Globalization: Trace Back from 14 Century

ဂလိုဘယ်လိုက်ဇေးရှင်းကို ၁၄ ရာစုမှစ၍ ပြန်ကောက်ကြည့်ခြင်း

သင်ကာ

ဂလိုဘယ်လိုက်ဇေးရှင်းကို မြန်မာစာဖတ်ပရိသတ်တွေအတွက် အတော်ပဲ မိတ်ဆက်ခဲ့ကြပါပြီ။ အခုစာစုမှာတော့ ၁၄ ရာစုအထိပြန်ခြေရာကောက်ပြီး ခေတ်တစ်ပိုင်းဆီရဲ့ ထင်ရှားတဲ့ ဝိသေသတွေနဲ့ အဆက်အစပ်ကို ပုံဖော်ကြည့်ပါမည်။ လူ့သမိုင်း၏ အဆင့်ဆင့် ရွေ့လျားလာမှု၊ အထူးသဖြင့် မြန်ဆန်ရှုပ်ထွေးလာမှုကို အကြမ်းဖျဉ်း နားလည်အောင် ကြိုးစားကြည့်ရန်ဖြစ်ပါသည်။

ဂလိုဘယ်လိုက်ဇေးရှင်းသည် ဘယ်ကတည်းက အရှိန်ရလာနေသနည်း။ ဂလိုဘယ်လိုက်ဇေးရှင်းကို ကာလ (Time) နဲ့ ဒေသ (Place) ကိုတည်ပြီး လေ့လာကြမယ်ဆိုရင်တော့ ဂလိုဘယ်လိုက်ဇေးရှင်းဟာ နေရာတိုင်းမှာ တချိန်တည်း တချိုးတစားတည်း ဖြစ်ခဲ့တာ မဟုတ်တာကို သိထားရပါမည်။ များသောအားဖြင့် အရှိန်ရမှုကို ဆွေးနွေးကြသည့်အခါ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ခေတ်မီဆန်းသစ်လာမှု အဆက်အစပ်ကိုပဲ ပြောနေကြတာများသည်။ စောဒကတက်မှုတွေဟာ ရုပ်ဝတ္ထုတွေရဲ့ ဖြစ်စဉ် ဖြစ်နေခဲ့ပြီး ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ခေတ်မီဆန်းသစ်မှု (Modernity) ဘယ်ဟာ အရင်ကျသလဲ ဆိုတာလောက်ပါပဲ။ ဝါတားစ် (Waters) က ဖြစ်ခြေသုံးမျိုး မြင်ပါသည်တဲ့။ ပထမတစ်ခုက ဂဘယ်လိုက်ဇေးရှင်းဟာ သမိုင်းဦးအစမှာပဲ လမ်းကြောင်းစနေပြီ။ ဒုတိယတစ်ခုကတော့ အဲဒီအကျိုးဆက်ဟာ အဲဒီကာလကတည်းက အကျိုးသက်ရောက်မှု စပြီးတန်ခိုးပြနေပါပြီဆိုတာပါ။ နောက်ဆုံးအချက်ကတော့ ဒါပေမယ့် မကြာခင်ကမှ ရုတ်တရက် အရှိန်မြင့်တက်သွားတာဖြစ်ပါတယ်တဲ့။

ရောဘတ်ဆန် (Robertson) ကတော့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို ၁၄ ရာစုအထိ ပြန်ကောက်ပြီး ကျယ်ပြန့်တဲ့ မက်ခရိုအမြင်နဲ့ ကဏ္ဌငါးခုခွဲ တင်ပြပါတယ်။ ကျွန်ုပ်တို့ခေတ်မှာ ရိုက်ခေတ်လာတဲ့ ကမ္ဘာ့ရေးရာနဲ့ ကမ္ဘာ့အစီအစဉ်တွေကို ဆက်စပ်ဖြစ်ပေါ်စေခဲ့တဲ့ အဓိက လားရာကြီးတွေကို ပြန်ကောက်ဖို့ကြိုးစားတာလို့ ရောဘတ်ဆန်က ဆိုပါတယ်။ အခုဆက်လက်ဖော်ပြမယ့် အဆင့်တွေမှာတော့ “မီဒီယာနှင့် ဂလိုဘယ်လိုက်ဇေးရှင်း”စာအုပ်ရေးသူ တာဟီ ရန်တာနင် (Terhi Rantanen) က “ဒေါမနဿများတဲ့ခေတ်ကြီး (the Era of Antagonism)”လို့ သူ သမုတ်ထားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ မကြာသေးမီက ဖြစ်စဉ်တချို့ကို ထပ်ပေါင်းပြီး ချဲ့လိုက်ပါတယ်။

ရောဘတ်ဆန်က ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ဝိဝါဒဖြစ်စရာတွေတွေကိုလည်း ထောက်ပြခဲ့ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဟာ ကောင်းတယ်လည်း မဟုတ်၊ ဆိုးတယ်လည်း မဟုတ်ဘူး။ ဒါပေမယ့် လက်တွဲပြီး ရင်ဘောင်တန်းသွားသို့မရသလို ရှေ့နောက်ဆင့်ပြီး လိုက်လာမှာလည်း မဟုတ်တဲ့ ပဋိပက္ခနဲ့ ဖျက်ဆီးပစ်နိုင်မှုရှိတဲ့ သဘောတွေ ပါနေတယ်လို့ဆိုပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်း ခြောက်ဆင့်

၁၄ ရာစုကစပြီး ဂလိုဘယ်လိုက်ဇေးရှင်းကို ပြန်ပုံဖမ်းရာမှာ အချက် ငါးခုနဲ့ ဆန်းစစ်ပါတယ်။ ခေတ်တစ်ပိုင်းစီမှာ ကြားခံ တွန်းအားစု (Agent)၊ ပဋိပက္ခ (Conflict)၊ အိုင်ဒီယာနောက်ခံ (Idea)၊ ဆန်းသစ်တီထွင်မှု (Invention) နဲ့ ပါဝင်လှုပ်ရှားလာမှု (Inclusion) ဆိုပြီး ဆန်းစစ်ပါတယ်။

ပထမ – ၁၄၀၀ ပြည့်မှ ၁၇၅၀ ဝန်းကျင်အထိ

ဂလိုဘယ်လိုက်ဇေးရှင်း သန္ဓေပျိုးကာလဖြစ်ပါတယ်။ ကြားခံ စေ့ဆော်တဲ့ အင်အားစုကတော့ ရိုမန်ကက်သလစ်ကျောင်းတော်ပါ။ အမျိုးသားရေးအခြေခံ လူအဖွဲ့အစည်းတွေ အစည်းပြေမှုကြီးထွားပြီး နိုင်ငံတော် (State) ရဲ့ စနစ်တွေ အရာမရောက်တဲ့ မြေထဲခေတ် “အသွင်ပြောင်းကာလ”စနစ်ဖြစ်ပါတယ်။ ကမ္ဘာလုံးချီ ပဋိပက္ခတော့ ကောက်ပြစရာ မရှိခဲ့ပါဘူး။ အိုင်ဒီယာ အခင်းကတော့ လူသားဝါဒအိုင်ဒီယာနဲ့ တစ်ဦးချင်းစီရဲ့ အရေးပါမှု ယူဆချက်တွေပါပဲ။ တီထွင်ဆန်းသစ်မှုကတော့ ဂရီဂိုရီယန်ပြက္ခဒိန် (ကျွန်ုပ်တို့ ယနေ့သုံးစွဲနေတဲ့ ပြက္ခဒိန် တွက်ချက်မှု) နဲ့ ခေတ်သစ်ပထဝီဝင်တို့ရဲ့ ကနဦးစတင်ခြင်းတို့ပါ။

ဒုတိယ – ၁၇၇၀ ဝန်းကျင်မှ ၁၈၇၀ ဝန်းကျင်

အထူးသဖြင့် ဥရောပမှာ ဂလိုဘယ်လိုက်ဇေးရှင်း လှုပ်လှုပ်ရမ်းရမ်း ကာလပါပဲ။ ဒီကာလမှာ စေ့ဆော်တဲ့ တွန်းအားက နိုင်ငံတော် (State) တွေပါပဲ။ နိုင်ငံတကာနဲ့ နိုင်ငံဖြတ်ကျော် ဆက်ဆံမှုတွေ အစုလိုက်၊ ကြားခံအလိုက် သိသိသာသာတိုးပွားလာတာပါပဲ။ ကမ္ဘာချီ ပဋိက္ခ မရှိ။ အိုင်ဒီယိုလိုဂျီကတော့ ပထမအနေနဲ့ အရောင်တူရေးနဲ့ သင့်မြတ်ရေးဘက်ကို သိသိသာသာ ခြေလှမ်းလာတာပါပဲ။ ဒုတိယအနေနဲ့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အဆင့်အတန်းနဲ့ ပုံမှန် နိုင်ငံတကာ ဆက်ဆံရေးတို့ အသားကျလာတယ်။ နောက်ပြီး လူသားဆန်မှုဝါဒမှာ ပိုပြီး ခိုင်မာပြတ်သားလာတယ်။ နောက်ဆုံးတစ်ခုကတော့ အမျိုးသားရေးဝါဒနဲ့ နိုင်ငံတကာဝါဒတို့ အပြိုင်ဖြစ်ပြီး ဆက်စပ်လာတာ ဖြစ်ပါတယ်။ တီထွင်မှုပိုင်း အထူးပြောရန် မရှိပါ။ သက်ဝင်လှုပ်ရှားလာမှု အပိုင်းမှာတော့ ဥရောပ အသိုင်းအဝိုင်းဝင်မဟုတ်တဲ့ နိုင်ငံတွေရဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ဝင်ဆံ့​ရေး ပြဿနာပါပဲ။

တတိယ – ၁၈၇၅ မှ ၁၉၂၀ ဝန်းကျင်

လုပ်ငန်းစတဲ့ ကာလ ဖြစ်ပါတယ်။ ကြားခံစေ့ဆော်သူက နိုင်ငံပေါင်းချုပ်အသင်းကြီးပါ။ နိုင်ငံတွေ ပိုပြီး ကျောချင်းကပ်လာတယ်။ တခြားအမှတ်ထင်စရာ ရှိတာတွေက ဖွံ့ဖြိုးရေးဆိုင်ရာ ကမ္ဘာလုံးချီ ယှဉ်ပြိုင်ပွဲ၊ အိုလံပစ်အားကစားပွဲတော်နဲ့ နိုဘယ်ဆုများ ချီးမြှင့်ခြင်းတို့ဖြစ်ပါတယ်။ကမ္ဘာလုံးချီ ပဋိပက္ခကြီးကတော့ ပထမကမ္ဘာစစ်ပါပဲ။ အိုင်ဒီယာအခင်းအကျင်းကတော့ အမျိုးသားရေးအခြေခံ အစုအဖွဲ့တွေအမှာ ကျယ်ကျယ်ပြန့်ပြန့်လက်ခံနိုင်ဖွယ်ရှိတဲ့ မူတွေရှိဖို့ နိုင်ငံအများက ယူဆမှု တိုးပွားလာတာပါပဲ။ နောက်ပြီးတော့ အမျိုးသားရေးနဲ့ နိုင်ငံသားတစ်ဦးချင်းရဲ့ အမှတ်လက္ခဏာ (Identity) ဟာ ဆက်စပ်မှု ရှိလာတယ်။ လူသားဗဟိုပြု စဉ်းစားမှုကို နိုင်ငံတကာ အတိုင်းအတာနဲ့ချီပြီး ချမှတ်မှု၊ အကောင်အထည်ဖော်မှု ရှိလာတယ်။

တီထွင်မှုပိုင်းမှာ လူမှုဆက်သွယ်ရေးတွေ ကမ္ဘာလုံးချီပြီး အရေအတွက်ရော အရှိန်နှုန်းပါ အတော်ကြီး မြင့်လာပါပြီ။ ကမ္ဘာသုံးအချိန်စနစ်ကို စတင် အကောင်အထည်ဖော်လာကြပြီး ဂရီဂိုရီယန်ပြက္ခဒိန်ကို တစ်ကမ္ဘာလုံးနီးပါး သုံးစွဲလာကြပါပြီ။ ကမ္ဘာ့ဇာတ်ခုံမှာ ထထကြွကြွရှိလာတာကတော့ ဥရောပမဟုတ်တဲ့ နိုင်ငံတွေဘက်က ဖြစ်ပါတယ်။

စတုတ္ထ – ၁၉၂၀ ဝန်းကျင် အစောပိုင်းမှ ၁၉၆၀ ဝန်းကျင် နှစ်လည်အထိ

ဂလိုဘယ်လိုက်ဇေးရှင်းက လွှမ်းမိုးဖို့ စခန်းထလာတဲ့ အချိန်ပါ။ စေ့ဆော်တဲ့ အဖွဲ့အစည်းကတော့ နိုင်ငံပေါင်းချုပ် အသင်းကြီးကနေ တဖြစ်လဲ ကုလသမဂ္ဂဖြစ်ပါတယ်။ ပဋိပက္ခတွေကတော့ အထက်မှာ ပြောခဲ့တဲ့ တတိယကာလ အပြီးသတ်နားမှာ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်က အမွေပေးခဲ့တဲ့ ဆတ်ဆတ်ထိမခံတဲ့ ကိစ္စတွေကို အကြောင်းပြုပြီး အငြင်းပွားခြင်းနဲ့ စစ်ခင်းကြခြင်းတို့ ဖြစ်ပါတယ်။ အိုင်ဒီယာအနေနဲ့ ဟိုလိုကော့လို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ အနုမြူဗုံးကို အကြောင်းပြုပြီး လူသားဆန်မှုရဲ့ သဘာဝနဲ့ အကျိုးစီးပွားကို ပီပီပြင်ပြင် အာရုံစိုက်လာပါတယ်။ တီထွင်ဖန်တီးမှုကတော့ ကြောက်မက်ဖွယ်ရာ အနုမြူဗုံးပါပဲ။

ပဉ္စမ – ၁၉၆၉ မှ ၁၉၉၀ နှစ်များ အစောပိုင်း

ဤအဆင့်ကို မရေမရာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ဟု သတ်မှတ်သည်။ ကမ္ဘာလုံးအတိုင်းအတာအထိ အလုပ်လုပ်တဲ့ များစွာသော အင်စတီကျူးရှင်းများနှင့် နိုင်ငံတကာအထိ ရိုက်ခတ်သော လှုပ်ရှားမှုများ အကြီးအကျယ်တိုးပွားလာတယ်။ ဝင်ရိုးနှစ်ဖက် ကမ္ဘာ (အမေရိကန် – ရုရှ) ဆုံးခန်းတိုင်ပြီးနောက် နိုင်ငံတကာစနစ်မှာ ပို၍ လှုပ်သာ လှည့်သာ ရှိလာတယ်။ ပဋိပက္ခအနေနှင့် စစ်အေးခေတ် အဆုံးသတ်သွားခြင်း ဖြစ်ပါပဲ။ နောက်တစ်ခုက လူမှုအဖွဲ့အစည်းများဟာ ယဉ်ကျေးမှုရောစုံဝါဒ (Multiculturalism) နဲ့ ပေါ်လီတက္ကနစ်ပြဿနာများကို ရင်ဆိုင်လာရခြင်းဖြစ်တယ်။

ဒီခေတ်ရဲ့ အိုင်ဒီယာများကတော့ နိုင်ငံတကာ သဘောတူညီမှုများ တိုးမြင့်လာခြင်း၊ ၁၉၆၀ ဝန်းကျင်၌ ရုပ်ဝတ္ထုလွန်ဝါဒီ (Postmaterialist) များ၏ တန်ဖိုးထားမှု အသံကျယ်လာခြင်း၊ တစ်ဦးချင်းအယူအဆများတွင် လိင်ကွဲပြားမှု၊ လူမျိုးစု (Ethnic) နှင့် လူမျိုး (Race) ကွဲပြားမှု ထည့်သွင်းစဉ်းစားချက်များဖြင့် ရှုပ်ထွေးလာခြင်းတို့ ဖြစ်သည်။ ထို့အပြင် နိုင်ငံသားအခွင့်အရေး၊ လူသားထုကို မျိုးနွယ်စု-အဖွဲ့အစည်း ဟူသော ယှဉ်တွဲစနစ်ဖြင့် စဉ်းစားလာခြင်း၊ ကမ္ဘာ့ အရပ်ဖက် အဖွဲ့အစည်း (Global Society) နှင့် ကမ္ဘာ့နိုင်ငံသားအဖြစ် (Global Citizenship) တို့အပေါ် အာရုံညွှတ်လာကြခြင်း၊ ကမ္ဘာ့ လူထုမီဒီယာတို့ စည်းလုံးလက်တွဲလာခြင်းတို့ဖြစ်တယ်။ တီထွင်မှုအနေနဲ့ နူကလိယလက်နက်များ ပြန့်ပွားလာခြင်းနဲ့ လပေါ်သို့ လူရောက်ရှိ ခြေချနိုင်ခြင်းတို့ဖြစ်တယ်။ ပါဝင်လာသည့် ကွန်မျူနတီမှာ ဖွံ့ဖြိုးဆဲဟု သတ်မှတ်ထားသည့် “တတိယကမ္ဘာ”ဖြစ်သည်။

ဆဌမ – ၁၉၉၀ နှစ်များဆီမှ နောက်ပိုင်း

ဤခေတ်ကြီးကို ဒေါမနဿပွားသောခေတ်၊ ရန်လိုသောခေတ်ဟု သတ်မှတ်ထားတယ်။ ကြားခံ အဖွဲ့များမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ အမေရိကန်၊ ကျိုတို၊ ဂလိုဘယ်မီဒီယာ၊ ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်သော လှုပ်ရှားမှုများ၊ အစွန်းရောက် အခြေခံဝါဒီများ၏ လှုပ်ရှားမှုများဖြစ်တယ်။ ပဋိပက္ခများမှာ ဒေသတွင်း အကွဲအပြဲနှင့် မျိုးတုန်း သတ်ဖြတ်မှုများ၊ ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်သော ဆန္ဒပြပွဲများ၊ အကြမ်းဖက်မှု၊ အနောက်အင်အားကြီးနိုင်ငံများ၏ သူတစ်ပါးမြေပေါ်တွင် ဆင်နွှဲသော စစ်ပွဲများ ဖြစ်သည်။

အိုင်ဒီယာများမှာ ဂလိုဘယ်လိုက်ဇေးရှင်း၊ အရင်းရှင်ဝါဒ၊ ကမ္ဘာသားဝါဒ၊ ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေးဝါဒ၊ လူ့အခွင့်အရေး၊ အစွန်းရောက် အခြေခံဝါဒ၊ အမျိုးသားရေးဝါဒနှင့် အမှတ်လက္ခဏာများ ရောစုံနေခြင်း (Multiple Identities) တို့ဖြစ်သည်။ တီထွင်မှုမှာ အင်တာနက်၊ မီဒီယာများ ပေါင်းစည်းလာခြင်းတို့ဖြစ်သည်။ လှုပ်ရှားပါဝင်လာသည့် နိုင်ငံများမှာ ကွန်မြူနစ်လွန် နိုင်ငံများဖြစ်သည်။ စာတမ်းရှင်ဆိုလိုချင်တဲ့ အုန်းကနဲ အရှိန်မြင့်လာတဲ့ ခေတ်ပဲဆိုပါတော့။

သင်ကာ

ရည်ညွှန်းကိုးကား-

Globalization: Social Theory and Global Culture – R. Robertson, 1992

Globalization – M. Waters, 1995

The Media and Globalization – Terhi Rantanen, 2005

(ပြည်တွင်း ဂျာနယ်တစ်စောင်မှာ ဖေဖော်ဝါရီလအတွင်းက ပုံနှိပ်ဖော်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ သက်ဆိုင်ရာ အယ်ဒီတာများက သေချာအကြောင်းမကြားတာကြောင့် ဘယ်အတွဲ ဘယ်အမှတ်မှာ ဘယ်လိုနာမည် ဘာကလောင်နဲ့ ပါသွားတယ်ဆိုတာကို မဖော်ပြလိုက်နိုင်ပါကြောင်း။ သင်ကာ)

Advertisements

2 Comments

Filed under Article, Globalization

2 responses to “Globalization: Trace Back from 14 Century

  1. ဂလိုဘယ်လိုက်ဇေးရှင်း ဒုတိယဆင့်က “ဒုတိယ – ၁၇၇၀ ဝန်းကျင်မှ ၁၈၇၀ ဝန်းကျင်” ကို ဆိုလိုတယ် မှတ်တယ် ကိုသင်ကာ။

    ဒေါမနဿတွေ၊ ရန်လိုမှုတွေ ပွားများလှတဲ့ လက်ရှိခေတ်ကိုတော့ “သောကခေတ်” (Age of anxiety) လို့ အမည်တပ်တာ တစ်မျိုး တွေ့မြင်မိပါကြောင်းဗျာ။

    ဆောင်းပါး အတွက် ကျေးဇူးဗျို့.။

  2. ဟုတ်တယ် ကိုမှော်ဆရာ ကျနော်မှားတာ။
    ပြင်လိုက်ပြီ။