Eternal Long

အန္တိမ တမ်းချင်း

သင်ကာ

အစွယ်ကို လိုသူ မိဖုရား။

မြေပြင်ကို ပြုတ်ကျတဲ့ စေတန်ရဲ့ သံစဉ်တွေထဲမှာ သူ့ရယ်သံ ပါဖူးတယ်။ ဝါတာလူးစစ်ပွဲတုန်းက နပိုလီယံ တွေးဖူးတဲ့ အတွေးတချို့အခုမှ တရေးနိုးလာကြတယ်။ သံသရာမှာ ကျခဲ့ဖူးတဲ့ မျက်ရည်တစ်စက်နဲ့ အခု မျက်ရည် တစ်စက် အနည်ထတာကလွဲရင် အကြည်ရောင် သက်သက်တွေပါ။ ဝင်္ကန္တဉာဏ်တွေကို အတောင်ပံတပ်ပြီး မြက်ပင်ဖျားက ခုန်ချဖို့ ကြံတယ်။ မျက်ရည် တစ်စက်နဲ့ ကမ္ဘာမြေထု သွက်သွက်ခါအောင် မာယာတွေလည်း တတ်မြောက်ခဲ့ပြီ။ မှောက်ရက် လဲကျတဲ့ သောကဝတီမြစ် မှာ ခြေ၊ လက်တွေ ဆန့်ထွက်သွားခဲ့။ ပန်း တစ်ခက်တည်းကို ကျိန်စာတွေ နေရာ ရွှေ့ ပြောင်းလာခဲ့တယ်။ နာရီတွေက နေ့၊ ညတွေကို ဒရွတ်တိုက် ဆွဲယူသွားချိန်မှာ အလှပဆုံး အမျက် အာဃာတတွေကတော့ ထွက်ကျကျန်နေခဲ့ပြီပေါ့။


သို့စင်မျှလောက်၊

မထောက်မဆ

ကြံရက်တဲ့ မိန်းမအား

မရသရွေ့၊ သူ မမေ့ရာပြီ။

အမှတ်တမဲ့ ပွေ့ဖက် နှုတ်ဆက်မိပြီးမှ အဖတ်ဆယ်လို့ မရလောက်မှန်း သိလိုက်တယ်။ အဇ္ဈတ္တခွန်အားတွေ ခိုးယူခံလိုက်ရပြီကော။ လှုပ်ရှား ပြန့်ကားနေတဲ့ စကြဝဠာ ပြတိုက်ထဲက ကဗ္ဗည်းတပ် သက်ငြိမ်ဝထ္ထုတွေကို မြတ်နိုးခဲ့မိတာ မှားပြီ။ အလင်းထု နံရံတွေ ပြိုကျသံနဲ့ သူ့ ရှိုက်သံတွေကို ကွဲကွဲပြားပြား နားလည်အောင် မကြိုးစားမိခဲ့ဘူး။ ရည်ရွယ်ချက်မဲ့ ဓာတ်ခွဲခန်းထဲက ရုတ်တရက် ရရှိလာတဲ့ အဖြေတွေထဲမှာ ကမ္ဘာဖျက် သီအိုရမ်တွေ ပါနေတယ်။ အလျားလိုက် မြေပြင်ပေါ်ကို ဒေါင်လိုက် နေရောင်ခြည်ကျတဲ့ ဆုံမှတ် အများအပြားမှာ ကိုးဆယ် ဒီဂရီ ရှိတာကို သူ မေ့မှာ မဟုတ်ဘူး။ ဝိဝါဒ ကွဲပြားတဲ့ မီးတောက် တစ်စနဲ့ ရေ တစ်စက်မှာ သဘာဝ ရသတွေ အတူတူပဲ။ မမေ့ခြင်း သေတ္တာထဲက မမေ့ခြင်း ပန်းခြောက်တွေဟာ လေဟာနယ်ကို သိမ်းသွင်းနိုင်မယ်လို့ မထင်ခဲ့မိဘူး။


ရှေ့သို့ သံသရာ၊

ဖြစ်တိုင်းမှာပင်၊

လောင်စာရန်ငြိုး၊

မီးဆက်၍ ပျိုးမည်ကြောင့်

ကမ္ဘာရဲ့ အသက်ရှု လမ်းကြောင်း ခေါင်းတိုင် ခြေရင်းမှာ မာရ်နတ်ရဲ့ ချော်ရည်ပူ တချို့ ငြိမ်သက် ကိန်းအောင်း။ ငရဲခန်းစာအုပ်ထဲက ငရဲမီး စာတစ်ကြောင်းကို ခွင့်ပြုချက်မဲ့ ခိုးယူသွားတယ်။ သိင်္ဂါရ ခေါင်းအုံးထဲမှာ သိမ်းထားတဲ့ မြေဇာမြက်ကလေး တစ်ပင်ကြောင့် ည ည ကောင်းကောင်း အိပ်မရဘူး။ ကျည်တစ်တောင့်ရဲ့ တန်ဖိုးဟာ အပြင်မှာ၊ သေနတ်ထဲမှာ၊ ရင်ဘတ်ထဲမှာဆိုပြီး နေရာလိုက် တန်ဖိုးတွေ ရှိတယ်။ ရထားတစ်စီးရဲ့ အစ အဆုံးကို သံလမ်းပေါ်မှာ ရှာ။ ဘဝ စစ်တုရင်ပွဲထဲမှာ အနက်ကွက်ထဲက လွန်မြောက်ဖို့ ကင်းရှေ့ မှောက်ရက် လဲရင်လည်း လဲပါစေတော့။ ကျမ်းစာအုပ်ထဲက ဘဝထက် ဘီယာတစ်ခွက်နဲ့ ဆေးလိပ် တစ်လိပ်ကြားက ဘဝမျိုးကို ရွေးချယ်မိခဲ့တယ်။ နှင်းဆီ ဝိဉာဉ်တွေနဲ့ ထုတ်ယူ စီရင်ထားတဲ့ ပဉ္စလက်အနမ်းမျိုးတွေနဲ့ နှုတ်ခမ်းထက်ကို အလည်မလာနဲ့တော့။ လွတ်ကျသွားတဲ့ ဖန်ခွက်ထဲက ရှန်ပိန် လက်နှစ်သစ်ရဲ့ ဘဝမျိုးလည်း မလိုချင်တော့ဘူး။


မိန်းမဆိုး အမုန်း၊

သည်ဘဝတွင်၊

သည်မျှနှင့် တုံးစေတော့.

ကျိန်စာ တချို့ရဲ့ လှပစွာ သက်ရောက်မှု ဆိုတာ သံသယဖြစ်ဖွယ် မရှိဘူး။ အနူးညံ့ဆုံး လက်နှစ်ဖက်မှာလည်း ဘဝကို လုပ်ကြံဖို့ သတ္တိတွေ ရှိမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ အိပ်မက်တွေနဲ့ လောကမှာ နယ်ခြားမျဉ်းတွေ ရှိနေရင် ရာဇသံ ပေးလိုက်ချင်တယ်။ အတ္တ အသေတွေကို နေ ထုတ် ထုတ်လှန်းရင်းနဲ့ သဘောတရားလွန် ယုံကြည်ချက်တွေကြားမှာ လွဲမှားခြင်း တချို့ တော့ရှိနေပြီ။ နိဂုံးတစ်ခုရဲ့ ပုဒ်မ နောက်မှာ မှတ်ချက်တွေ မလာရင်လည်း ရှိပါစေ။ ကတ္တရာလမ်းတစ်ခု ပစ်လဲကျ ပုံမျိုးနဲ့ လဲကျခဲ့ပြီးနောက် တိမ်လိပ်တွေကို မြင်ခဲ့တယ်။ မလှုပ်ရှားနိုင်မှုကို အခွင့်ကောင်းယူပြီး နောက်ကောက်ကျ မိစ္ဆာတွေ အိပ်ယာထဲ အတင်း တိုးဝင်လာကြတယ်။ ဒီမိုးတိမ်တွေ ရေခွက်ထဲ ရောက်လာတယ်လို့ ကျေးဇူး မတင်ဖူးဘူး။ အသက်ငွေ့ငွေ့ကြားမှာ သမုဒ္ဒရာကြမ်းပြင်ကိုတော့ ထောက်မီလိုက်ချင်သေးတယ်။ လေနှင့် သစ်ရွက် ဘဝမျိုးကို ဆုပန်ခဲ့ပါတယ်။ သစ်သီး တစ်လုံးရဲ့ ကမ္ဘာမြေကို အရှုံးပေးထားရမှုမျိုးတော့ ဘယ်တော့မှ ဆုမတောင်းဘူး။ လေးတင်ထားတဲ့ ကြိုးတွေကို ကိုယ်တိုင် ဖြတ်ချ လိုက်ပါပြီ။

ပျော်ရွှင်မှုတွေကို မဖြားယောင်းနိုင်ရင် ၊ ချီးမွမ်းမှုတွေကို သွေးမဆောင်နိုင်ရင်. မျက်ရည်တွေကိုပဲ ဆင်းသက်ခဲ့ဖို့ ဒူးထောက်ရမှာပဲ။ မိန်းမဟာ ဖန်ဆင်းမှု အပြီးမသတ်သေးတဲ့ တစ်ဝက်တစ်ပျက် ယောကျာ်း၊ ကဝေတစ်ကောင်ရဲ့ အသည်းတစ်ခြမ်း၊ လတစ်စင်းရဲ့ ချိုင့်ခွက်တစ်ခု၊ ပန်းတစ်ပွင့်ရဲ့ ငုပ်ဗီဇ၊ အိပ်မက်ရဲ့ အထားအသို တစ်ခု၊ အလင်းပေါက်မှန် တစ်ချပ်ရဲ့ ဂုဏ်သတ္တိ၊ အဘိဓမ္မာထဲက ပရမတ် တစ်စိတ်၊ အာကာသ ဟန်ချက်ထဲက အစိတ်အပိုင်း တစ်ခု၊ ဓာတ်ပြယ် အက်ဆစ် တစ်ငုံ၊ ကောင်းကင်ဘုံရဲ့ ဆိုင်းကြိုး တစ်ချောင်း၊ သမုဒ္ဒရာရဲ့ အဆို့ရှင် တစ်ခု၊ ဦးနှောက်မဲ့ သက်ရှိ တစ်လွှာရဲ့ ဝင်သက် ထွက်သက်၊ ဘုရားရှင်ရဲ့ ဒုတိယအမှား

မိန်းမဆိုးရဲ့ အမုန်းကို ဒဏ်ရာ ဗရပွ ကျောက်တိုင်ထက် မှာ မှတ်တမ်းတင် ထားခဲ့ပါရစေ။ ချစ်ခြင်းသက် အက္ခရာတွေနဲ့ပါ။ စိတ်ကျေနပ်ခြင်း ဝတ်ရုံကို ကိုယ်မှာ ကပ်ကြည့်ရုံလေး အတွက် (သံသရာ ကျောက်ဖျာထက်မှာ) မျှော်လင့်ချက် အသစ်စက်စက်တွေကို အဆင်အခြင်မဲ့ ရိုက်ခွဲလိုက်ပြီ။ စက်ဝိုင်းတစ်ခုရဲ့ ပြေးလမ်းထဲက အမှတ်ဆိုသမျှ ဟာ ဆုံးမှတ်တွေလည်း ဖြစ်တယ် ဆိုတာ မသိလို့ မဟုတ်ပါဘူး။ ဝိုင်းဝန်းမှု တစ်ခုရဲ့ နိယာမကို ချိုးဖောက်ဖို့ ခွန်အားတွေလည်း မရှိပါဘူး။

နှလုံးသားကို တေ့ပြီး ပစ်သွင်းလိုက်တဲ့ ကျည်ဆံတွေ နေရာမှန် ထိဖို့ ဆုတောင်းမိသေးတယ်။ နံဘေးနားက သစ်ရွက်စိမ်းစိမ်းတွေ ရွှေရည်လိမ်းရာသီကို မြင်ခွင့်ရတော့မှာ မဟုတ်ဘူး။ စမ်းချောင်းလေး ရွတ်လေ့ ရွတ်ထ ရှိတဲ့ ကာရံမဲ့ ကဗျာတွေလည်း ကြားရတော့မှာ မဟုတ်ဘူး။ နေရောင်ခြည် အပျော့သားတွေကိုလည်း ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူး။ အမှောင်ဖျော့တွေထဲမှာ ကိုယ်ယောင်ဖျောက်သွားတဲ့ အလင်း အတိတ်ရဲ့ အစိတ်အပိုင်းတွေဟာ ပိုပြီး တပ်မက်စရာ။ ဒါပေမယ့်.ငါ တစ်ခုမှ ရတော့မှာ မဟုတ်ဘူး။

သင်ကာ

(ဦးပုည၏ ဆဒ္ဒန်ဆင်မင်းဝတ္ထုကို ပြန်လည် ခံစား ရေးသားပါသည်။)

(လောကအလှအွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြပြီး)

Advertisements

1 Comment

Filed under Essay

One response to “Eternal Long

  1. မဖတ္ဖူးေတာ့ အသစ္ပဲ
    Good good good!!