If I Were Dead

ငါသေရင်

သင်ကာ

ကိုကြည်တစ်ယောက် စိတ်မောလူမောနှင့် အခန်းပြန်ရောက်လာသည်။ မိန်းမတစ်ယောက်ကို မီးဖွားပေးခဲ့ရခြင်း ဖြစ်သည်။ မီးဖွားပေးရ၊ အလုပ်ခွင်ဒဏ်ရာရသူတွေကို ပြုစုကုသရ၊ တစ်ခါတလေ ထိုင်းရဲက ဖမ်းလို့၊ အချုပ်ထဲမှာ ဒုက္ခရောက်လို့ ဆိုရင်လည်း ကိုကြည်တို့ ပါရသည်။

မီးဖွားပေးသည်ဆို၍ ကိုကြည့်ကို ဆရာဝန်လား ထင်ကြမည်။ ဆေးပညာ မဆိုထားနှင့် သူနာပြုသင်တန်းပင် ကိုကြည် ဟုတ်ဟုတ်ငြားငြား တက်ခဲ့ဖူးတာ မဟုတ်။ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ရင်း ရွှေ့ပြောင်း အလုပ်သမားတွေကို အကူအညီပေးသော အဖွဲ့တစ်ခုမှာ ဝင်လုပ်သည်။ အခြေအနေ၏ လိုအပ်ချက်အရ သူနာပြုသင်တန်း ရက်တိုလေးတွေ ပြေးတက်ရင်း သူနာပြုဆရာ ဖြစ်လာရသည်။ နောက်တော့ လုပ်ရင်းကပဲ အသားကျလာသည်။

ရွှေ့ပြောင်း အလုပ်သမားတွေဘဝမှာ အဖက်ဖက်က အဖိနှိပ်ခံဘဝဖြစ်သည်။ အလုပ်ရှင်ကနှိပ်စက်၊ ထိုင်းရဲက နှိပ်စက်၊ ဒါတင် မကေသေး၊ အရပ်သားထိုင်း တွေကလည်း အနိုင်ကျင့်ကြသေးသည်။ နိုင်ငံကူးလက်မှတ်မပြောနှင့်၊ ရှိသင့်ရှိထိုက်သည့် ဘတ် ခေါ် အလုပ်သမားကဒ်ပင် မရှိတော့ သူတို့ဘဝမှာ ပြုသမျှ ခေါင်းငုံ့ခံရသည့်ဘဝ။ ကလေးမွေးလည်း ဆေးရုံသွားလို့မရ။ ဆေးရုံစရိတ်လည်း တတ်နိုင်သည်မဟုတ်။ အလုပ်ခွင် ခြေပြတ် လက်ပြတ်၊ ထိခိုက်ဒဏ်ရာရရင်လည်း ကိုကြည်တို့သာ အားကိုးရာ။

ဒီ့ထက်ဆိုးတာကတော့ နာရေးဖြစ်သည်။ ကိုကြည်တို့က လူနာဆောင် သဘော တန်းလျားလေးရှိသည်။ လုံးဝကို ပြုစုစောင့်ရှောက်မှုလိုသော လူနာများကို ထားရသည်။ HIV ပိုး ကူးစက်နေသူလည်း ပါသည်။ အများအားဖြင့် နာတာရှည် ရောဂါနှင့် သေရက် စောင့်နေကြသော မျှော်လင့်ချက်မဲ့ လူသားများဖြစ်ပါသည်။

တစ်ယောက်ယောက် သေပြီဆိုရင် ကိုကြည်တို့က အပြင် သယ်ထုတ် သွားသည်။ ပြောရလျှင် ဒီအသုဘတွေကို ပို့မည့်ဆွေမျိုးဥာတိလည်း မရှိကြပါ။ သင်္ဂြိုလ်ပေးဖို့ရာလည်း ကိုကြည်တို့ တာဝန်။ ညနေစောင်း ဒါမဟုတ် ညဘက်လောက်မှာ လူနာဆောင်ကနေ အလောင်းကို သယ်ထုတ်သွားပြီး ကိုယ့်ဖာသာ သင့်သလို သင်္ဂြိုလ်ရသည်။ ကိုကြည်နှင့် ကိုပေါတို့က ဒိုင်ခံ လုပ်ရသူများ။ အခေါင်းဝယ်ဖို့ ပိုက်ဆံငွေကြေး မရှိပါ။ ရှိသမျှလူနာအတွက် ဆေးဖို့ဆိုတာတောင် အလျဉ်မီသည် မဟုတ်သေး။ မဖြစ်မနေ ရက်လည်ဆွမ်းသွပ်၊ အမျှဝေတာ ကတော့ ကိုကြည်တို့ လုပ်ပေးပါသည်။ သို့သော် အသုဘ အခေါင်းဖို့တော့ မတတ်နိုင်။

ညမှောင်မှ လူတစ်စုနဲ့ အလောင်းကို သယ်ထုတ်ပြီး ဖျာနဲ့ပတ် မီးသင်္ဂြိုလ် ရသည်။ လူနာဆောင်က လူနာတွေကို ဒါကို မသိစေပါ။ သူတို့ကတော့ အလောင်းကို သယ်ထုတ်သွားတာသာ မြင်သည်။ ဖျာနဲ့ပတ်ပြီး မီးသင်္ဂြိုလ် လိုက်ရတာဆိုတာ သေဖို့စောင့်နေသူတွေကို မသိစေတာ တရားသည်ဟု ကိုကြည်တို့ ထင်ပါသည်။ အခေါင်းဖိုးဆိုတာလည်း မြန်မာ့မျက်စိနဲ့ကြည့်ရင် မနည်းလှ။ ဘတ်လေးထောင်ကနေ ခြောက်ထောင်ဆိုရင် မြန်မာငွေနဲ့ ပြောင်းတွက်ကြည့်၊ တစ်သိန်းခွဲ နှစ်သိန်းကျော်။ ဒီမှာ ရိုးရိုးအလုပ်သမား တစ်ယောက်၏ လုပ်ခတစ်လစာ အသာလေးရှိသည်။ မရွံမရှာနှင့် အနွံတာခံနိုင်သော ကိုကြည်နှင့် တကိုယ်တည်းသမား ကိုပေါတို့က အဓိက လုပ်ပေးကြရသူများ။ သူတို့ အဖွဲ့သားများသာ ဒီအခက်အခဲနှင့် ဝမ်းနည်းဖွယ် မလှပသော နောက်ဆုံးခရီးကို အတွင်းကျိတ် သိထားသူများသာ။

ကိုကြည်ကတော့ စိတ်ထားတတ်ဖို့ ကြိုးစားသည်။ ပူပူနွေးနွေး ဇနီးသည်ကြောင့်လည်း နေသာထိုင်သာရှိပါသည်။ တစ်ကိုယ်တည်းသမား ကိုပေါကတော့ အနိုင်နိုင်ထူထားရသော စာကြည့်တိုက် အစုတ်ကလေးမှ တရားစာအုပ်တွေသာ တွင်တွင်ဖတ်နေတာ တွေ့ရသည်။ဒီနေ့လည်း ဖျာစုတ်နှင့်ပြီးရသည့် အသုဘမှပြန်ခဲ့တော့ ညကိုးနာရီ ရှိနေပါပြီ။ ကိုကြည် ထမင်းတောင် သိပ်မစားနိုင်။ အိပ်ချင်လှသည်။ ခေါင်းချတာနှင့်ကို အိပ်ပျော်သည်။ သန်းခေါင်ရောက်မှ မော်ဒယ်လ်ညံ့ညံ့ မိုဘိုင်းဖုန်းမှ စူးစူးဝါးဝါးမြည်သံကြောင့် ကိုကြည်လန့်နိုးလာသည်။

အင်း…ဘာများဖြစ်ပြန်ပြီလဲဟု ကိုကြည်စိတ်မသက်မသာ တွေးမိသည်။ ဖြစ်ပြီဟေ့ဆို ညရေးညတာ မရှောင် သွားရတာပဲ မဟုတ်လား။ ဖုန်းဆက်သူက ကိုပေါဖြစ်သည်။

“ပြော ကိုပေါ၊ ဘာဖြစ်ပြန်သလဲဗျ၊ ဘာကေ့စ်လဲ”

“မဟုတ်ပါဘူးကွာ၊ ငါတစ်ခုမေးချင်လို့ပါ”

ကိုပေါက တုံ့ဆိုင်းဆိုင်းပြောသည်။ ဘာမှ မဖြစ်မှန်းသိတော့ ရင်ထဲက အလုံးကြီးကျသွားသော်လည်း ဘာမှ မဟုတ်ပါဘူးဆိုပြီး ညကြီးသန်းခေါင် ဖုန်းခေါ်သော ကိုပေါကို ကျွဲမြီးတိုမိသည်။

“ကဲ…မေးဗျာ၊ မေး…မေး”

“လူဆိုတာ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ၊ သေတတ်တယ် မဟုတ်လားကွ”

ခုမှ ကိုကြည် အထွဋ်အထိပ် စိတ်တိုတော့သည်။

“ဟုတ်တာပေါ့ဗျာ။ နက်ဖြန်တောင် ခင်ဗျား မာလကီးယားရင် ယားသွားမှာဗျ”

စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်သည်။

“ကဲ…ဒါပဲလားဗျ”

“နေပါဦး။ ငါပြောစရာ ရှိသေးလို့ပါ၊ ငါအခု အရှင်ဆန္ဒာဓိကရဲ့ တရားစာအုပ် ဖတ်နေတာ”

ကိုကြည် အိပ်ချင်မူးတူးနှင့် စိတ်လည်း ဆိုးလှပြီ။

“အေး…အဲဒါ ဘာဖြစ်လဲဗျ”

“ဒါနဲ့ အသုဘ အခေါင်းတစ်လုံး ဘယ်လောက်ရှိမလဲကွ၊ အနည်းဆုံးပေါ့ကွာ။”

ကိုပေါ စိတ်မှ မှန်သေးရဲ့လားဟု ကိုကြည် တွေးမိလိုက်သေးသည်။ အလောင်းတွေမြင်တာများပြီးများ ကြောင်သွားလေသလား။

“အနည်းဆုံးတော့ ဘတ်သုံးထောင်တော့ ရှိမှာပေါ့ဗျ”

“အေး…ငါပိုက်ဆံစုထားတာ နှစ်ထောင်တော့ ရပြီကွ။”

ကိုကြည်က အော်ထည့်လိုက်သည်။

“အဲဒါ ဘာဆိုင်လဲဗျ”

“အဲဒါကွာ…ငါမင်းကို တစ်ခုမှာချင်တာ။ ငါဗြုန်းကနဲ သေရင် တို့တွေ လုပ်နေကျလို ဖျာလိပ်နဲ့ပတ်ပြီးတော့တော့ ငါ့ကိုမသင်္ဂြိုလ်ပါနဲ့ကွာ။ ငါစုထားတာမှာ လိုသလောက်စိုက်ပြီး အခေါင်းလေးနဲ့တော့ လုပ်ပါ”

ကိုကြည်ရင်ထဲမှ ဒေါသများဖြတ်ကနဲပျောက်ပြီး ဝမ်းနည်းမှုများသာ လှိုက်ကနဲ တက်လာလေတော့သည်။

သင်ကာ

*Blogger Better Tomorrow ၏ ပြောပြချက်တချို့ကို ဇာတ်အိမ်ပြန်ဖွဲ့ပါသည်။

Advertisements

2 Comments

Filed under Short Story

2 responses to “If I Were Dead

  1. တောက်ပဲ ခေါက်ရမလား. ဗျောက်ပဲ ဖောက်ရမလား မသိဖြစ်သွားတယ်ဗျာ။ ဒီစာဖတ်ပြီး ဆရာချစ်စံဝင်းရဲ့ အချစ်မိုးကောင်းကင် လို့ ထင်တယ်။ အဲဒီစာအုပ်ကို သွားသတိရတယ်။

    ဆိုးတဲ့ ဘဝတွေ အမြန်ဆုံး သာယာလှပနိုင်ကြပါစေဗျာ။

    (ဒါနဲ့ တစ်ဆက်တည်း မြန်မာမလေးတွေ လူကုန်ကူးခံရရုံတင်မက တရိစ္ဆာန်လောက်တောင် အရေးပေး အဆက်ဆံ မခံရပဲ ထိုင်းငါးဖမ်းစက်လှေတွေက လုပ်ချင်ရာ လုပ်ပြီး ပင်လယ်ထဲ ပစ်ချခဲ့တယ် ဆိုတဲ့ သတင်းတွေ၊ လူမဆန်အောင် ရိုင်းပြစော်ကားမှုတွေ ဖြစ်တုန်းက (ဆိုတော့. အခုလည်း ဖြစ်နေတုန်းလို့ပဲ ထင်ပါတယ်) ငြိမ်နေတဲ့ ထိုင်းမီဒီယာတွေက ဟိုတစ်လောက သူတို့ ကျောင်းသူ တစ်ယောက် ဗလက္ကာယ လုပ်ခံရပြီး လူသတ်မှု ဖြစ်တော့ ပွက်ပွက်ညံအောင် ထအော်ကြ တာကို သတိထားမိတယ်။ မြန်မာ မီဒီယာတွေ ဘာလုပ်ကြမလဲ စဉ်းစားသင့်တဲ့ထဲမှာ ပါစေလိုပါတယ်။)

  2. sin dan lar

    ဝမ်းနည်းစရာ…….