Love Story (10 & 11)

အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (၁၀၊ ၁၁)

(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)

(၁၀)

ကျနော် ဦးဇင်းတဝေသည် ဘုန်းကြီးဖြစ်သွား၍ စာကြည့်နိုင်ချိန် သူတို့ထက် ပိုများလာသည်။ သူတို့အတွက် အဆိုင်းမန့်တွေကိုလည်း စီစဉ်ပေးသည်။

ပညာဆိုလျှင် လိုချင်မှု အာသဝေါ မကုန်နိုင်သော ဦးဇင်းတဝေသည် ဘုန်းကြီးတွေ ကိုရင်တွေ သင်ရသည့်စာကိုလည်း “အတ္ထော အက္ခရ သညာတော”စသဖြင့် ပါဠိ ကကြီး ခကွေးကို ခေါင်းမှာ ဒက်ပေါက်နေသော ကိုရင်လေးများနှင့်အတူ အော်ကျက်ရသေးသည်။

ထို ၂ နှစ်အတွင်း ဘွဲ့တစ်ခုရရန် လောကဓာတ်တက္ကသိုလ်ကိုလည်းတက်၊ ဘုန်းကြီးစာလည်းသင်ကာ ရှင်မဟာရဌသာရ၏ “ဒီဘဝတွင် နှမလက်လျှော့ နေလေတော့” ဟူသော ထုံးကို နှလုံးပိုက်၍ နေလိုက်သည်။

လောကဓာတ်တက္ကသိုလ်တွင် ၁၂ နာရီ ထိုးခါနီးအထိ စာသင်ချိန် မပြီးနိုင်သေးသဖြင့် အပြင်ထွက်ကာ ဆင်းဒဝှစ်နှင့် နွားနို့ ပြေးဝယ် ကပ်၍ ဘုန်းကြီးကျောင်းသားလုပ်သူမှာ မိုးကြီးဖြစ်လေသည်။

ယဉ်သည် ကျနော် သင်္ကန်းဝတ်နဲ့ နေတော့မယ်တော့မယ်ဟု ဆိုစဉ်အခါက စာတစ်စောင် ရေးပို့ဖူးသည်။ ထိုစာလေးတွင် “သူမဘဝမှာ တစ်ယောက်က အသက်ဆုံးလျှက် ထွက်ခွာသွားပြီး တစ်ယောက်က အသက်ရှင်လျှက် ထွက်ခွာသွားသဖြင့် အားကိုးရာမဲ့နေပါပြီ”ဟု ရေးထားပြီး မှင်ပေါ်တွက် ကွက်နေသော မျက်ရည်စက်များကိုလည်း တွေ့ပါသည်။ ဦးဇင်းတဝေ စိတ်ကို ထိန်းပါသည်။ စိတ်သည် လိုက်လံဖမ်းယူနေရသော တလှစ်လှစ်ပြေးတတ်သည့် ရေထဲက ငါးနှယ် ဖြစ်ပါသည်။


ငါတော့ သာယာမိရင် အာပတ်သင့်တော့မှာပဲဟု အောက်မေ့ကာ ကိုရင်ကြီးတစ်ပါးကို ခေါ်၍ စာအိတ်နှင့် ပိတ်ထားသောစာကို အပ်ကာ “မင်း သိမ်းထားလိုက်”ဟု ပေးလိုက်ပါသည်။

ဦးဇင်းတဝေ ကျောင်းသွားတိုင်း သူငယ်ချင်းများက ကူညီစောင့်ရှောက်ပါသည်။ အရင်လို သူတို့နှင့် လျှောက်မလည်ဖြစ်သလို သူတို့ကလည်း ကျနော်မပါ၍ မသွားဖြစ်ကြတော့ပါ။

ဦးဇင်းတဝေ နောက်ဆုံးနှစ်ကိုလည်း ကောင်းကောင်းဖြေနိုင်ပါသည်။ ဘုန်းကြီးစာ ပထမငယ်တန်းကိုလည်း ကောင်းကောင်းဖြေနိုင်ပါသည်။ ဘွဲ့လည်းရ၊ ပထမငယ်တန်းလည်း အောင်ပါသည်။

ပထမငယ်တန်းအောင်ပြီး လအတန်အကြာတွင် စာတွေနင်းကန်ဖတ်ပြီး မျက်မှန်ပါတပ်လိုက်ရသော ဦးဇင်းတဝေသည် စကော်လာကလပ် အုပ်စု(သင်္ကန်းကျွန်း)နှင့် ပေါင်းမိသည်။ စာတွေဖတ်ကြ ငြင်းကြ။ ဦးဇင်းတဝေသည် Existentailism ကို သဘောကျလာမိခဲ့ပါသည်။

အချစ်ဝတ္ထုထဲ ဒဿနတွေ မထည့်ဘဲ တိုတိုပြောရလျှင် ရဟန်း ၂ ဝါအရတွင် လူပြန်ထွက်ရန် ဆုံးဖြတ်လိုက်ပါသည်။

အသက် ၂၀ တုန်းက ဝတ်ခဲ့သော ရဟန်း တစ်ဝါနှင့် တက္ကသိုလ်တက်ရင်း ဝတ်ခဲ့သော ရဟန်း ၂ ဝါအတွင်း ဖတ်ခဲ့၊ ရေးခဲ့သော စာများသည် ကျနော့်ကို ပန်းချီတည်းဟူသော ငယ်ချစ်ကလေးနှင့် ခွာပြဲပြီး စာရေခြင်းဟူသော အချစ်သစ်ကြီးနှင့် ပေါင်းဖက်စေခဲ့ပါသည်။

ဘုန်းကြီးလူထွက်၊ အလုပ်က မရှိသေး၊ စာကလေး ပေကလေး ရေးနေသော ကာလတွင် မိုးကြီးက သတင်းစကားတစ်ခု သယ်ဆောင်လာပါသည်။

ယဉ့်အစ်မ “မသင်း”ဆုံးပြီတဲ့။

(၁၁)

မသင်း။

ကလေးမျက်နှာလေးနဲ့ အပြုံးချိုချိုလေးနဲ့ မသင်း။ ယဉ့်အိမ်သွားတိုင်း စိတ်ရှည်လက်ရှည်စကားပြောတတ် ချက်ပြုတ် ကျွေးတတ်သူ။

ခုတော့ ဆုံးပြီ။

ညဘက်အိုက်လို့ ရေချိုးလိုက်တာ အိပ်ယာထဲမှာ အအေးမိ အသက်ရှုကြပ်တာကနေ ဆေးရုံရောက်တော့ အသက်မမီတော့။ မသင်းက နဂိုက အဆုတ်ရောဂါ ဓာတ်ခံရှိသည်။

မသင်းသည် သူ့ညီမလို ရည်းစားလည်း ရှုပ်ရှုပ်ပွေပွေ မရှိသူ။

ကျနော်သည် မိသားစုနှင့် လက်တစ်ဆုပ်စာဆွေမျိုးစုအတွင်း အခုထိ သေဆုံးခြင်းကို သေချာမသိခဲ့သူ။ အဘွား၏ မိခင်ဆုံးတော့ ကျနော့် အသက် အရမ်းငယ်နေပြီး၊ ညီမဝမ်းကွဲ အမွှာပူးထဲက တစ်ယောက်ဆုံးတော့ ကျနော်က အလုပ်တွေများနေပြီး မတွေ့မကြုံလိုက်ရ။

ယဉ့်ကို ကျနော်နှင့်ယှဉ်ပြီး သနားနေမိသည်။ အမေလည်း ဆုံးပြီ။ သူလက်ထပ်ဖို့ ရည်ရွယ်ခဲ့သူလည်း ဆုံးပြီ။ အခု ငယ်ငယ်ကတည်းက အတူနေလာသည့် သူ့အစ်မ ဆုံးပြန်ပြီ။

သေခြင်းတရားသည် ယဉ့်ကို ကျီစယ်နေပုံရသည်။ သူသည် ကြုံရဖန်များလာ၍ ဒူပေဒါပေ ခံနိုင်သူတစ်ယောက်ဖြစ်လာတာပဲဟု သူတည်ငြိမ်နေသောအခါ ကျနော် ကောက်ချက်ချမိသည်။

မသင်း ဆုံးသောအခါ ကျနော်တို့ ပြန်ဆုံမိသည်။ ယဉ်ဘယ်မှာ အလုပ်လုပ်သလဲ ကျနော် သိခဲ့ရသည်။

ကျနော်ကတော့ အလုပ်တစ်ခု လျှောက်လိုက် အဆင်မပြေလိုက်နှင့်။ နောက်ဆုံး ပုဇွန်တောင်က မီဒီယာတိုက်တစ်ခုမှာ အစမ်းခန့် အလုပ်ရသည်။ ယဉ်ရှိရာ ပန်းဆိုးတန်းလမ်း ကုမ္ပဏီသို့ သူဖုန်းဆက်လျှင် တခါတရံ ကျနော် သွားကြိုပါသည်။ နေ့လည်ဘက်တွင် သူ့ကို ဖုန်းဆက်ခေါ်ပြီး ပန်းဆိုးတန်း ဂုံးကျော်တံတားဖက် အကွေ့က ရှမ်းခေါက်ဆွဲဆိုင်မှာ ထိုင်ကြသည်။

ယဉ်သည် အနည်းငယ် ပိုဝလာပြီး ပိုလည်း လှလာပါသည်။ ကျနော်သည် ယဉ့်ကို ရည်းစားစကား ထပ်မပြောတော့ပါ။ သူပြောသော သူ့ရုံးက ကောင်မလေးတွေ အကြောင်း၊ သူ့သူငယ်ချင်းတွေရဲ့ ရည်းစားတွေ အကြောင်းကိုသာ နားထောင်ပေးပါသည်။ ကျနော်သည် အရင်က မစွံခဲ့သော်လည်း အယ်ဒီတာ ဖြစ်လာသောအခါ စန်းပွင့်လာသည် ပြောရမည်ထင်ပါသည်။

ဖြစ်ချင်တော့ ယဉ်တို့ ရုံးသည် ကျနော်တို့ရုံးရှိရာ ပုဇွန်တောင် ရေကျော်ရှိ “မောင်အေး ကဖီး” နား ပြောင်းလာပါသည်။ သူနှင့်ကျနော် ရုံးချင်း လမ်းမကြီး တစ်ခုသာ ခြားသည်။ ကျနော်လည်း အစမ်းခန့်မှ အယ်ဒီတာရာထူးနှင့် အတည်တကျ ဖြစ်လာပါသည်။ ကျနော်နှင့် ရုံးဆင်းချိန် အတူပြန်တတ်သော လက်ထောက် အယ်ဒီတာမလေးများ ရှိပါသည်။ ခရီးမတူသည့်တိုင် စိန်ပေါလ်မှတ်တိုင်အထိတော့ ရေကျော်ကနေ လမ်းလျှောက်ကြပါသည်။

သူ့ရုံးသို့ လက်ဖက်ရည်သောက်ချိန်တွင် သွားသွားခေါ်တတ်၍ သူ့ရုံးက ကောင်မလေးများက ကျနော့်ကို သိသည်။ ကျနော်ကတော့ မျက်မှန်း မတန်းမိပါ။ စိန်ပေါလ်တွင် လက်ထောက်အယ်ဒီတာမလေးများနှင့် ရယ်မော ပြောဆိုနေသည်ကို သူ့သူငယ်ချင်းတွေက ယဉ့်ကို ပြန်ပြောကြသည်။

အထူးသဖြင့် အသားညိုညို ခပ်ငယ်ငယ် အယ်ဒီတာမလေးက ကားမှတ်တိုင်တွင် စောင့်ပေးသော အခါမျိုးဖြစ်ပါသည်။

(ဆက်ရန်)

(နောက်တစ်ကြိမ် အပိုင်း ၁၂ နှင့် ၁၃ ကိုတင်ပြီးလျှင် ပြီးပါပြီ။ နိဂုံးကို ရေးသားပြီးဖြစ်သော်လည်း ပြန်လည် စိစစ်နေပါသည်။ ရင်မှခံစားရသည့်အတိုင်း လက်က အလိုအလျောက် ရေးချထားသည့်အတွက် မူရင်းရသပိုင်းကိုတော့ ပြင်မည်မဟုတ်ပါ။)

အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (၁၂၊ ၁၃)

(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)

Advertisements

4 Comments

Filed under Story

4 responses to “Love Story (10 & 11)

  1. အောင်

    ကိုသင်ကာ… အရမ်းကောင်းပါတယ်။ ကျွန်တော်ကြုံရတာ အဲ့ဒီထက် နင့်တယ်။

  2.ွှအိအိ

    စာဖတ်လို့ကောင်းတယ်လေ။အပိုင်း(၁၂။၁၃)ကို အမြန်ဆုံးတင်ပေးပါ။ကျေးဇူးပါ။

  3. လုပ်ဗျာ.. ဇာတ်သိမ်းပိုင်းလေး..။ ဖတ်ချင်လို့ပါ..။

  4. စိန်ပေါလ်မှတ်တိုင်မှာ ကောင်မလေးတစ်အုပ်နဲ့တွေ့တွေ့နေတာ ဘယ်သူများလဲလို့..