Love Story (4 & 5)
အချစ်စစ်တစ်ခု၏ ဘာသာဗေဒ (၄၊ ၅)
(တိုက်ဆိုင်မှု ရှိနိုင်ပါသည်။ စိတ်ကူးယဉ် ဆန်ကောင်း ဆန်မည်ဖြစ်သော်လည်း တကယ့် အဖြစ်အပျက်များ ဖြစ်ပါသည်။ အုံ၊ ယဉ်၊ ပိုင်၊ မိုးနဲ့ သားကြီးတို့ကို ရည်ညွှန်းပါသည်။ သင်ကာ)
(၄)
ဖုန်းဆက်ပြီးနောက် မိုးကြီးနှင့် အုံကြီးတို့ ပန်းချီဆိုင်ကို ရောက်လာကြသည်။ လက်ဖက်ရည်ဆိုင် ထွက်ထိုင်ကြသည်။
“ဟေ့ယောင် ဘယ်လိုလဲ၊ မနေ့က ပြန်ချော့လိုက်လား”
မိုးကြီးက စပ်ဖြဲဖြဲနှင့်မေးတော့ အုံကြီးရှေ့မှာမို့ ရှက်ကိုးရှက်ကန်း ဖြစ်မိသည်။ နောက်တော့ ထွေရာလေးပါးပြောရင်း ဟိုရောက် ဒီရောက်။
ပြောနေရင်းက အုံကြီးက စကားမစပ် ထပြောသည်။
“တဝေ နင်သိသင့်တယ်လို့ ငါတို့ ထင်တယ်။”
ပြောပြီး အုံကြီးက မိုးကြီးကို လှမ်းကြည့်သည်။ မိုးကြီးက ရေနွေးငှဲ့သလို အလုပ်များချင်ယောင် ဆောင်နေသည်။
“တဝေ၊ ငါတို့ နင့်ကို အခုမပြောရင် နောက်တော့ နင်ပိုခံစားရမယ်။ ယဉ့်မှာ ရည်းစားရှိနေပြီ။ ဆေးတပ်က။ ကျောင်းပြီးရင် သူတို့ ယူကြမယ်လို့ ပြောတယ်”
ကျနော် မျှော်လင့်ထားသည်ထက် အရာရာသည် ပိုမို ခိုင်မာနေသည်။ ကျနော်သာလျှင် မခိုင်မာသော ဘဝ၊ အနာဂတ်ရှိသည်ဟု အာမ မခံနိုင်သောအလုပ်နှင့် မရေမရာ ဖြစ်နေသည်။ ကျနော်သည် ကိုယ့်အားကိုယ်ကိုးရသူဖြစ်သည်။ မိဘက မချမ်းသာ။ ဘာမှ ထောက်ပံ့မပေးနိုင်။ ကျနော်ကလည်း ငွေကြေးဆိုတာကို ကိုယ်ရပ်တည်နိုင်ရုံလောက်ကလွဲပြီး မက်မက်မောမော ရှာဖွေ စုဆောင်းစရာဟု မမှတ်ခဲ့ပါ။
ကျနော်သည် မိုးကြီးငှဲ့ပေးသော ရေနွေးခွက်ထဲက ရေနွေးကို လက်ညှိုးနှင့် တို့ပြီး စာပွဲပေါ်မှာ ရေနှင့် ပုံရုပ်ရေးနေမိသည်။
“ယဉ်က မင်းအပေါ်သံယောဇဉ်တော့ ရှိပါတယ်။”
နှစ်သိမ့်ဖို့ ကြိုးစားသော မိုးကြီး၏စကားမှာ မရေမရာ အတီအငေါ်မတည့်ဖြစ်နေသည်။
“တဝေ၊ နင်လည်း နောက်တစ်ယောက်ထားလိုက်ပေါ့ဟဲ့”
အမိမဲ့ အဖဝေးဘဝမှာ ပျော်ပျော်နေတတ်သော အုံကြီးက မရယ်ချင် ရယ်ချင်နှင့် တိတ်ဆိတ်နေမှုကို ကိုင်လှုပ်ပေးသည်။
ကျနော့် ဘဝတွင် ဟာလာဟင်းလင်း အဓိပ္ပာယ်မဲ့ရသည့် အဖြစ်မျိုး ခံစားရဖူးပါသည်။ ဒီတစ်ခါသည်လည်း တော်တော်ဆိုးပါသည်။ တစ်နှစ်မပြည့်မီကာလအတွင်း ကျနော်တို့သည် သူငယ်ချင်းသံယောဇဉ်၊ ကျနော့်အတွက်ဆိုလျှင် ယဉ့်အတွက် သူငယ်ချင်းထက်ပိုသော သံယောဇဉ်တို့သည် ဤမျှလောက် ခိုင်မြဲလိမ့်မည်၊ ဒုက္ခပေးလိမ့်မည်ဟု ကျနော် မထင်မိပါ။
ကျနော် တနှစ်ကအထိ မြန်မာပြည်ပြန်တိုင်း မိုးကြီးအိမ်မှာ သွားအိပ်မြဲ။ လှည်းကူးက ဇော်ထွန်းသောင်းဆီ ထန်းရည်သွားသောက်မြဲ။ ပိုင်ပိုင်၊ အုံကြီးတို့ဆီ မသွားနိုင်ရင်တောင် ဖုန်းဆက်မြဲ။ ယဉ်နှင့် သားကြီးတို့အကြောင်း မေးနေမြဲ။
(၅)
ထိုနေ့က မိုးတွေရွာသည်။ ကျနော့်ရင်မှာ မတင်မကျဖြစ်နေတာတွေ ရှင်းပစ်ဖို့ အချိန်ရောက်ပြီဟု ကျနော် ထင်သည်။
ကျနော့်မှာ ထီးမပါ။ ဘယ်သောအခါမှလည်း ကျနော်သည် ထမင်းချိုင့်၊ ထီး စသည်တို့ကို မယူဖူးပါ။ ယဉ့်ကို လိုက်ပို့တော့ မင်္ဂလာဒုံသွား ဘတ်စ်ကြီးဖြစ်၍ ကိစ္စမရှိ။ ထိုနေ့က ရှစ်မိုင်လမ်းဆုံမှာကတည်းက ယဉ်က ကျနော့်ကို ပြန်ခိုင်းနေသည်။ ကျနော်ကလည်း ပို့နေကျအတိုင်း အိမ်ရှေ့မှတ်တိုင်အထိ ပို့မယ်ဟု ဇွတ်ပေကပ်နေသည်။ သူကလည်း ဒါဆို မဆင်းဘူးဟု ပြန်ခြိမ်းခြောက်သည်။ “ဘာလို့လဲ ငါနင့်ကို ဒီလိုပဲ ပို့နေကြပဲဟာ”ဟု ကျနော်က ပေကပ်နေသည်။
သူဆင်းရမယ့်မှတ်တိုင်ကို ကျော်သွားသည်။
“တဝေ ငါစိတ်တိုလာပြီ။ နင်မဆင်းလည်း ရှေ့မှတ်တိုင်မှာ ငါဆင်းတော့မယ်။ နင် ငါ့နောက် လိုက်မလာနဲ့”
ယဉ်သည် ဒီလို တခါမှ နင့်နင့်သီးသီးမပြောဘူးချေ။ သူရှေ့ပေါက်မှ ဆင်းသွားသောအခါ ကျနော်က နောက်ပေါက်မှ ဆင်းလိုက်သည်။ ယဉ်သည် တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ ကားလမ်းကူးသွားသည်။ တစ်ဖက်တွင် မင်္ဂလာဒုံစျေးရှိသည်။
ကျနော်က ဒီမှာဘက် မှတ်တိုင်မှ ရပ်ပြီးကြည့်နေသည်။ မိုးတွေကရွာနေသည်။ ကျနော်သည် စိုရွှဲစပြုလာသည်။
ယဉ်သည် တစ်ဖက်လမ်းတွင် အသင့်စောင့်နေသော ကျနော်နှင့် မတိမ်းမယိမ်းလူတစ်ယောက်ဆီ လျှောက်သွားပါသည်။ ဟိုလူကလည်း တပြုံးပြုံးနှင့် ကြိုသည်။
ထိုမြင်ကွင်းကို မိုးစက်များအောက်မှာ ကျနော် အရသာခံ၍ ကြည့်နေပါသည်။ (ချိုမှအရသာ မဟုတ်ပါ။ ခါးသီးခြင်းသည်လည်း အရသာထဲတွင် ပါပါသည်။) ကျနော်မျက်ရည်ကျ မကျကိုမူ မိုးစက်များကြောင့် ကိုယ့်ဖာသာပင် မသိပါ။ မျက်ရည်ကျလည်း မိုးရွာထဲမှာမို့ ဘယ်သူမှ မသိနိုင်ပါ။ ထိုလူနှင့် လက်ချင်းချိတ်၍ ထွက်မသွားမီ ယဉ်သည် ကျနော့်ကို တစ်ချက်တော့ ငဲ့ကြည့်သွားပါသည်။ ထိုအကြည့်ကို ကျနော် ယနေ့ထက်ထိ နားမလည်ပါ။
သတိပြန်ဝင်လာချိန်တွင် တွေ့ရာကားပေါ် ကျနော် တွယ်တက်ပြီး လိုက်သွားမိလိုက်ပါသည်။
တွယ်စီးနေသော ကျနော့် မျက်နှာပေါ် မိုးစက်များ ကျနေဆဲ ဖြစ်သည်။
နဂိုကတည်းက အနုပညာသမားပီပီ ဘဝမှာ နေထိုင်လာသော ကျနော်သည် အချစ်၏ ဒဏ်ကို အလူးအလဲခံရသည်။ ထိုဒဏ်ကို သက်သာအောင် အရက်နှင့် မိတ်ဆက်ပေးသူမှာ ပန်းချီဆရာ ငယ်ပေါင်းကြီးများဖြစ်သော ကေမိုးကိုနှင့် ကျော်သာဒွန်းဖြစ်သည်။ အစ်ကိုကြီးလို ခင်မင်လေးစားရသူ ထားဝယ်တူးတူး ကမူ အရက်မသောက်။ ကျနော်သောက်တာကိုလည်း မတားမြစ်။
ကျနော်သည် အရက်၏ ခါးသီးမှုထဲမှ ချိုမြိန်သော လှည့်စားမှုကလေးကို သဘောတွေ့သွားသည်။ ကျောက်မြောင်းက လိုင်စင်ရ အရက်ဖြူဆိုင် သစ်သားနှစ်ထပ်အိမ်မဲကြီးကို ညနေဆို ကျနော် ရောက်ရောက်သွားတာ အခေါက်အခါ စိပ်လာသည်။
ကျနော်သည် ယဉ့်ထံမှ ခွာ၍ ရီဝေဝေညနေများတွင် ဆေးလိပ်မီးခိုးများ ဝဲပျံနေသော အရက်ဆိုင်ထဲ၌ ပန်းချီဆရာများ၊ အရက် တစ်ပိုင်း၊ ဝက်ခေါက်းသုပ်တို့နှင့်ထိုင်ကာ ပန်းချီဝါဒတွေ ဒဿနတွေကို လေဖောင်ဖောင်ပြောကြသည့် ဝန်းကျင်သို့ ပိုမိုချဉ်းကပ်နေမိသည်။
(ဆက်ရန်)
Advertisements
1 Comment
Filed under Story
One response to “Love Story (4 & 5)
    လာဖတ်ခံစား ယူဆောင်သွားပါတယ် ကဗျာဆရာ
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s