Love Story (1 & 2)

အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (၁၊ ၂)

(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်းဆန်မည် ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)

(၁)

ကျနော့်ရှေ့တည့်တည့်တွင် ယဉ်၏ အမျိုးသားထိုင်နေသည်။ နံဘေးတဖက်တချက်တွင် ယဉ်နှင့် ယဉ်၏ ယောက္ခမတို့ထိုင်နေသည်။ အလယ်တွင် ထမင်းဝိုင်းရှိသည်။ ကျနော်က ယဉ့်အမျိုးသားကို ဖျတ်ကနဲကြည့်သည်။ ထိုလူကမရိပ်မိသော်လည်း ယဉ်က ကျနော့်အကြည့်ကို သိသည်။ ကျနော့်အကြည့်တွင် ငါ့ထက် သူက ဘာသာသလဲဟူသော နာကျည်းသည့် အတွေးကို ယဉ်က အလုံးစုံဖမ်းမိအောင် ပါးနပ်သည်။ တကယ်က ရုပ်ရည်မသာသည့်တိုင် မိန်းမတစ်ယောက်အတွက် ဘဝအာမခံချက်ပေးနိုင်မည့် ပစ္စည်းဥစ္စာဓနတော့ ထိုလူက ကျနော့်ထက်သာပါသည်။ ရင်သည် စူးကနဲနာသည်။

ယဉ်၏ ယောက္ခမက မေးနေသဖြင့် မေမေတို့ ဘိလပ်သွားတယ်ဟု တိုတိတိသာ ဖြေမိသည်။ ဟင်းခွက်ကို လက်အနှိုက်တွင် ထိုလူနှင့် လက်ဆုံသည်။ တကယ်ဆိုလျှင် ယဉ့်ကို ကျနော် ဟင်းခပ်ထည့်ပေးချင်ပါသည်။ ရင်ဘတ်သည် ပိုမိုစူးရှနာကျင်သောကြောင့် ထမင်းစားပွဲမှ ထလိုက်သည်။

ကျနော် ဗြုန်းကနဲ လန့်နိုးလာသည်။ ကျနော့်ရင်သည် အိပ်မက်ထဲက ထမင်းဝိုင်းမှာ ယဉ်နှင့်တွေ့ခဲ့သည့်အတိုင်း နာကျင်နေဆဲဖြစ်သည်။ ယဉ်နှင့်ကျနော် မတွေ့တော့တာ ဆယ်စုနှစ်တစ်ခုနီးပါးရှိတော့မည်။ ကျနော့်ရင်ထဲမှ ယဉ်သည် မနေ့တနေ့ကအတိုင်းလေးပဲ ရှိနေပါသည်။ အချစ်ထက် ငွေကြေးကို ဦးစားပေးရွေးချယ်သွားသော၊ သာမာန်မိန်းကလေးတို့၏ ထုံးစံအတိုင်း ဘဝအာမခံချက်ကို ဦးစားပေးသွားသော ယဉ်ကို ကျနော်သည် မနာကျည်းနိုင်။ ထိုစဉ်က ဆင်းရဲချို့တဲ့လွန်းခဲ့သော ကိုယ့်ဘဝကိုသာ ကျနော် နာကျည်းနေမိသည်ကလည်း ထူးဆန်းပါသည်။ စိတ်မနာနိုင်လောက်အောင်ပင် ယဉ့်ကို ကျနော်ချစ်ပါသည်။ ယဉ် ကျနော့်အပေါ်မှာ အတော်ကလေး ရက်စက်ပါသည်။ အနိုင်ယူပါသည်။ လှည့်စားပါသည်။ သို့သော် ကျနော် ချစ်နေမိသေးသည်။


အခုအချိန်တွင် ဘလော့ဂ်နဲ့ပုလင်းကိုဖက်ပြီး စာသင်လိုက်၊ စာရေးလိုက် ကိုယ်စိတ်သန်ရာ လုပ်နေသော ကျနော့်ရင်ဘတ်ထဲတွင် တချိန်က အချစ်ဆိုတာကို နင့်နင့်ကြီး ခံစားရဖူးလောက်အောင် ကြုံခဲ့ဖူးပါသည်ဟု ပြောလျင် လူသားဆန်မှုတစ်ခုသာပဲ ဖြစ်မည်။ ကျနော့် ဒီနေ့လက်သုံးစကားက “ကျုပ်ရင်ထဲမှာ အချစ်ဆိုတာ မရှိတော့ဘူး”ဟူ၍ဖြစ်သည်။

သို့သော် ကျနော် ချစ်ခဲ့ဖူးပါသည်။ ကျနော်နှင့်ချစ်ကြိုက်သည်ဟု အများကမြင်ကြသော မိန်းကလေးများစွာရှိခဲ့သော်လည်း တကယ်တမ်းပြန်ဆန်းစစ်သောအခါ ကျနော့်ဘဝတွင် တကယ်ချစ်မိသူက ၂ ယောက်လောက်ပဲ ရှိမယ် ထင်ပါသည်။ ယဉ်သည် ကျနော့်ရင်ထဲမှ အချစ်များကို သူလည်း မယူ၊ သူများလည်း မယူရအောင် ချိပ်ပိတ်သွားသူ ဖြစ်မည်။ သူ့ကို နားလည်ခွင့်လွှတ်လိုက်ပြီးနောက်ပိုင်းတွင် ကျနော့်ရင်ထဲသို့ အခြားမိန်းမတစ်ယောက် ထပ်မံဝင်ရောက်နိုင်ခြင်းမရှိတော့ပါ။ အသက် ၃၀ အရွယ်တွင် ဤသို့ ကောက်ချက်ချရန် စောနေသေးသည်လား၊ ဒါတော့ ကျနော်မပြောတတ်ပါ။

ယဉ့်အကြောင်းကို ကျနော် စိတ်လိုလက်ရ ပြန်တွေးမိလျှင် ယဉ့်ကို ခွင့်လွှတ်နားလည်ပေးစိတ်သာ များခဲ့ပါသည်။ အတော်ကြီးကို အစွဲအလမ်းနည်းသော၊ မေ့ပျောက်လွယ်သော ကျနော့်စိတ်အစဉ်တွင် ယဉ်သည် ဘယ်အချိန် ပြန်တွေးတွေး စိတ်လွှာတွင် ပီပီပြင်ပြင်ကြီး ပေါ်လာစမြဲဖြစ်သည်။ မိုးဖွဲဖွဲအောက်တွင် ဖျတ်ကနဲသူကြည့်သွားသည့် အကြည့်တချက်ကိုပင် ကျနော့်စိတ်က မိမိရရ ဖမ်းဆုပ်ထားနိုင်ပါသေးသည်။

၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ ခုနှစ်။ ကြာပြီဟုထင်လျှင် ကြာနိုင်ပါသည်။ မကြာသေးဟု ယူဆလျှင်လည်း မကြာနိုင်သေးပါ။ အဖြစ်အပျက်တို့က ကျနော့်ကို သက်ပြင်းချအောင် ပြုနေဆဲ ဖြစ်ပါသည်။

(၂)

ကျနော့်အဖို့ ဒဂုံတက္ကသိုလ်သည် ဒုတိယအကြိမ်မြောက် ခြေချခြင်းဖြစ်သည်။ ပထမတစ်နှစ်မှာ စာမေးပွဲကျသည် (အကျခံသည်ဆိုလျှင် ပိုမှန်မည်)။ ကျောင်းတွေက နိုင်ငံရေးကြောင့် ပိတ်ထားလိုက်သည်။ အသက် ၂၀ လည်း ပြည့်တာနဲ့ ပဉ္ဇင်းခံသည်။ ယခု ကျောင်းတွေ ပြန်ဖွင့်တော့ တက္ကသိုလ်စာသင်နှစ်ကို လေးနှစ်မှ သုံးနှစ်သို့ လျှော့ချလိုက်သည်။ သုံးနှစ်လျှော့ချပြီးအစတွင် ကျနော်ကျောင်းပြန်ဆက်သည်။ ၂၀၀၀ ပြည့်နှစ်။

အဝေးသင်ဖြစ်၍ တစ်ပတ်မှာ ၂ ရက်ပဲ တက်ရသည်။ တစ်ပတ် နှစ်ပတ်အတွင်းမှာပဲ ဓာတ်ခံတူသော ကျောင်းသားတစ်စု ပေါင်းမိသည်။ ကျနော်၊ မိုးကြီးနဲ့ သားကြီးက ယောက်ျားလေး။ ယဉ်၊ အုံကြီးနဲ့ ပိုင်ပိုင်က မိန်းကလေး။ နာမည်က နာမည်ပြောင်တွေ ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ကျောင်းပြီးသည် အထိ ကျနော်တို့ တွဲခဲ့ကြသည်။ ကျနော်နှင့် ယဉ် ကြားမှာသာမက အချင်းချင်း သံယောဇဉ်တွေကြားမှာ နာကျင်စရာတွေ လှိုက်မောစရာတွေ ဖြစ်ခဲ့ကြပါသည်။ ကျနော်နှင့်ယဉ်၏ အဖြစ်ကတော့ စိတ်ကူးယဉ်အဆန်ဆုံး ဖြစ်နိုင်ပါသည်။

ယဉ့်မှာ အမေမရှိတော့ပါ။ သူအထက်တန်းကျောင်းသူဘဝတွင် ဆုံးသည်။ အဖေ၊ အစ်မလတ်တို့နှင့် နေသည်။ မင်္ဂလာဒုံက ဝန်ထမ်း အခန်းတွဲလေးမှာ သူတို့အိမ်ခေါင်းရင်းက အိမ်ထောင်ကျ အစ်မကြီးနေသည်။ ယဉ့်အိမ်သို့ ကျနော်တို့ မကြာခဏရောက်သည်။ ထင်းချက်စားသည်။ မုန့်တီချက်စားသည်။ ယဉ့်အစ်မလတ် မသင်းနဲ့ပါ ကျနော်တို့ခင်သည်။ ယဉ်က “မသင်း” “မသင်း”ဟုခေါ်သော်လည်း ယဉ့်ထက် ကိုယ်လုံးကိုယ်ပေါက်သေးသော အစ်မလတ်ကို ကျနော်တို့က နားထဲမှာ “မသေး”ဟု ကြားသည်။ သို့နှင့် “မသင်း”လည်း အိမ်မှာနေရင်း “မသေး”ဟု နာမည်ပြောင်ရသွားသည်။

ကျနော်တို့ ခြောက်ယောက်သည် ကျောင်းမှာ ဘယ်သွားသွားမခွဲ။ အတန်းမရှိလို့ ဘုရားတွေ လျှောက်သွားလည်း အတူတူ။ ပထမနှစ်တွင်ပင် ကျနော် ယဉ့်ကို စိတ်ဝင်စားသည်။ အများဆုံး ဘေးတီးသူက မိုးကြီးဖြစ်သည်။ ဒါပေမယ့် သူငယ်ချင်းတွေကြားမှာ ဖာသိဖာသာပဲ နေကြပါသည်။ ပရယ်တီကယ်ချိန်တွင် ကျနော်က ပုံတွေ ဆွဲဖို့တာဝန်ယူသည်။ သူတို့က စာရေးပေးသည်။ မိုးကြီးက အစအနောက်သန်လွန်းသဖြင့် ဘယ်နေသွားသွား ကျနော်တို့အဖွဲ့မှာ တဟားဟားဖြစ်သည်။

သူတို့အိမ်နားက အထည်ချုပ်စက်ရုံမှာ ယဉ်က စာရေးမလုပ်သည်။ အဝေးသင်တွေမို့ တစ်ပတ်မှာ နှစ်ရက်ပဲ တွေ့ရတော့ ကြားရက်မှာ ကျနော် ယဉ့်ကို တွေ့ချင်လျှင် မိုးကြီးကို ခေါ်ရသည်။ ကျနော်သည် အထည်ချုပ်စက်ရုံရှေ့သွားပြီး ထမင်းစားနားချိန်စောင့်ကာ ယဉ့်ကို တစ်ယောက်ထဲ သွားခေါ်ထုတ်ရလောက်အောင် သတ္တိကမရှိ။ မိုးကြီးနဲ့ပဲ အတူတူသွားသည်။ လမ်းထိပ်ကိုထွက်ပြီး ထမင်းစား၊ လက်ဖက်ရည်သောက်။ ဘာမှ ဖွင့်မပြောသော်လည်း ဒီလိုလေးနဲ့ပဲ ကျေနပ်နေခဲ့သည်။ ယဉ့်မှာ ရည်းစားမရှိသေးဟု သိရသောနေ့က တော်တော်ပျော်ပါသည်။

ကျနော်က ပန်းချီအဖွဲ့တစ်ခုနှင့်တွဲ၍ ပန်းချီလုပ်ငန်းလုပ်သည်။ ပိုပိုလျှံလျှံဟု မရှိပါ။ ကျောင်းစရိတ်ရလောက်ရုံဖြစ်သော်လည်း ဝါသနာပါသောအလုပ်မို့ ပျော်မွေ့နေသည်။ ထိုစဉ်ကစ၍ ခုချိန်ထိ ကျနော်သည် ငွေတစ်ခုတည်းအတွက်ကြောင့် အလုပ်မလုပ်ခဲ့ဖူးပေ။ ဝါသနာမပါ၊ စိတ်မဝင်စားလျှင် ငွေပိုရလည်း မလုပ်ခဲ့။ ကျနော်တို့အဖွဲ့သည် အစားအသောက်ကိုသာ မက်ပြီး အဝတ်အစားကို လျှပ်ပေါ်လော်လီခြင်းမရှိကြပါ။ ရှိုးစမိုးတွေလည်း မထုတ်ကြပါ။ အသက်အကြီးဆုံးဖြစ်သူ အုံကြီးက နင်တို့တွေ ပုဆိုးနဲ့ လည်ကတုံးလေးတွေ လိုက်တယ်၊ ဝတ်ကြဆိုတော့ သူပြောသလိုပဲ ဝတ်သည်။

မိုးကြီးအိမ်ကိုလည်လိုက်၊ ရွှေပြည်သာအထိသွားပြီး သားကြီးအိမ်ကို လည်လိုက်၊ ဘုရားတွေ လျှောက်သွားလိုက်နှင့် တော်တော်ကြီးပျော်ခဲ့ကြသည်။ ရည်စားမထားကြကြေးဟု သတ်မှတ်ထားသည်။ ကျနော်တို့ သူငယ်ချင်း ၆ ယောက်ကြား ဘယ်သူမှ ကြားဝင်လို့မရခဲ့။ ဘယ်သွားသွားအပြန်ဆိုလျှင် ကျနော်သည် ယဉ့်ကို သူ့အိမ်ရှိရာ မင်္ဂလာဒုံအထိ လိုက်ပို့ပြီးမှ ကျနော်တို့ ပန်းချီအဖွဲ့နေရာ ကျောက်မြောင်းကို ပြန်သည်။ ဟိုးအရင်က Tu Tu & Group ဟု နာမည်တပ်ခဲ့ပြီး မကြာသေးခင်အထိက AAD ဟု အမည်ပြောင်းထားသော သူငယ်ချင်းတစ်ယောက် ဆက်လက်လုပ်ကိုင်နေသော ပန်းချီဆိုင်လေးကို ကျောက်မြောင်းရဲစခန်းဘေးတွင် တွေ့နိုင်ပါသည်။

ဘယ်ပဲ လိုက်ပို့ရပို့ရ ကျနော်သူ့အတွက် ငြိုငြင်ပင်ပန်းသည် မရှိခဲ့ပါ။ သူငယ်ချင်းတွေကို အသိမပေးဘဲ သူသွားစရာရှိတဲ့နေရာကို တိတ်တိတ်လိုက်ပို့သည့်အခါလည်း ပို့သည်။ ပထမနှစ်ဝက်တွင် ကျနော် ရောဂါသည်းလာသည်။ အချစ်ကို ဖုံးမရ ဖိမရ။ အစတွင် ယဉ်က စိတ်ဝင်စားဟန်ပြနေသော်လည်း ကျနော်တကယ်ချစ်နေပြီဟု သိသောအခါ မသိချင်ယောင်ဆောင်နေပြန်သည်။

“ငါ တဝေ့ကို သူငယ်ချင်းလိုပဲ ချစ်လို့ရတယ်”ဟု မိုးကြီးမှ တဆင့် ပြန်ပြောသောအခါ ကျနော် ပေါက်ပေါက်ကွဲကွဲဖြင့် “သူလိမ်တာ” ဟု အော်ဟစ်မိပါသည်။

ကျနော့်ကို အားလုံးက “တဝေ”ဟု ခေါ်ကြပါသည်။ ထိုစဉ်က တီဗီမှပြသော ဇာတ်လမ်းတွဲမှ ဇာတ်ရံ “မုံတဝေ”နှင့် တူသည်ဆိုပြီး အုံကြီးက နာမည်ပြောင်ပေးထားခြင်းဖြစ်သည်။ ကျနော်မှတ်မိသလောက် ထိုဇာတ်လမ်းမှာ မွေးစားအစ်ကို “ရီဟန်ကိုကို” ကို ချစ်နေသော မျက်မမြင်ကောင်မလေးနှင့် ထိုကောင်မလေးကို ချစ်သဖြင့် မျက်မမြင်ဟန်ဆောင်ကာ ကျောင်းအတူလာတက်နေသော ကောင်လေး “မုံတဝေ”တို့ ဇာတ်လမ်းဖြစ်သည်။ မုံတဝေသည် ကောင်မလေး၏ အချစ်ကို မရခဲ့ပါ။ အုံကြီးပေးခဲ့သော နာမည်သည် ကျနော့်ကို နိမိတ်ဖတ်ထားပြီး ဖြစ်ပါသည်။

(ဆက်ရန်)

Advertisements

2 Comments

Filed under Story

2 responses to “Love Story (1 & 2)

  1. ကိုစောညိန်းကြိုက်တာ ထောက်တော့ ခင်ဗျားလည်း ဒီလိုပဲလာမှာပဲတွေးမိသား…
    လူကြမ်းတွေက နှလုံးသားနုသဗျာ..။
    ဆက်ဦး…….

  2. အချစ်ထက် ငွေကြေးကို ဦးစားပေးရွေးချယ်သွားသော၊ သာမာန်မိန်းကလေးတို့၏ ထုံးစံအတိုင်း ဘဝအာမခံချက်ကို ဦးစားပေးသွားသော ယဉ်ကို ကျနော်သည် မနာကျည်းနိုင်။

    စွပ်စွဲချက်တွေက ??????ပြင်းထန်လိုက်တာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s