မရက်စက်သင့်တဲ့ ရက်စက်မှုမျိုးနဲ့

မရက်စက်သင့်တဲ့ရက်စက်မှုမျိုးနဲ့

ကောင်းကင်ဘုံကဘဝကိုအတင်းလှုပ်နှိုး

တနင့်တပိုးကျိန်စာတွေ

အိမ်စာအဖြစ်ပေးလွှတ်

ကွေးညွှတ်သစ္စာတရားအောက်မှာ

ငါဘာတွေသင်ကြားဖူးလို့လဲ…။

(ငြိမ်သက်နေတဲ့ဘဝထဲကိုမင်းဝင်လာတယ်။အချစ်ဆိုတာ နဲ့စတွေ့ကတည်းကခါးသီးမှုတွေစခံစားရတာပဲသန္တာ။ မင်းကလက်ထပ်ဖို့၊ ငါယုံကြည်လျှောက်လှမ်းချင်တဲ့ အနုပညာကိုစိတ်ကူးယဉ်မှုတစ်ခုလို့ မင်းကယူဆပြီးစွန့်လွှတ်ပစ်ဖို့ပဲမင်းပြောနေခဲ့တယ်။ မင်းမိဘတွေကစီးပွားရေးသိပ်ကောင်းတယ်။ အဲလိုစီးပွားရေးအသိုင်းအဝိုင်းထဲငါမဝင်ချင်ဘူး။ ခြူသံမြည်နေတဲ့အသိုင်းအဝိုင်းကို စက်ဆုပ်တယ်။ အချစ်ဆိုတာကငါ့အတွက် ဘဝဝန်ထုပ်တွေပုခုံးပေါ်တင်ပေးလိုက်ပါပြီကော။ ငါကလောကအကြောင်းဘာမှကိုမသိသေးတဲ့အရွယ်ပါသန္တာ။)

အလျားရှိအနံမဲ့ဘဝကို

ဆာဟာရနဲ့ဈေးဖြတ်

ရင်ဘတ်ဟောင်းလောင်းထဲ

ရေတစ်စက်ထဲနဲ့အမျှဝေ

သဲတွေအောက်နေတစ်စင်းမြှုပ်ပြီးတော့…။

(မျှော်လင့်ချက်တွေနဲ့ပဲရှင်သန်နေရတဲ့ဘဝ၊ မိဘကလည်းထောက်ပံ့ပေးနိုင်လောက်အောင် ဓနအင်အားမရှိ၊ ဒါပေမယ့်မင်းတို့အသိုင်းအဝိုင်းက အနာဂတ်လုံးဝမရှိတဲ့လူလို့ ငါ့ကိုသဘောထားနေတယ်။ ရွာထဲမှာပြောကြတဲ့အသံ၊ နင့်အစ်မဝမ်းကွဲဝါဝါ ငါ့ကိုရိတာတွေ ငါသည်းခံနိုင်ပါတယ်။ ဒီဖိနှိပ်မှုတရားတွေ၊ ငါ့ဘက်မှာ ဘယ်သူမှမရှိတာတွေကို ငါမြတ်နိုးတဲ့အနုပညာ၊ ယုံကြည်ချက်တစ်ခုတည်းနဲ့ အားလုံးကိုသင်ပုန်းချေနိုင်ပါတယ်သန္တာရယ်။)

သမားရိုးကျဆန္ဒတွေ

အိပ်နေတုန်းအခိုးခံရ

မငိုဘဲကျတဲ့မျက်ရည်တွေ

သက်သေမရှိလို့ထောင်ချီအကျဉ်းကျ…။

(အချစ်ဆိုတာကို အနုပညာသမားငါကပိုပြီး လှလှပပတွေးတတ်ခဲ့ပါတယ်။ ဘဝဆိုတာကိုလည်း မင်းနဲ့ရင်ဆိုင်မယ်ပေါ့။ စိတ်ကူးတွေယဉ်လို့ပေါ့သန္တာ။ တစ်နေ့ကငါကြားပါတယ်။ မင်းအစ်မကိုတောင်းရမ်းစေ့စပ်မယ့်လူကို မင်းအဖေနဲ့အမေကဘယ်ရွေ့ဘယ်မျှ တင်တောင်းမှလို့။ ငွေသံကြေးသံတွေမြည်လိုက်တာ။ ငါလိုဆင်းရဲတဲ့သူဆိုဘယ့်နှယ့်လုပ်မလဲ။ ခိုးပြေးရင်ရောလို့ငါစကားဟမိပါရဲ့၊ မင်းကငြင်းလိုက်တာခါးခါးသီး။ မိဘမျက်နှာအိုးမည်းမသုတ်ဘူးတဲ့။ ရိုးပြတ်တောကိုဖြတ်တိုက်လာတဲ့ လေတွေကအေးအေးနဲ့ ညညငါ့မှာအိပ်မပျော်။ ပုရစ်တစီစီနဲ့မျက်ရည်တောင်ကျမိသးတယ်။)

ဘဝအကိုင်းတွေခုတ်ထစ်

ငုတ်အဖြစ်ထိုးစိုက်မှ

အညွန့်စတလူလူ

ငါဘယ်သူလဲတွေးနေတုန်း

မီးအုံးထားတဲ့ဓားတစ်လက်နဲ့

ကောင်းကင်ရွက်ဆိုင်းကြိုးတွေဖြတ်ချ

လောကကိုအုပ်နင်းပြီး

ခလုတ်ကန်သင်းတွေထက်မှာ

တိမ်ပြာကိုခင်းနင်းချင်တာ…။

(တော်ပါပြီ။ နင်ရွေးသင့်တာ ရွာဟိုဘက်ပိုင်းက လက်ပတ်နာရီလေးတကြွကြွ၊ စက်ဘီးလေးတဝီဝီနဲ့ကောင်ပါ။ သူနင့်ကိုအသေကြိုက်နေတာပဲ။ ငါရန်ကုန်မြို့ထဲမှာအလုပ်သွားလုပ်ပြီ။ နင်မကြိုက်တဲ့အနုပညာ၊ နင်အမြဲအထင်သေးတဲ့ပန်းချီသမားအလုပ်လေ။ ပိုက်ဆံတော့ရတယ်သိပ်မဟုတ်ဘူး။ ဒါပေမယ့်ရွာဘက်နေ့တိုင်းမပြန်ရပြီးရော။ ငါ့ဘဝတက်လမ်းငါရှာမယ်။ နင်လည်းတောသူဌေးသားနဲ့သာ လက်ထပ်ဖို့သင့်တယ်။ ငါ့ဘဝနင်ပြောသလို အနုပညာတောမှာစုတ်ပြတ်ပြီး နစ်ရင်နစ်ပါစေတော့။

ငါကံကောင်းတယ်။ အလုပ်မှာငါရဲ့အရည်အချင်းကို ငါ့အစ်ကိုတွေလည်း ဖြစ်ဆရာတွေလည်းဖြစ်တဲ့ကိုတူးတို့က အသိအမှတ်ပြုတယ်။ ငါပညာတွေလည်းရတယ်။ ငါကတော့ကြိမ်းဝါးထားပါတယ်။ အနုပညာသမားတစ်ယောက်ဟာလည်း မိန်းမတစ်ယောက်ကို တင့်တောင့်တင့်တယ်ထားနိုင်ပါတယ်ဆိုတာ။ နင်သိပ်အထင်ကြီးတဲ့ ငွေလောကကောင်းကင်ကြီးကို ငါကမြေကြီးပေါ်ဖြုတ်ချပြီးနင်းပြလိုက်ချင်တယ်။ လက်စားချေဖို့တော့မရည်ရွယ်ပါဘူးသန္တာ။)

ခေါက်ရိုးကျအိပ်မက်လို

ရေခဲတိုက်ထဲမှာအရိုးကျ

နှောင်တင်းမှုသံပတ်တင်းတင်းပေးထားတဲ့

မတည့်မတ်မှုစနစ်တကျထဲက

ခပ်အအကမ္ဘာမြေရဲ့

မဟာသန္ဓေဝမ်းဗိုက်ကို

ထိုးစိုက်ခွဲချပစ်ဖို့

ကျောက်ဖြစ်ရုပ်ကြွင်းအသဲမျိုးနဲ့ငါ…ရဲရဲတိုးလာပြီ…။

(ငါတွေ့လိုက်တယ်။ ရွှေဂုံတိုင်မှာနင့်ကို။ ငါကမီးပွိုင့်မှာကားရပ်တုန်းပြေးဆင်းပြီး နင့်နောက်လိုက်တယ်။ ငါတို့မတွေ့တာကြာပြီကော။ နှစ်နဲ့ချီနေပြီ။ နင်ကလမ်းဖြတ်ကူးပြီး ထိုးဆိုက်လာတဲ့တက္ကစီပေါ်တက်တော့မယ်။ ငါကအပြေးကလေး အနားကပ်လာတော့ မျက်စိတွေပြာသွားတယ်။ ဟိုကောင်ကကားပေါ်မှာ အသင့်စောင့်နေတာကိုး။ မတတ်နိုင်ဘူး၊ နင်ကလည်းငါ့ကိုမြင်သွားပြီပဲ။ နင့်ကိုစိတ်မရှုပ်စေချင်သလိုငါလည်း ဒီလိုကြီးမကျရှုံးချင်ဘူး။ ဒါပေမယ့်ရတယ်သန္တာ။ ငါကလည်ကတုံးအင်္ကျီအဖြူ၊ ကချင်ပုဆိုး၊ ကတ္တီပါဖိနပ်အနက်လေးနဲ့ လွယ်အိတ်ကလေးလွယ်လို့၊ နင်မျှော်လင့်ထားသလောက်စုတ်ပြတ်မနေတဲ့ငါ့ကိုနင်မမျှော်လင့်ဘဲတွေ့လိုက်တော့နင်မလှုပ်နိုင်မရှားနိုင်ဖြစ်သွားတာငါတွေ့နေတယ်။တက္ကစီသမားကသွားတော့မယ်။ဘီးရွေ့နေပြီ။ငါကဖြတ်ကနဲ့ပိုက်ဆံအိတ်ကိုထုတ်ပြီးငါ့ရဲ့လိပ်စာကဒ်လေးကိုပေးလိုက်ပါတယ်။လက်ပြရုံသက်သက်နဲ့ငါရပ်ပြီးမကျန်ချင်ဘူး။နင်းဘေးနားမှာရောက်နေပြီဖြစ်တဲ့အဲဒီကောင်ကိုနားလည်အောင်နင်ရှင်းပြနိုင်မှာပါ။ငါဘယ်သူလဲသူသိတာပဲ။)

မရယ်တတ်တော့တဲ့မျက်နှာပေါ်မှာ

အမာရွတ်စာတမ်းတစ်ခုကပက်လက်

“မရက်စက်သင့်တဲ့ရက်စက်မှုမျိုးနဲ့…”။

(ငါအရက်စသောက်တတ်လာတယ်။ဟန်ဆောင်ပြုံးတောင်မပြုံးချင်ဘူး။နင်ကဖြစ်သင့်တာကိုရွေးသွားတယ်။လက်တွေ့ကျတယ်။ငါကစိတ်ကူးယဉ်နေဆဲပဲလားမသိဘူး။နင်တို့လက်ထပ်လို့ကလေးတောင်ရပြီဆို။အဲဒီကလေးလေးကိုငါကမမြင်ဖူးဘဲချစ်နေမိသေးတယ်။ငါကတော့ဘယ်တော့မှမကျက်တော့မယ့်ဒဏ်ရာနဲ့ပဲနေထိုင်တော့မယ်။နင်ရောနင့်အသိုင်းအဝိုင်းကပါထင်တယ်လေ။ငါကတကိုယ်ကောင်းဆန်တယ်။နင့်အပေါ်မှာအဆက်အသွယ်ဖြတ်ရက်စက်တယ်တဲ့။ငါကငါ့ကိုယ်ငါပြန်ရက်စက်ရတာတော့နင်မသိနိုင်ပါဘူးဟာ။ငါ(နင်တို့ထင်သလို) မရက်စက်ခဲ့ရင်လည်းနင်သေချာချင်တဲ့ဘဝမျိုး၊နင်တို့ရဲ့၂ထပ်အိမ်အသစ်ကြီး၊အိမ်ကြီးဘေးကလှောင်ထားတဲ့စပါးတွေနင်အလိုရှိသလိုဆောင်ကျဉ်းနိုင်တဲ့ဘဝရောက်လာမှာမဟုတ်ဘူး။ဒါပါပဲသန္တာ။သိပ်ချစ်လွန်းတဲ့အခါနိဂုံးဟာပိုင်ဆိုင်လိုခြင်းတစ်ခုတည်းမဟုတ်ပါဘူး။စွန့်လွှတ်ခြင်းနဲ့အဲဒီစွန့်လွှတ်ခြင်းကြောင့်နင့်ဘဝသာယာနေတယ်ဆိုတာလည်းချစ်ခြင်းရဲ့နိဂုံးပဲဟာ။ငါတော့ခုထိတစ်ယောက်တည်းပဲ။ငါမှတပါးအနုပညာတော့ရှိနေပါတယ်။

နာဂစ်အပြီးငါရွာကိုပြန်တော့အဖွားက”သား… သန္တာလေအိမ်ထောင်ကျပြီ။ကလေးလည်းရပြီ။စီးပွားရေးလည်းအဆင်ပြေတယ်၊လင်ကောင်းသားကောင်းရတယ်”တဲ့။ငါကရင်ထဲကပြန်ပြောလိုက်ပါတယ်။”ဟုတ်ပါမယ်အမေကြီးရဲ့။သားနဲ့သာရရင်လင်ဆိုးမယားတဖားဖားနေမှာပေါ့”လို့။ဘာဖြစ်ဖြစ်ကြားရတဲ့အတွက်ငါပျော်ပါတယ်။နင်နဲ့ဝေးလို့ကြေကွဲရတဲ့ထုထည်လောက်ကိုပြန်ပြီးပျော်ပါတယ်။

ငါတိုင်းတပါးကိုပြန်ထွက်မယ့်နေ့ရွာလည်မှာကားစောင့်နေတုန်းမနီလာကပြောတယ်။”အဲဒါလေသန္တာတို့အိမ်”တဲ့။ဆန်အိတ်တွေအလုပ်သမားတွေမြင်တယ်။နင့်ကိုတော့မတွေ့ဘူး။နင်းအိမ်ကြီးကိုပဲကြည့်ပြီးနုတ်ဆက်ခဲ့ပါတယ်။ပျော်နိုင်ပါစေ။ငါရက်စက်ခဲ့တာကိုငါပြန်ကျေနပ်နေပါတယ်သန္တာ။)

မက်မပြေ(ဒဂုံတက္ကသိုလ်)

(လောကအလှအွန်လိုင်းမဂ္ဂဇင်းမှ)

Advertisements

1 Comment

Filed under Essay, Poem

One response to “မရက်စက်သင့်တဲ့ ရက်စက်မှုမျိုးနဲ့

  1. အသဲကွဲရှ ပိုစ့်တွေလည်း ပါသကိုး။

    အမှန်တွေချည်းထင်ပါ့။

    ဖြစ်သမျှအကြောင်း အကောင်းချည်းသာ မှတ်လိုက်ပါတယ်ဗျာ။