A Turn of Life

ဘဝတစ်ကွေ့

သင်ကာ

ဆရာမများ နားနေခန်းထဲ ဝင်လိုက်သည်။ ဆရာတွေလည်း အမှတ်ခြစ်သူ ခြစ် ၊ ထမင်းစားသူ စားနှင့် ရှိသည်။ မြေဖြူဗူးကို ခုံပေါ်ချရင်း လက်မှာ ကပ်နေသော မြေဖြူမှုန့် တွေကို ခါချလိုက်သည်။ ဒီနေ့ ကလေးတွေကို စာသင်ရင်း တိုက်တိုက်ဆိုင်ဆိုင် ကျောင်းဆရာမ မဖြစ်ခင်တုန်းက အ သုံးလုံး သွားသင်ပေးခဲ့ရသော မောင်းတီး ဆိုသည့် ကရင်ရွာကလေးကို သတိရနေမိသည်။ အဲဒီတုန်းက ဆရာအတတ်သင်သိပံ္ပ တက်တော့ ကျွန်မ အသက် ဆယ့်ကိုးနှစ်ပဲ ရှိသေးသည်။ ဆရာမကြီးက ရွာတစ်ရွာကို နှစ်ယောက်ကျနဲ့ အ သုံးလုံး စာသင်သွားရမယ် ဆိုတော့ ဖြစ်မှ ဖြစ်ပါ့မလား ဆိုပြီး ရင်တထိတ်ထတ်နဲ့ ရှိနေခဲ့သည်။

ကျွန်မ နှင့် ခင်စန်းဝင်းတို့ နှစ်ယောက် ဝါးခယ်မရှိ မောင်းတီးဆိုသော ကရင်ရွာတွင် တာဝန်ကျသည်။ ဆရာမကြီးတွေက ကိုယ်တိုင်လိုက်ပို့ရင်း သင်္ဘောပေါ်မှာ တဖွဖွမှာသည်။ ရွာခံတွေနဲ့ တည့်အောင်ပေါင်းဖို့ ၊ သူတို့ ဓလေ့တွေကို မဆန့်ကျင်ဖို့ စသည်ဖြင့် စုံနေသည်။ ထိုအထဲတွင် ဤ ဒေသ ဓလေ့အရ ၊ အင်း စသည်တို့၌ ငါးဖမ်းထွက်လျှင် ဧည့်သည်များပါ လိုက်ဖမ်းရသည် ဆိုသော အချက်မှာ ကြားရုံနှင့်ပင် စိတ်ညစ်မိလေ၏။ ထိုအခါကျလျှင် မငြင်းဘဲ လိုက်သာဖမ်းပါဟု ဆရာမကြီးက မှာ၏။

ဤသို့နှင့် မောင်းတီး ရွာသူကြီး ဦးမန်းပို အိမ်သို့ ရောက်ခဲ့ကြသည်။ ဆရာမကြီးတွေက အိမ်အထိ လိုက်ပို့ပြီး ပြန်သွားသည်။ သူတို့ နှစ်ယောက်ကို အိပ်ခန်းထဲမှာ နေရာချထားပြီး ၊ ဦးမန်းပို တို့မိသားစုက အပြင်ဘက်မှာ ရွှေ ့ အိပ်ရန် စီစဉ်သည်။ ဆေးပုလင်းတွေ ၊ ဆေးထိုးအပ်တွေ အစီအရီ တွေ့ရတော့ ဦးမန်းပိုကို ဒေါက်တာဘွဲ့ရ ဆရာဝန် တစ်ယောက်ဟု ကျွန်မတို့ ထင်ခဲ့ကြသည်။ ဦးမန်းပိုတို့ကရော ၊ ရွာသူ ရွာသားတွေပါ ဝမ်းပန်းတသာ ကြိုဆိုကြသည်။ သူတို့သည် ခရစ်ယာန် ဘာသာဝင် ကရင်များ ဖြစ်ကြပြီး ရိုးသား ပွင့်လင်း ကြသည်။

ရေချိုးခါနီးကျတော့ ရေတိုင်ကီ ၊ စဉ့်အိုး ရှာကြည့်သည်။ မတွေ့ ရ။ အဲဒါနဲ့ ဦးမန်းပို၏ ဇနီး ကရင်မကြီးကိုမေးရသည်။ သြော်…ဒါများ လွယ်လွယ်လေး ..ဟိုချောင်းထဲ ဆင်းချိုးလိုက်ပေါ့ ဟု ပြောလေ၏။ သူတို့ရွာသည် ချောင်းရိုးကလေး အတိုင်း ဆောက်ထားသော ရွာတန်းရှည်လေး ဖြစ်သည်။ ချောင်းထဲတွင် သစ်ပင်ကြီး တစ်ပင် ခုတ်လှဲထားသည်။ ရေမှာ အဆက်မပြတ် စီးနေသဖြင့် သစ်တုံးကြီး မျောမသွားစေရန် ကြိုးနှင့် ဆွဲထားရသည်။ ထိုသစ်ပင်ကြီး၏ အကိုင်း အခက်များကို ကိုင်ကာ ရေချိုးကြရသည်။ အထက် အညာမှ ရေချိုးလိုက်ပြီး စီးလာသော ရေသည် ကျွန်မတို့ဆီသို့ ရောက် ၊ ကျွန်မတို့ ရေချိုး ပြီးစီးသွားသော ရေသည် ဟိုမြစ်အောက်ရောက် ၊ ဟိုမြစ်အောက်ဘက်တွင်လည်း ရေချိုး၊ အဝတ်လျှော်သူတွေ အစီအရီ ။ သောက်ရေ ခပ်တော့လည်း ဒီချောင်းထဲကပဲ ခပ်သည်။ ရေစပ်မှာ ခပ်လျှင် မသန့်မှာ စိုးလို့ ဆိုကာ ရေလယ်မှာ အိုးကလေးနှင့် သွားခပ်သည်။ သြော်…ဘာထူးမှာလဲ ဟု ကျွန်မတို့ ကြည့်ကာ ရယ်မိသေးသည်။ ရေသောက်ရတာပင် မသတီ သလို ဖြစ်မိသည်။

ညဘက်ရောက်တော့ ဖားမီးခွက်ကြီးကို အိမ်လယ်မှာ ချထားသည်။ ကျွန်မနှင့် ခင်စန်းဝင်း က မီးခွက်အနီး၌ ထိုင်ကြသည်။ ဦးမန်းပိုတို့ မိသားစုကလည်း ဟိုဟာလုပ် ၊ ဒီဟာလုပ်နှင့် အသီးသီး အငြိမ်မနေကြ။ ည ခုနှစ်နာရီ လောက်ကျတော့ လူငယ်တစ်ယောက် လှေကလေး တစ်စီး လှော်ကာ ရောက်လာသည်။ လှေကလေးကို တိုင်မှာ ချည်ကာ အိမ်ပေါ် တက်လာသည်။ ပြီးလျှင် ဦးမန်းပို နှင့်လည်း စကား တစ်စုံ တစ်ရာ မပြောဘဲ ကျွန်မတို့နှင့် ခပ်လှမ်းလှမ်းမှာ တစ်ယောက်တည်း ဆိတ်ငြိမ်စွာ ထိုင်နေသည်။ မကြာမီ နောက်တစ်ယောက်လည်း လှေကလေး လှော်ကာ ရောက်လာပြန်သည်။ သူလည်း အိမ်ပေါ် တက်လာကာ တိတ်ဆိတ်စွာ ထိုင်နေပြန်သည်။ ဤသို့ လှေကလေး တစ်ယောက် တစ်စီးစီနှင့် လာကြရာ လူငယ်များမှာ ရှစ်ယောက် ၊ ကိုးယောက်ခန့် ရှိလေသည်။ ဦးမန်းပို နှင့်လည်း စကား တစ်စုံ တစ်ရာ ပြောဆိုခြင်း မပြုကြ ။ ၎င်းတို့ အချင်းချင်းလည်း ဟုတ်တိ ပတ်တိ စကားမဆိုဘဲ ငုတ်တုတ်ကလေးတွေ ထိုင်နေကြ၏။ တစ်ခါတစ်ရံ မှသာ တီးတိုး ပြောဆိုကြသော်လည်း ကရင်စကား ဖြစ်၍ ကျွန်မတို့ နားမလည်ပေ။

ကျွန်မတို့ စိတ်ထင် ဦးမန်းပိုက အစည်းအဝေး ခေါ်ထားသည် ဟုအောက်မေ့မိ၏။ တော်တော် ကြာသည် အထိ ငြိမ်နေကြရာ ကျွန်မတို့ အထူးအဆန်း သဖွယ် ဖြစ်ကာ သိချင်လာသဖြင့် မအောင့်နိုင်ဘဲ ဦးမန်းပိုကို တိုးတိုးတိတ်တိတ် မေးမိကြသည်။ ဦးမန်းပိုက “ သြော်…ဒါလား ..အဲဒါ ငါတို့ ဓလေ့ ကွယ့် ။ အိမ် တစ်အိမ်မှာ ဧည့်သည် အပျို ရောက်လို့ ရှိရင် ကာလသားတွေ လူပျို လှည့်ရတယ်။ ဒါကြောင့် သူတို့ ရောက်လာကြတာ” ဟုဆိုလျှင် ကျွန်မနှင့် ခင်စန်းဝင်းမှာ ရှက်ရှက်နှင့် အိပ်ခန်းထဲ ဝင်ကြတော့သည်။ ဒီလိုမှန်း သိလျှင် အစောက ထိုင်ပင် မထိုင်ပါ။ အခုတော့ နှစ်ယောက်သား ထိုင်နေလိုက်ကြသည်မှာ အကြာကြီး။ တွေးရင်း တွေးရင်း ရှက်လိုက်သည်မှာ မပြောပါနှင့်တော့။ အခုထိ တွေးပြီး ရယ်ချင်နေသေးသည်။

နောက်နေ့ကျတော့ ဦးမန်းပိုက သူ့ သား သမီးတွေကို စာသင်ပေးဖို့ ပြောသဖြင့် သင်ပေးရန် ခေါ်ခိုင်းလိုက်သည်။ သူ့ သား သမီးများမှာ အိမ်ထောင် ခွဲနေကြလေပြီ။ ရောက်လာလို့ ကြည့်လိုက်တော့ ခပ်ငယ်ငယ်သာ ရှိသေးသဖြင့် အသက် မေးကြည့်၏။ ဆယ့်ရှစ်နှစ် ဟုဆိုသည်။ ကိုယ့်ထက်ပင် တစ်နှစ်ငယ်သေးသည်။ ကလေး သုံးယောက် ရပြီ ဟုဆို၏။ သူတို့ဆီမှာ ဆယ့်သုံးနှစ်ဆိုလျှင် အိမ်ထောင်ပြုကြသည်ဟု ပြောပြ၏။ ကျွန်မတို့ အဖို့ အထူးအဆန်း ဖြစ်နေသည်။ စာသင်တော့ ကျွန်မတို့က မြန်မာအသံထွက် အတိုင်း ပီပီသသ သင်သည်။ သူတို့က မဟုတ်ဘူး ..သူတို့ အသံထွက်က အမှန် ဆိုကာ ငြင်းသည်။ ကျွန်မတို့မှာ ရယ်လည်း ရယ်ချင်သည်။ နောက်တော့လည်း ပြင်ပေးလို့ မရသဖြင့် ကိုယ်ကပဲ အလျှော့ပေးလိုက်ရတော့သည်။

ဦးမန်းပိုက အိမ်ရှေ့ မှ ဖြတ်သော ဝါးခယ်မ တက်မည့် လှေများကို လှမ်းပြီး ဘယ်ဆိုင်က ဘာဝယ်ခဲ့စမ်းပါ ဟု အမြဲမှာလေ့ရှိသည်။ တစ်နေ့ကလည်း နေမကောင်းသည့် လူတစ်ယောက် လာသဖြင့် ဆေးထိုးပေးလိုက်သည်။ တစ်ခါတစ်ရံ သွေးလည်း သွင်းပေးလေ့ရှိသည်။ ဒါနဲ့ ကျွန်မတို့ တစ်နေ့ကျတော့ စပ်စုကြည့်သည်။ ဦးလေးကြီး ဘယ်တက္ကသိုလ် ဆင်းလဲ ဟုမေးရာ နင်တို့ ဘာပြောတာလဲ။ ငါ နားမလည် ဟုဆိုသည်။ ဦးလေးကြီး ဆေးကုတာ ဒေါက်တာဘွဲ့ ရပြီးပြီ မဟုတ်ဘူးလား ဟုမေးရာ ဟင့်အင်း…ငါ ဆေးထိုးတတ်တယ်။ ဆေးသွင်းတတ်တယ်။ ငါမှ ကျောင်းမနေဖူတာ ဟုဆိုလျှင် ကျွန်မတို့မှာ အံ့သြပြီး ငိုအားထက် ရယ်အားသန် ရသေးသည်။ နောက် နေမကောင်းဖြစ်လျှင် ကိုယ် ပါလာသော ဆေးတွေသာ ကျိတ်မှိတ် သောက်ရသည်။ နေမကောင်း ဟုမပြောရဲ ။ ဦးမန်းပို ရမ်းကုမှာကို ကြောက်၍ ဖြစ်သည်။

ထိုရွာရှိ အိမ်တိုင်း ၊ အိမ်တိုင်းတွင် တံခါး မရှိချေ။ ပြတင်းပေါက်တွေရော ၊ တံခါးမကြီးတွေပါ ဟောင်းလောင်းပင် ။ ညလည်း ထိုအတိုင်း အိပ်၏။ ကျွန်မတို့ အိပ်ခန်းတွင်လည်း တံခါးမရှိ။ ကျွန်မရော ခင်စန်းဝင်းပါ မိန်းကလေးများပီပီ ကြောက်တတ်သူများ ဖြစ်၍ ညအိပ်ခါနီးဆိုလျှင် ထမင်းစား စားပွဲကြီးကို အခန်းဝ ၌ ပိတ်ထောင်ထားပြီး အိပ်ကြသည်။ သန်းခေါင်ယံ အချိန်လောက်တွင် ကြောင်ခုန်ချသဖြင့် စားပွဲကြီး ဝုန်းကနဲ လဲကျလေသည်။ ညဘက် တိတ်ဆိတ်ချိန်လည်းဖြစ် ၊ စားပွဲခုံကြီးကလည်း လေးသဖြင့်အသံမှာ ကျယ်လောင်လှ၏။ ကျွန်မနှင့် ခင်စန်းဝင်းမှာ နဂိုတည်းက ကြောက်တတ်သူများဖြစ်၍ လိပ်ပြာလွင့်မတတ် လန့်ပြီး အော်လိုက်ကြသည်မှာ ငယ်သံပင် ပါလေ၏။ တစ်အိမ်လုံးလည်း လန့်ဖြန့်ကာ နိုးကုန်ကြတော့သည်။

မနက်ရောက်တော့ ဦးမန်းပိုက ခရစ်ယာန်ဘုရားကျောင်းရှိ သင်းအုပ်ဆရာကြီးကို သွားခေါ်လာ၏။ ကျွန်မတို့ကိုလည်း လာကြဟု ခေါ်သည်။ ဘာလုပ်ဖို့လဲ မေးတော့ ညည်းတို့က လန့်ပြီး လိပ်ပြာလွင့်သွားတာ ..အဲဒါ လိပ်ပြာ ပြန်ချုပ်ဖို့ ဟုဆိုလေ၏။ ကျွန်မတို့ကလည်း မဟုတ်ပါဘူး …ရိုးရိုးလန့်တာပါ ။ ဘာမှ မဖြစ်ပါဘူး ဟုရှင်းသော်လည်း မရ။ ဒါ တို့ ဓလေ့ပဲ ဟု အတင်းဆို၏။ ဦးမန်းပိုက အလျော့ပေးမယ့်ပုံ မပေါ်သည့် အပြင် ဆရာမကြီးများကလည်း မှာထားခဲ့သဖြင့် ကျွန်မတို့ ငြိမ်နေလိုက်ကြရ၏။

သင်းအုပ်ဆရာကြီးနှင့် ဦးမန်းပိုတို့သည် ပထမဦးဆုံး ဘဲဥ နှစ်လုံး ပြုတ်၏။ ကျက်သောအခါ ဘဲဥထိပ်ကလေးကို ဖောက်လိုက်၏။ ဘဲဥထိပ်၌ လေခိုပြီး ခွက်နေသော နေရာလေး ရှိ၏။ ဦးမန်းပို တို့သည် ထို ခွက်နေသော နေရာလေးကို တွေ့လျှင် ဝမ်းသာ အားရဖြင့် တွေ့လား အဲဒါ လိပ်ပြာ ထွက်သွားလို့ ခွက်နေတာဟု ဆိုကြလျှင် ကျွန်မတို့မှာ ထိန်းထားသည့်ကြား ကပင် တခွိခွိနှင့် ရယ်မိသေးတော့သည်။ မဟုတ်ဘူး ဟုဆိုကာ ကျွန်မတို့က ဘဘာဝကျကျ ရှင်းပြသေး၏။ သို့သော် သူတို့က လက်မခံ ပါချေ။ သူတို့၏ ရိုးသားမှုကိုတော့ အပြစ်မတင်ချင်တော့ပါပြီ။ ပြီးတော့ အပ်ချည်ကြိုးတွေ နှင့်လည်း လုပ်ကြသေးသည်။

နောက်ဆုံး ဘဲဥနှင့် ထမင်းတွေကို နယ်သည်။ လက်ဝါးဖြန့်ခိုင်းပြီး လက်ဝါးပေါ်မှာရော ခေါင်းတွေပေါ်ပါ တင်၏။ သူတို့ လုပ်ပေးသမျှ ငြိမ်နေရသော်လည်း ရယ်ချင်စိတ်ကို မနည်း အောင့်ထားရ၏။ လိပ်ပြာချုပ်သည် ဆိုကာ အပ်ချည်ကြိုး တစ်ကွင်းစီလည်း လက်မှာ စွပ်ပေး၏။ ဘဲဥနှင့် နယ်ထားသော ထမင်းတွေ ခေါင်းပေါ် တင်သဖြင့် နောက်တစ်နေ့ ခေါင်းလျှော်လိုက်ရသည်။

မှတ်မှတ်ရရ ဆရာအတတ်သင် သိပ္ပံမှာ ကထိန်လုပ်၍ ကျောင်းသို့ ခဏ ပြန်ကြသည်။ ကျောင်းက သူငယ်ချင်းတွေက လက်ကအပ်ချည်ကြိုးတွေ ဘာဖြစ်လို့ ဝတ်ထားတာလဲ ဟုဝိုင်းမေးကြသည်။ ကျွန်မတို့မှာ ပြောပြပြီး ရယ်လိုက်ရသည်မှာ အူတွေပင်နာသည်။ ထိုအပ်ချည်ကွင်းကို ထိုရွာ၌ နေသမျှ ကာလပတ်လုံး မချွတ်ရဲပေ။ ဦးမန်းပို မေးမှာ ကြောက်၍ ဖြစ်သည်။ ရွာမှ ပြန်ခါနီးကျမှ အသာလေး ပစ်ထားခဲ့ရသည်။

ဤသို့ဖြင့် နေလာကြရာ စာသင်ရင်း စာပြရင်းပင် ရက်တွေ နေ့တွေ ကုန်ဆုံးခဲ့သည်။ တစ်နေ့တွင် အင်းမှာ ငါးဖမ်းကြမည်ဟု ဆိုကာပြင်ဆင်နေ သဖြင့် ကျွန်မတို့လည်း ဆရာမကြီး သင်ထားသည့် အတိုင်း အလိုက်တသိပင် ကျွန်မတို့လည်း လိုက်ပါ့မယ် ဟုဆိုလိုက်ရသည်။ အင်းသို့ ရောက်သောအခါ ရင်ခေါင်းခန့် နစ်သော နေရာ၌ ဆင်းကာ ပိုက်တွေနှင့် ငါးဖမ်းကြသည်။ ကျွန်မတို့ နှစ်ယောက်ကတော့ လှေပေါ်က မဆင်းပါ။ ငါးတွေ ၊ ပုစွန်တွေ ဖမ်းပြီး အိမ်ပြန်ပို့တော့ ကျွန်မတို့ လိုက်သွားသည်။ ဤသို့ သွားလိုက် ပြန်လိုက်ဖြင့် သုံးခေါက်မြောက်ပြီးနောက် ပုစွန်ထုပ်လှေနှင့်ကျတော့ ဆရာမတို့ အိမ်မှာပဲ နေပါတော့ ဆိုသဖြင့် ပြန်မလိုက်ကြတော့ပေ။ ပုစွန်ထုပ်ကြီးများမှာလည်း အလွန်ဆူဖြိုးလှသည်။ အိမ်ရောက်တော့ ပုစွန်ထုပ် တောင်းကြီးကို မီးဖို နံဘေးချပြီး ပုစွန်တွေ ဖုတ်စားကြသည်မှာ ညနေစာ ထမင်းပင် မစားနိုင်ချေ။ မှတ်မှတ်ရရ ဘဝ တစ်သက်တာတွင် ထိုနေ့မှာ ပုစွန်ထုပ် ဝ၀လင်လင် စားခဲ့ရဖူးသည်။

ကျွန်မတို့ ပြန်ရခါနီးလေ ဝမ်းသာလေ ဖြစ်သည်။ သူတို့ ခမျာတော့ ကျွန်မတို့ ပြန်ရခါနီးလေ ဝမ်းနည်းလေပင် ။ ကျွန်မတို့ ပျော်နေတာ တွေ့လျှင် သူတို့ မကြိုက်။ သူတို့နှင့် ခွဲရတာ ပျော်ရပါမည်လား ဟု။

ရက်တွေလည်း တရွေ့ရွေ့နှင့်ပင် ပြန်မည့်နေ့ ရောက်ခဲ့သည်။ ကျွန်မတို့ နှစ်ယောက် ရွာထဲ လိုက်နှုတ်ဆက်ကြသည်။ အနီးအပါး လိုက်နှုတ်ဆက်ပြီး အထုပ်အပိုးတွေ ပြင်ကြရသည်။ သူတို့ ဝမ်းနည်းနေကြသည်။ မျက်နှာမကောင်းကြ။ ကျွန်မတို့ နှစ်ယောက်ကတော့ ဝမ်းနည်း ဝမ်းသာ ဖြစ်မိသည်။ ကိုယ့်ကျောင်းကိုယ် ပြန်ရမှာမို့ ဝမ်းသာသည်။ ငါးတွေ ပုစွန်တွေ ဖောဖောသီသီ မစားရတော့ဟု အောက်မေ့မိသေး၏။ အပြန်တွင် ဦးမန်းပိုနှင့်ရွာသားတချို့လိုက်ပို့ ကြသည်။ လှေနှင့် တဲအိမ်ကလေးတွေ ရှေ ့ ကဖြတ်သွားတိုင်း ထွက်ပြီး နှုတ်ဆက်ကြ သည်။ ဝါးခယ်မ အထိ လိုက်ပို့သည်။ ဝါးခယ်မ ထမင်းဆိုင်မှာ ထမင်းကျွေးသေးတာ အမှတ်ရမိသည်။ တခြားရွာမှ ဆရာ ၊ ဆရာမတွေလည်း ဝါးခယ်မမှာ ဆုံကြရသည်။ ဆရာမကြီးတွေက ဝါးခယ်မကို လာကြိုမည် ဖြစ်သည်။ ဆရာ၊ ဆရာမတွေကို လိုက်ပို့ကြသော တခြားရွာက ရွာသားတွေ ဝမ်းနည်း၍ မျက်ရည်ကျ ကြသည်။ နောက်တော့ ဦးမန်းပိုတို့လည်း ခေါင်းချင်းဆိုင်၍ ကျိတ်၍ ရှိုက်နေကြသည်။ ကျွန်မတို့လည်း စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းပြီး မျက်ရည်ဝဲလာသည်။ ရိုးသား ပွင့်လင်းပြီး စိတ်သဘောထား ဖြူစင်တဲ့ ရွာသူ ရွာသားတွေကို ကျွန်မ မမေ့နိုင်ပါ။

အချိန်တွေလည်း အနှစ် နှစ်ဆယ်လောက် ကြာခဲ့ပါပြီ။ ယခု ကျွန်မ အသက်ပင် လေးဆယ်ကျော်ပါပြီ။ အခုလောက်ဆို ဦးမန်းပိုရော ရှိမှ ရှိပါတော့မလား မသိ။ ရွာသူ ရွာသားတွေလည်း ကျွန်မကို မှတ်မိချင်မှ မှတ်မိကြတော့မည်။ ဘဝတစ်ကွေ့က အသစ်အဆန်း အတွေ့အကြုံလေးမို့ ကျွန်မ မမေ့နိုင်ပါ။ နှစ်တွေ အလီလီ ပြောင်းသော်လည်း သူတို့ရဲ ့ ရိုးသားမှုလေးတွေ ၊ ဖော်ရွေမှုလေးတွေက ရင်ထဲမှာ စွဲထင်နေဆဲ ဖြစ်ပါသည်။ တွေးမိတိုင်းလည်း သတိရနေမိသေးသည်။ လွမ်းမောနေမိသေးသည်။

“ဒေါင်”

အချိန်ပြောင်း သံချောင်းခေါက်သံ ကြားမှ အသိတရားတို့ ပြန်လည် စုစည်းမိသည်။ လာကြိုသော ကလေးတွေကို စာအုပ်နှင့် မြေဖြူဗူး ပေးလိုက်ပြီး ကျွန်မ အတန်းဝင်ရန် ထွက်ခဲ့တော့သည်။

သင်ကာ

*ကျနော့် ဆရာမ၏ အတွေ့အကြုံကို ပြန်လည် ရေးဖွဲ့ပါသည်။

Advertisements

2 Comments

Filed under Short Story

2 responses to “A Turn of Life

  1. sin dan lar

    ကြိုက်ပါသည်။

  2. ကောင်းပါတယ်