အချစ်သည် အချစ်စစ်ဖြစ်သည်ဟု ကျနော့် ရင်ထဲမှ သိပါသည်။
သင်ကာ
၂၁ ဧပြီ ၂၀၀၉
Advertisements
6 Comments
Filed under Story
6 responses to “Love Story (End)
  1. နောက်ဆုံးအပိုင်းက နည်းနည်းပျော့သွားတယ်။ ရှေ့ပိုင်းတွေမှာ ဖွင့်ထားသလောက် နောက်ပိုင်းက အားနည်းသွားတယ်။ မဟုတ်မှလွဲရော ဆင်ဆာများသွားတယ် ထင်ပါ့။
  2. ယဉ့်ကိုတော့ လိုက်မရှာပါ။
    စာပေနှင့် သီအိုရီ သဘောတရားသစ်များအကြောင်း၊ တက္ကသိုလ်များ သုတေသနများအကြောင်း၊ အနည်းဆုံးအားဖြင့် အင်္ဂလိပ်စာအကြောင်း ဆွေးနွေးပေးနိုင်သည့် မိန်းမတစ်​ယောက်ကိုသာ
    (တမ်ိဳးပါလား)
  3. ကိုယ့်ဆရာနဲ့ ကျွန်တော်က အချစ်ကို ရယူခြင်းမဟုတ်ဘူးလို့ အဓိပ္ပါယ်ဖွင့်ရာမှာ လာတူနေပြီထင်တယ်..။ ဟတ် ဟတ်..။ အမှန်တော့ မစွံတာကမစွံတာပါပဲ..။ ဟုတ်ရဲ့နော်..။ ဟား..ဟား..။ 😀
  4. အစအဆုံးလာဖတ်သွားတယ် ကိုယ့်ဆရာ..
    တကယ့်အဖြစ်အပျက်ကို အခြေခံတယ် ဆိုတော့လည်း အင်း.. ဘယ်လိုပြောရမလဲ။
    စာဖတ်သူကိုတော့ ခံစားချက်များများစားစား သိပ်မပေးချင်တဲ့ အရေးအသားလို့ ယူဆရတယ်။
  5. bsf
    visited your great blog. and read your posts.
    cheers!
  6. အလုပ်များနေလို့ ကိုသင်ကာရဲ့အချစ်အကြောင်း
    အခုမှ အတိုးချ ဖတ်သွားပါတယ်။
    စာရေးကောင်းတော့ ဖတ်သူကိုဆွဲခေါ်သွားတာပါပဲ။
    အစစအရာရာအဆင်ပြေပါစေ။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s