Love Story (3)

အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (၃)

(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)

(၃)

မချစ်ရင်နေပေါ့၊ သူငယ်ချင်းအချစ်ထက်ပိုတာကို ငါလျှော့မယ်ဟု တွေးကာ ဟေးလား ဟားလား လုပ်သည်။ ပီကေဝေလျှင် ကျနော့်ဆီမှ တစ်ဝက် ဗိုလ်ကျလေ့ရှိသော ယဉ့်ကို ကျနော်က ပီကေတစ်ခြမ်း မပေးတော့ခြင်းက အစ သိသိသာသာပြောင်းပစ်လိုက်သည်။

ယဉ်သည် ဗိုလ်ကျရန်သက်သက်အတွက် သူ့ဝေစု ပီကေကို အကုန်ဝါးပစ်ပြီး “တဝေ နင့်မှာ ပီကေ ကျန်သေးလား”ဟု လုပ်လေ့ရှိသည်။ အလိုက်သိသောကျနော်သည် တစ်ဝက်ဖဲ့ပြီးချန်ထားသော ပီကေကို ပေးစမြဲဖြစ်ပါသည်။ ထိုအခါမျိုးတွင် ပီကေတစ်ဝက်အတွက် သူကျေနပ်နေတတ်ပြီး သူငယ်ချင်းတွေက မသိချင်ယောင်၊ စကားပြောချင်ယောင် ဆောင်နေတတ်ကြပါသည်။

ကန်တင်းန်မှာ ထိုင်လျှင်လည်း ယဉ်သည် ဗိုလ်ကျ၍ ကျနော့်ပန်းကန်ထဲမှ သူကြိုက်တာကို ရွေးပြီး ယူစားသည်။ မိသားစု အပေါင်းအသင်းများအတွင်း မည်သူ့ကိုမှ ဗိုလ်ကျမခံသော ကျနော်သည် ယဉ်ဘာလုပ်လုပ် ခေါင်းငုံ့ခံသည်။ အစ်မကြီးစိတ်ရှိသော အုံကြီးက ယဉ်ထိုသို့ဗိုလ်ကျလျှင် ဘာမှတော့မပြော၊ သို့သော် သူ့ပန်းကန်ထဲမှ အသားတို့ ငုံးဥတို့ကို “တဝေ ငါဝပြီ၊ နင်စား”ဟု ထည့်ပေးတတ်သည်။ ထိုအခါမျိုးတွင် ဝလည်းဝတုတ်၊ အစားလည်းပုပ်သော မိုးကြီးက “ငါ့လည်းကျွေးလေ အုံကြီး”ဟု ဆိုကာ ကြားက လုစားတတ်သည်။


ကန်တင်းန်မှာ ထိုင်ကြပြီဆိုလျှင် ကျနော်က နောက်ဆုံးမှ ထိုင်ခုံနေရာယူသည်။ အလွန်စချင်သော မိုးကြီးနှင့် အလိုက်သိသော သူငယ်ချင်းများက ယဉ်နှင့်ကျနော့်အတွက်ခုံကို တွဲလျက်သား အမြဲပေးသည်။ ယဉ်က သူငယ်ချင်းအချစ်ထက် မပိုနိုင်ပါဟု ဆိုသောအခါ ကျနော်သည် အရင်က သူတို့ချန်ထားပေးသလို ယဉ့်ဘေးတွင် ဝင်မထိုင်ဘဲ အုံကြီးအနားမှာ ဖြစ်ဖြစ်၊ ပိုင်ပိုင့်အနားမှာ ဖြစ်ဖြစ် ကြားဝင်ပြီး ဟိုဘက်တိုးကြဟု ပြောကာ ဝင်ထိုင်သည်။ ထိုအခါမျိုးတွင် ယဉ်သည် မျက်ရည်ဝဲသည်။

ယဉ်သည် ကလေးဆန်သည်။ ကျောင်းထဲတွင် မတ်တပ်ရပ်၍ တဟီးဟီးနှင့် ငိုချင် ငိုချတတ်သည်။ သူသည် ထိုကဲ့သို့ ခဏခဏငိုလေသည်။

ထိုနေ့က သူငယ်ချင်းတွေ မျက်စိမျက်နှာ ပျက်နေသည်။ အရင်လို ဟေးလားဟားလားမဟုတ်။ ကျနော်က ကျောင်းကို နောက်ကျမှရောက်သည်။ ယဉ်ကတော့ သူ့ပုံစံအတိုင်း နုတ်ခမ်းပါးလေးကို မစူတစူ ပြုံးသလို မပြုံးသလို။ သူ့မျက်တောင် ကော့ကော့လေးများသည် ချစ်စရာလေးများ ဖြစ်ကြောင်း ထည့်ပြောမှ ဖြစ်မည်။

အတန်းတစ်ချိန်ပြီးတော့ မိုးကြီးနှင့် သားကြီးက လက်ကုပ်ပြီး ကျနော့်ကို ခေါ်ထုတ်သည်။ ယောက်ျားလေး အိမ်သာရှေ့ ဝရန်တာမှာ ရပ်ကြသည်။ သားကြီးက အုံကြီးတို့ မသိအောင် ဆေးလိပ်ခိုးသောက်ချိန်ဖြစ်၍ ဆေးလိပ်ထုတ်သောက်သည်။

ဒဂုံတက္ကသိုလ် ဇီဝဆောင် ၄ ထပ်မြောက်မှ ​မျှော်ကြည့်လိုက်လျှင် လယ်ကွင်းတွေက တမျှော်တခေါ်။ ထိုမြင်ကွင်းကို ကျနော်က ပန်းချီစိတ်မှန်းဖြင့် အရောင်ဖြည့်ကြည့်စမြဲ။ ထိုသို့စိတ်ကူးချိန်တွင် မိုးကြီး၏ စကားသံက မြင်ကွင်းများကို ဝေဝါးပျောက်ဆုံးသွားစေခဲ့သည်။

“ဟေ့ယောင် တဝေ၊ မင်း ဘာမှတော့ မဖြစ်နဲ့”

“အင်း”

ကျနော်က မိုးကြီးကို ထူးဆန်းသလို ကြည့်မိသည်။ သားကြီးကတဖက်သို့လှည့်ကာ စီးကရက်မီးခိုးတွေ မှုတ်ထုတ်နေသည်။

“မနက်က ယဉ့်ကို ဘဲတပွေ ကျောင်းလိုက်ပို့တယ်ကွ”

ကျနော်သည် ဇဝေဇဝါဖြစ်သွားသည်။

“အေးပါ ပို့ ပို့ ပေါ့”

အတန်းပြန်ဝင်ပြီးမှ ကျနော့်ရင်သည် လေပြင်းထန်လာ၍ တဖြည်းဖြည်း လှိုင်းထလာသော ရင်လို တရှိန်းရှိန်း တက် လာသည်။ ထိုနေ့က ကျနော် ကန်တင်းန်မှာ ထမင်းမစား။ လက်ဖက်ရည်ပဲ သောက်သည်။

“ငါ ဆေးလိပ်သောက်ချင်တယ်”လို့ ကျနော်ကပြောတော့ “ခေါင်းခေါက်ခံချင်လို့လား”ဟု အုံကြီးက ငေါက်သည်။

ယဉ်က ဘာမှ မသိသလို တောင်စဉ်ရေမရတွေ ပိုင်ပိုင်ကိုတလှည့်၊ သားကြီးကိုတလှည့် ပြောနေသည်။ သို့သော် ကျနော်က သားကြီးဖွက်ထားသည့် ကွမ်းယာကို ရှာပြီးနှိုက်စားသည်။ အုံကြီးက “ထွေးထုတ်စမ်း တဝေ နင်မစားတတ်ပဲနဲ့”လို့ပြောတော့ “ယောက်ျားလေးပဲ အကုန်လုပ်တတ်တယ်”ဟု ပြောရာ လေသံမာသွား၍ တစ်စားပွဲလုံး တိတ်သွားသည်။ အုံကြီးလည်း ဝမ်းနည်းသွားသည်။

ကျောင်းဆင်းတော့ ကျနော်သည် ရုတ်ကနဲထကာ သူတို့ကို မစောင့်ဘဲ ရှေ့ဆုံးက ထွက်သည်။ ကျနော်တို့သည် ကျောင်းကားအတူတူစီး၍ မြောက်ဥက္ကလာအဝိုင်းကျမှ ကားကို ပြောင်းစီးကြစမြဲ။ ကျနော်သည် သွားနေကြလမ်းက မသွားဘဲ တော်ဝင်လမ်းမကြီးဘက်ထွက်ကာ ဘတ်စကားကို စောင့်သည်။ ကားက တော်တော်နောက်ကျမှ လာသည်။ ဒိုင်နာကားကို တွက်တက်ပြီးလိုက်သည်။ မျက်စိက မနေနိုင်။ ကျောင်းကားဝင်းတလျှောက် လမ်းကို ကြည့်မိသည်။

ကျောင်းကားဝင်းဘက်ကနေ ဟိုကြည့်ဒီကြည့်နဲ့ ထွက်လာတဲ့ ယဉ်သည် ကျနော့်ကို လှမ်းမြင်သည်။ အတန်ငယ်ဝေးသော်လည်း ငိုမဲ့မဲ့ဖြစ်သွားသော မျက်နှာရိပ်ကို ကျနော် ကောင်းကောင်းဖမ်းမိသည်။ ကားက သူရပ်နေသည့် လမ်းထိပ်နားမှာ ရပ်ပြီး ဆက်ထွက်သည်။ ကျနော်က တွယ်စီးနေရာမှ မဆင်း။ ကားပြန်ထွက်သည်နှင့် ယဉ်က ငိုချလိုက်တော့သည်။ ကျနော်လည်း ဘာလုပ်မိမှန်းမသိ။

ကားဆရာကို “ဟိုးထား ဟိုးထား”ဟု အော်ရာ စပယ်ရာကလည်း လန့်ဖြန့်ပြီးလိုက်အော်၍ ကားနှေးသွားတော့မှ ခုန်ချကာ နေရစ်သည်။ ကျနော် နောက်ပြန်လှည့်ပြီး အပြေးတပိုင်းနှင့် သူ့ဆီသွားသည်။ တဟီးဟီးနှင့် မြေနီလမ်းပေါ် မတ်တပ်ရပ်က ငိုနေသော ယဉ်၏ အနောက်ဘက် ခပ်လှမ်းလှမ်းတွင် အပြေးတပိုင်းလာနေကြသော အုံကြီး၊ ပိုင်ပိုင်နဲ့ မိုးကြီးကို တွေ့ရသည်။

“ဟ ဘာလို့ ငိုတာလဲ၊ နင် မရှက်ဘူးလား၊ လမ်းလယ်ခေါင်ကြီးမှာ”

“နင်မှ ငါ့ကို ဂရုမစိုက်ပဲ”

နောက်မှ ရောက်လာကြသော မိုးကြီးတို့က ကျနော့်ကို ဆူသည်။

“မင်းကွာ၊ ဘယ်ပျောက်သွားတာလဲ၊ ငါတို့ စိတ်ပူလို့ လိုက်ရှာနေရတာ”

ကျနော်က မျက်နှာသေနှင့်။ ယဉ်က မျက်ရည်သုတ်၊ နှုတ်ခမ်းစူပြီး ဝင်ပြောသည်။

“မိုးကြီး နေပစေ။ သူမှ ငါတို့ကို မခင်ပဲ။ သူ ခုပဲ ကားပေါ်က ပြန်ဆင်းလာတာ ငါတွေ့တယ်”

မိုးကြီးက ဝင်ဖျန်ဖြေသည်။

“ကဲ ကဲ သွားကြမယ်၊ ကျောင်းကားပါ မမီဘဲနေမယ်။”

ပိုင်ပိုင် ပြုံးစိစိလုပ်နေသော်လည်း အုံကြီးက မျက်နှာမကောင်း။

ထိုနေ့က ယဉ့်ကို လိုက်ပို့ဖြစ်သည်။ သူတို့အိမ် မှတ်တိုင်ကို ကျော်စီးသွားပြီး မုန့်တီဆိုင်ကို ခေါ်သွားကာ မုန့်တီသုတ်ကျွေးသည်။ မနက်က အဖြစ်အပျက်ကို မေးဖို့ ကျနော်နှုတ်က ဆွံဟနေသည်။ မျက်ရည်စိုထားသော သူမျက်တောင်ကော့လေးများသည် ပိုပြီး ချစ်စရာကောင်းနေသည်ဟု ကျနော်ထင်သည်။ သူ့တို့အိမ် အနောက်ဘက်လမ်းမှ သူ့ကို အိမ်နားအထိ လိုက်ပို့သည်။ အိမ်မှာ ရေဝင်သောက်ဦးလို့ သူပြောပေမယ့် မသောက်တော့ဘူးဟုပြောကာ လှည့်ပြန်ခဲ့သည်။ သူ့ကို ပို့ပေးပြီးအပြန်တွင် ဒီတစ်ကြိမ်ပဲ မပျော်မရွှင် ဖြစ်ခဲ့ဖူးသည်။

(ဆက်ရန်)

Advertisements

1 Comment

Filed under Story

One response to “Love Story (3)

  1. ဒါကြီးကလဲ မတရားလိုက်တာ ဖတ်ရင်းနဲ့တောင် အမြင်ကပ်လာပြီ ..အဲ့တာ မသေမချင်း မျှင်းသတ်တယ် ခေါ်တယ်..ကြိုးရှည်ရှည်နဲ့ ဘန်ဂျီခုန်ခိုင်းသလိုပဲ ဆွဲတင်လိုက် ပစ်ချလိုက် အဲ့လိုလုပ်တာ ရှိတယ် သူငယ်ချင်းတွေထဲမှာ အဲ့လိုမျိုး လုပ်လေ့ရှိတဲ့ မမလေးတွေ…မျက်ရည်လေးကျပြရင် ကိုရွှေယောက်ကျားတွေက သေရင်သေပါစေ ဆိုတာချည်းပဲ.:)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s