About a City

စိတ်ကူးယဉ်နည်း မသိတတ်သေးတဲ့ မြို့ ….

ထိနမ်းခြင်းရဲ့ ဖောက်ပြန်မှုလေးကိုမှ မတွေးကြည့်ဖူးတဲ့ မြို့…

ယန္တရားဆန်တဲ့ နှလုံး လှည့်ပတ်မှုထဲ ဝိဉာဉ် မကပ်ဖူးသေးတဲ့ မြို့…

အချိန်ထက်မှာ ကြွေပျောက်သွားတဲ့ လောကရဲ့

နှစ်လိုဖွယ် အိပ်မက်ကိုမှ ဘာသာမပြန်တတ်တဲ့ မြို့ ….

ဒီမြို့ ကိုမှ မျှော်လင့်ချက် မရှိ တရှိ နဲ့ ငါ တံခါးခေါက်ခဲ့တယ်။

ရင်ဘတ် တစ်ခုရဲ့ ဧရိယာကို မသိတဲ့မြို့ …

ကိုယ့်ကိုယ်ကို သနားရကောင်းမှန်း မသိတဲ့ မြို့…

ကိတ်ဝင်းစလက်လို ဆံပင်မျိုး မထားရဲတဲ့ မြို့…

နှုတ်ခမ်းတစ်စုံရဲ့ စားမြိုမှုကို မခံဖူးတဲ့ မြို့….

နှုတ်ခမ်းနီ မဆိုးတတ်တဲ့ မြို့….

ငါ့ကို ငုံ့ ကြည့် ခေါင်းမော့ ရယ်လိုက်တယ်။

တိမ်တွေကို သူမမြင်လိုက်ဘူး။

မြေကြီးပေါ် အခြေစိုက်တဲ့ မြို့ ….

ကိုယ့်ကိုယ်ကို စီမံခန့်ခွဲချင်တဲ့ မြို့ …

ဝိုင်တစ်ခွက် သောက်ကြည့်ဖို့ မလိုဘူး ထင်တဲ့ မြို့ …

ကိုယ့်ဦးနှောက်ကိုယ် ရောင်းစားတဲ့ မြို့….

ကိုယ့်ဘဝကိုယ် အတ္တနဲ့ စေ့စေ့ချုပ်ထားတဲ့ မြို့ …

ငါ့ကဗျာတွေ ရွတ်ပြဖို့ ငါ ကြိုးစားခဲ့တယ်။

အသိတရားတွေ အနည်ကျသွားတဲ့ ညမှာ ကဗျာတစ်စလောက်

သူ့ရင်ထဲ စူးသွားစေချင်တာ။

မဖိတ်ခေါ်တဲ့ မြို့…

မပိတ်ပင်တဲ့ မြို့ …

ခေါင်း မငြိမ့်တဲ့ မြို့ …

ခေါင်း မခါတဲ့ မြို့…

အချိန်နဲ့ စေးပျစ်မှုရဲ ့ ဒဏ်ကို မခံနိုင်တော့တဲ့ မြို့…

မပေါ့ပျက်တော့ပေမယ့် လေးနက်မလာသေးတဲ့ မြို့ …

ဖြစ်ချိန်တန်တဲ့ ဗီဇ တချို့ ကွဲအက် နိုးထလာတဲ့ မြိ ့ …

သူ့ ခန္ဓာ သူ ပြန်ခိုးကြည့်နေပြီ။

လည်ပတ်နေကျ အသိတရားတွေ ချွတ်ယွင်းသွားတဲ့ မြို့ …

သူ့ ယုံကြည်မှုတွေကို သံသယ ရှိလာတဲ့ မြို့ …

ခေါင်းမာမှုတွေ စွန့်မပစ်ရက်တဲ့ မြို့…

ဝင်္ကဝုတ္တိအလင်္ကာတွေကို ဆွဲဆန့် ချင်တဲ့ မြို့…

အစဉ်အလာ ပျက်သွားတဲ့ သူ့လောကထဲကို

မိုက်မဲခြင်းတွေနဲ့ မွန်းမံဖို့ ကြိုးစားတဲ့ မြို့ …

ညတစ်ညရဲ့ ဒြပ်ရှိ ၊ ဒြပ်မဲ့ အဖြစ်ကို ခွဲခြားသိလာပြီ ဖြစ်တဲ့ မြို့…

ငါ့ရဲ့ဖောက်ဝင်ခြင်းကို ခံရတဲ့ မြို့ …

ငါ့ကို အသိအမှတ် မပြုချင်သေးတဲ့ မြို့…

လွှမ်းမိုးခြင်းတွေ ကူးစက်သွားတဲ့ မြို့…

ငါ့ရဲ့အိပ်မက်တွေကို ခိုးဖတ်တတ်လာတဲ့ မြို့…

ငါက စစ်မကြေငြာခဲ့တဲ့ မြို့ …

ရင်ခုန်သံကို သံတမန်တွေ အဖြစ် လက်ခံလိုက်တဲ့ မြို့…

နောက်ဆုံးတော့ အဲဒီ မြို့ ရဲ့ အထက်နဘံမှာ ငါဟာ

ကောင်းကင်ယံ တစ်ခု အလိုလို ဖြစ်သွားခဲ့တယ်။

မငြင်းနိုင်တော့တဲ့ မြို့…

တောင်းဆိုခြင်း အနုပညာကို တတ်မြောက်လာပြီ ဖြစ်တဲ့ မြို့…။

သင်ကာ

Advertisements

Leave a comment

Filed under Poem

0 responses to “About a City

  1. ကဗ်ာ ဖတ္သြားပါတယ္။

  2. I love this poem so much… Thk