Love Story (8 & 9)

အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (၈၊ ၉)

(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)

(၈)

ကျနော်က မိုးကြီးအိမ်မှာ အိပ်သည်။ ညဘက် မေးခွန်းသတင်းအစနတွေလိုက်၊ အတိုကောက်ကြည့်စရာတွေ ပြင်ဆင်ပြီး ကျောင်းကို စောစောလာသည်။ ကျန်သူငယ်ချင်းတွေလည်း စောစောချိန်းထားသည်။ ကျနော်တို့ ရောက်သွားချိန်တွင် စိတ်လှုပ်ရှားသောမျက်နှာနှင့် ဂဏာမငြိမ်ဖြစ်နေသော အုံကြီး၊ ပိုင်ပိုင်နှင့် သားကြီးကို တွေ့ရသည်။

“ဟဲ့ တဝေ လာဦး လာဦး”

ကျနော်တို့လူစု ကျောင်းသားတွေနဲ့ ခပ်လှမ်းလှမ်းဆီ သွားကြသည်။ စိတ်လှုပ်ရှားစွာဖြင့် အုံကြီးက အထစ်ထစ်အငေါ့ငေါ့ ပြောသည်။

“တဝေ၊ ယဉ့် ဘဲလေ၊ နင်သိတယ်ဟုတ်၊ ဆေးတပ်ကလေ”

“အင်း ဘာဖြစ်လဲ၊ ယဉ်စာမေးပွဲ ဖြေတာ လာစောင့်လို့လား”

ကျနော်က အေးတိအေးစက်ပင်ပြောသည်။ ပိုင်ပိုင်ကလည်း စာအုပ် မလိုက် လက်မြှောက်လိုက် ဂဏာမငြိမ်။ မိုးကြီးကလည်း အင်း အဲ ဟုဆိုပြီး သူ့အကျင့်အတိုင်း လက်ဖဝါးကို ပွတ်နေသည်။


“သူ့ကောင် မနေ့ညက ဆေးရုံမှာ ဦးနှောက်ကို ငှက်ဖျားပိုးဝင်ပြီး ဆုံးပြီ။ ယဉ်စာမေးပွဲ လာဖြေပါ့မလား မသိဘူးဟယ်”

ကျနော်လည်း ပြာသွားသည်။ ရင်ထဲမှာ ယဉ့်ကို သနားတဲ့ စိတ်တွေ လိပ်တက်လာသည်။ စိတ်ကူးယဉ်ပြီး ရေးသည့်ဝတ္ထုပင် ဒီလောက် တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မည်။

ကျနော်သည် စာကို မကြည့်တော့ဘဲ ယဉ်လာမည့်လမ်းကို မျှော်ကြည့်နေသည်။ သူငယ်ချင်းတွေလည်း စာကြည့်လိုက် လမ်းကြည့်လိုက် ဂဏှာမငြိမ်။

“နေပါဦး အုံကြီးရယ်။ ဆေးတပ်ကကောင်က ဦးနှောက် ငှက်ဖျားပိုး ဝင်ပြီး သေရတယ်လို့၊ ဆုံးပြန်တော့လည်း ယဉ်စာမေးပွဲ ဖြေမယ့်ရက်ကြီး”

အုံကြီးက ညှိုးနွမ်းစွာဖြင့် ကျနော့်ကို ကရုဏာသက်သလို ကြည့်သည်။

“ဖြစ်နေတာ ကြာပြီ တဝေ၊ ငါနဲ့ ယဉ် ဗေဒင်တွေသွားမေး ယတြာတွေချေလည်း လုပ်ပြီးပြီ။ သူ ဒီရက်ထဲ ဆေးရုံမှာ သွားစောင့်ရင်း စာကျက်လိုက်၊ ဆန်ပြုတ်တွေ ဘာတွေချက်ပို့လိုက်နဲ့ ဗျာများနေတာ၊ နင်တို့ကို မပြောပါနဲ့ ဆိုလို့ ငါနဲ့ ပိုင်ပိုင်က မပြောတာ”

“ကံဆိုးလှပါလား ယဉ်ရယ်”ဟု ကျနော် နာကျင်စွာ ရေရွတ်မိပါသည်။

လက်ထပ်ဖို့ရည်ရွယ်ထားသူတစ်ယောက် စာမေးပွဲဖြေရမည့်ရက်တွင် ဆုံးပါးရလောက်အောင် ကံကြမ္မာသည် ယဉ့်အပေါ် ရက်စက်လွန်းသည်ဟု ကျနော်က တကိုယ်တည်း စောဒက တက်နေသည်။

စာမေးပွဲ ဖြေချိန်နီးပြီ။ ကျောင်းသားတွေ အဆောင်ပေါ်တက်နေသည်။ ကျနော် အဆောင်ပေါ်မှ လမ်းမဖက် မျှော်ငေးနေမိသည်။ အချိန်အလွန်နီးကပ်မှ တစ်ယောက်တည်း သုတ်သုတ်လျှောက်လာနေသော ယဉ့်ကို လှမ်းမြင်သည်။ ကျနော်သည် အရူးတစ်ယောက်လို ကျောင်းဆောင် အပေါ်ထပ်မှ ပြေးဆင်းသွားသည်။

“ယဉ် နင်အိုကေရဲ့လား

ကျနော်သည် တုန်ရီလှိုက်လှဲနေသလောက် ယဉ်သည် မယုံနိုင်လောက်အောင် တည်ငြိမ်လှသည်။

“ရတယ် တဝေ ငါဘာမှ မဖြစ်ဘူး”

အပြုံးရဲ့ရဲ့နှင့် သူပြောသည်။ ကျနော်သည် ယဉ့်မျက်နှာကို စိုးရိမ်ကြီးစွာ ကြည့်နေသည်။ ဇီဝဗေဒ လေးထပ်တစ်စောင်လုံးသည် မြေနီလမ်းမပေါ်မှ ကျနော်တို့နှစ်ယောက်ကို ရုပ်ရှင်တစ်ခုလို ကြည့်နေကြသည်။

ကျနော်က အရူးတစ်ယောက်လို ထပ်ကာထပ်ကာ မေးနေသလောက် ယဉ်က မခန့်မှန်းနိုင်လောက်အောင် တည်ငြိမ်သည်။ အုံကြီးတို့က လှေကားအထိ လာကြိုသည်။

စာမေးပွဲတစ်လျှောက်လုံး ယဉ် အေးအေးဆေးဆေး ဘာမှ မဖြစ်သလိုပင် ဖြေသွားသည်။ စာမေးပွဲပြီးသည်နှင့် နာရေးရက်လည်ရှိသည်ဟု အုံကြီးကတော့ ပြောသည်။ စာမေးပွဲတလျှောက်လုံး ကျနော် ယဉ့်ကို အရင်ကလို ပြန်ဂရုစိုက်သည်။ စာတွေ လုပ်ပေးပြင်ပေးသည်။ နာရေးတော့ ကျနော် မသွားပါ။

သူက တစ်ခွန်းပဲ တည်တည်ငြိမ်ငြိမ်ပြောသည်။

“သူမဆုံးခင် ငါပြုစုခွင့်ရလိုက်ပါတယ်ဟယ်။ ဖြေသာပါတယ်”တဲ့။

ယဉ်သည် ထိုသို့ကျပြန်တော့လည်း ကျနော် နားလည်ထားသည့် မိန်းမတစ်ယောက် မဟုတ်ပြန်။

ကျနော်သည် နောက်တစ်ကြိမ် ယဉ့်ကို နားမလည်နိုင်ဖြစ်ရပြန်သည်။

(၉)

ကျောင်းပိတ်ရက်များအတွင်း ကျနော် အလုပ်လည်း သိပ်မသွားဘဲနေသည်။ အိမ်မှာ စာတွေပဲ အကြိမ်အနယ်ဖတ်ပြီး ရဟန်းဝတ်ချင်စိတ်ပေါက်လာသည်။ သို့နှင့် ကျနော်သည် ဆိုင်းမဆင့် ဗုံမဆင့် အဘွား၊ အဒေါ်နှင့် မိသားစုလောက်ပဲ ခေါ်ပြီး အဒေါ်ဖြစ်သူ၏ ဘကြီးဘုန်းကြီးကျောင်းတွင် ရဟန်းသွားခံသည်။

ကျနော်ရဟန်းခံတာကို မိုးကြီးတစ်ယောက်ပဲ သိသည်။ အုံကြီးကိုပင် မဖိတ်။ ကျန်တဲ့သူတွေ မသိ။

ရဟန်းဝတ်ပြီး စာတွေပဲ ဖတ်နေသည် ၂ လလောက် ကြာပြီး ကျောင်းဖွင့်ခါနီးမှ မိုးကြီးက သူငယ်ချင်းတွေကို ခေါ်လာတော့ ကျနော့်ကို ဘုန်းကြီးကျောင်းမှာ တွေ့ကြသည်။ ဦးဇင်းတဝေဖြစ်သွားသည်။

ကျောင်းမဖွင့်ခင် ကျောင်းအပ်စရာ ပြင်ဆင်စရာတွေအတွက် အုံကြီး၊ ပိုင်ပိုင်နဲ့ ယဉ်တို့ ဘုန်းကြီးကျောင်းကို မကြာခဏရောက်သည်။ ကျောင်းဖွင့်ဖို့ တစ်ပတ်အလို။

မိုးကြီးဦးဆောင်ပြီး သူတို့တစ်သိုက် ရောက်လာပြန်သည်။

“ဦးဇင်း၊ ဘယ်တော့ ထွက်မှာလဲ၊ လူထွက်မယ့်နေ့ တပည့်တော်တို့ အဝတ်အစားတွေ ဝယ်လာပြီး လာစောင့်မလို့”

ယဉ်က လျှောက်သည်။ ပိုင်ပိုင်ကလည်း “အင်းလေ ဦးဇင်း၊ ကျောင်းတက်ရင် ကတုံးနဲ့ ဖြစ်နေတော့မယ်”ဟု ဝင်ထောက်သည်။

ဦးဇင်းတဝေ မိုးကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် မျက်လွှာကို ချသည်။ ညနေစောင်းနေသည် ပြတင်းမှ ကျောင်းထဲသို့ ဝင်ရောက်နေသည်။ ဦးဇင်းတဝေက ခင်းထားသော အနေကထိုင်ကို လက်နှင့်တို့ထိရင်း

“ဦးဇင်းက မထွက်တော့ဘူး။ နေနိုင်ရင် တသက်လုံး ဝတ်တော့မယ်”

ပထမတွင် နောက်နေသည်ထင်ပြီး သူငယ်ချင်းမ သုံးယောက် ဇဝေဇဝါဖြစ်သွားသည်။ ဦးဇင်းတဝေက မျက်လွှာပင့်မကြည့်ဘဲ တည်တည်ငြိမ်ငြိမ်ပြောနေ၍ မိုးကြီးကို ပြိုင်တူ လှည့်ကြည့်ကြသည်။

မိုးကြီးသည် အနေရခက်စွာ ခေါင်းကိုကုတ်၊ ပြင်ထိုင်လိုက်ပြီး

“ဟုတ်တယ်၊ ဦးဇင်းတဝေ ဘုန်းကြီးဝတ်မယ်ဆိုတဲ့ ညနေက ငါ့ဆီရောက်လာပြီး ခေါင်းရိတ်ဖို့ ဘရိတ်ဓား ဝယ်ခိုင်းမှ ငါလည်း သိတာ၊ သူက ဝတ်နိုင်သလောက် ဝတ်မယ်တဲ့၊ နင်တို့ကို အသိပေးရင် တားမှာစိုးလို့ ဆိုပြီး ဝတ်ကတည်းက အကြောင်းမကြားတာ။ နင်တို့ကို ဦးဇင်းတဝေက နောက်နေတာ မဟုတ်ဘူး”

ပထမဆုံး တအိအိငိုသည်မှာ ယဉ်ဖြစ်သည်။ အုံကြီးနှင့် ပိုင်ပိုင်ကလည်း ဘာလုပ်ရမှန်းမသိ။ ပိုင်ပိုင်က အရေးကြုံလျှင် ဖြစ်လေ့ရှိသည့် သူ့ဝသီအတိုင်း ထစ်ထစ်ငေါ့ငေါ့နှင့်ပြောသည်။

“ဦးဇင်း အင်း ဘုန်းကြီးကို ဆရာလုပ်သလိုတော့ ဖြစ်တော့မှာပဲ၊ ဟိုလေ၊ ဦးဇင်းက ငယ်ငယ်လေး ရှိသေးတာ၊ ကျောင်းပြီးအောင် တက်ပါဦး။ ပြီးမှ တပည့်တော်တို့ ပြန်ပြီး ရဟန်းခံပေးမယ်လေ”

“ဦးဇင်း သင်္ကန်းဝတ်နဲ့ပဲ တက်မှာ”

ဦးဇင်းတဝေသည် ယဉ်ကိုလည်း မကြည့်၊ ဘယ်သူ့ကိုမှလည်း မကြည့်။ တည်တည်ငြိမ်ငြိမ်ပင် မျက်လွှာကို ချထားသည်။

“ဪ ဦးဇင်းက သံယောဇဉ် ပြတ်တယ်ပေါ့လေ”

ယဉ်က ကလေးလို ရန်တွေ့သလို ပြောသောအခါ အုံကြီးက ကြိတ်ပြီး

“ဟဲ့ ဟိုက ဦးဇင်း၊ နင် ငရဲကြီးမယ်”ဟု ဖျောင်းဖြသည်။

ကျနော် ဦးဇင်းတဝေကတော့ စိတ်ထဲက ပြတ်သားထားသည်။ တင်းမထားလို့လည်းမရ၊ မဟုတ်ရင် သင်္ကန်းချွတ်ပြီး ထပြေးချင်မည်။

ငိုဟယ် ရယ်ဟယ်နှင့် သူတို့ တစ်သိုက် ပြန်သွားသည်။ ဦးဇင်းတဝေလည်း သူတို့ပြန်သွားပြီး တော်တော်ကြာသည်အထိ တုတ်တုတ်မှ မလှုပ်နိုင်။ ထပြီး ပြေးလိုက်မသွားမိအောင် စိတ်ကို ထိန်းနေသည်။ ဖတ်ထားသော တရားလေးတွေကို ပြန်တွေးကြည့်နေမိသည်။

ဒဂုံတက္ကသိုလ် အဝေးသင် စာသင်နှစ် ၂၀၀၁၊ ၂၀၀၂ တွင် ဇီဝဗေဒဆောင်၌ သင်္ကန်း တဖားဖားဖြင့် မဆီမဆိုင် ဖားခွဲ မျှော့ကြည့်ခန်း၌ ကျောင်းတက်နေသည့် ဦးဇင်းတစ်ပါးကို သတိထားခဲ့မိကြလျှင် ထိုကိုယ်တော်မှာ “ဦးဇင်းတဝေ” တဖြစ်လဲ “ဘလော်ဂါ သင်ကာ” ဖြစ်ပေသည်။

ထိုစဉ်က ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့ပါသေးသည်။ သံသရာဖြတ်စာ (Click Here) ဖြစ်သည်။

(ဆက်ရန်)

Advertisements

2 Comments

Filed under Story

2 responses to “Love Story (8 & 9)

  1. admin

    အရင်ပြောခဲ့တဲ့ ယဉ် ပကာသန မက်တာနဲ့ ဆေးတပ်ကလူကို ယူမှာ ကွန်ထရာ ဖြစ်နေတာ မှန်တယ်။

    အဲဒီနှစ်ချက်တင်မကဘူး၊ အဲဒီဆေးတပ်ကလူက ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ပြီး သေတာလည်း တော်တော် ဂွကျနေတယ်။

    ခက်တာက ဒီအဖြစ်အပျက်တွေက စိတ်ကူးယဉ် မဟုတ်ဘူး။

    တကယ်ပဲ သူ အဲဒီလူနဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။ ဆေးတပ်ကလူက ရာထူးမကြီးပါဘူး။ စစ်သူနာပြု ဒုအရာခံဗိုလ် တန်းဝင်တာတော့ ထိုစဉ်က ကိုယ့်ရွယ်တူတွေ လုပ်နေတာ မင်္ဂလာဒုံမှာ သွားရင်း လာရင်းတော့ တွေ့ပါတယ်။ သူဘယ်အဆင့်လည်း မသိတာတော့ အမှန်ပဲ။ စစ်/ဆေး ကျောင်းဆင်းတော့ မဟုတ်တာသေချာတယ်။

    ဒါပေမယ့် မိဘကတော့ စီးပွားရေးလုပ်ငန်းနဲ့ ပိုက်ဆံရှိပုံရတယ်။

    တစ်ခါမြင်တော့ ရွှေလက်စွပ်ရော ဆွဲကြိုးကြီးရော ပြူးနေတာပဲ။

    နောက်တစ်ချက်က ငှက်ဖျားကြောင့် သေတာပဲ။ ဒီနှစ်ချက်ဟာ တကယ်ပဲ ကျနော့် ဝတ္ထုမှာ ရသရဲ့ ကျိုးကြောင်းဆီလျော်မှုကို ပျက်စေတာ အမှန်ပဲ။

    ဒါပေမယ့် တကယ်ဖြစ်တဲ့ အဖြစ်အပျက်ဖြစ်နေတယ်။ ဒီစတိုရီ အစအဆုံးကို ကျနော် အပိုအလို မရှိဘဲ ရေးပါတယ်။

    အပြင်မှာ တကယ်ဖြစ်တာက ဝတ္ထုထက် ကမောက်ကမနိုင်တယ်လို့ပဲ သတ်မှတ်ပေးပါတော့။

    အားပေးတာ ကျေးဇူးပါ။
    သင်ကာ

  2. ksl

    ဘာလို့လဲမသိ စတည်းက ယဉ်ထက် အုံဆိုတာကို ပိုစိတ်ဝင်စားတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s