Economic Reform and Economic Policy

စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေးပေါ်လစီ (မူဝါဒ)
(Economic Reform and Economic Policy)

ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံအတော်များများသည် လိုအပ်လျှင် လိုအပ်သလို အချိန်မီ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ကြရပါသည်။ တနည်းဆိုရသော် နိုင်ငံ၌ လက်ရှိစီးပွားရေး၏ အားနည်းချက်၊ အားသာချက်များနှင့် အနာဂတ်အလားအလာများကို ပြန်လည် ခွဲစိတ်သုံးသပ်ပြီး ယင်းကို ပုံဏ္ဍန်အသစ်များဖြင့် ပုံဖော်စေခြင်း ဖြစ်ပါသည်၊ နိစ္စဓူဝ ပြောင်းလဲလာသော လူမှုစီးပွားရေးအခြေအနေများကို လက်တွေ့ကျကျ ပြန်လည် သရုပ်ဖော်ခြင်းဟုလည်း ဆိုနိုင်ပါသည်။

စီးပွားရေးနှင့် နိုင်ငံရေးသည် အပြန်အလှန်ဆက်စပ်နေတတ်ပြီးစီးပွားရေးမတည်ငြိမ်မှုဖြစ်လျှင် နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်သလို နိုင်ငံရေးမတည်ငြိမ်မှုဖြစ်လျှင်လည်း စီးပွားရေးမတည်ငြိမ်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေးနှင့် စီးပွားရေးကိုမည်သို့တည်ငြိမ်အောင် ဆောင်ရွက်ရမည်ဆိုသည်ကို အမြဲတမ်းပြောဆိုဆွေးနွေးကြလေ့ရှိကြပါသည်။ တစ်နည်းအားဖြင့် နိုင်ငံရေးမတည်ငြိမ်မှုကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဖြင့်လည်းကောင်း၊ စီးပွားရေးမတည်ငြိမ်မှုများကို စီးပွားရေးပြုပြင် ပြောင်းလဲမှုများဖြင့်လည်းကောင်း ပြန်လည်ပြုပြင်ရလေ့ရှိပါသည်။ ယင်းတို့ကို နှစ်ခုလုံးတွဲဖက်၍လည်းကောင်း၊ တစ်ခုစီသီးသန့်ခွဲ၍လည်းကောင်း ဆောင်ရွက်လေ့လည်းရှိပါသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် စီးပွားရေးပိုမိုတိုးတက်ကောင်းမွန်စေရန်ဖြစ်ပါသည်။ စီးပွားရေးဆုံးဖြတ်ချက်များ၊ စီးပွားရေးပေါ်လစီတိုင်းသည် Efficiency (သက်ရောက်အကျိုးရှိမှု) အရှိဆုံးဖြစ်ရန်နှင့် မက်ခရိုစီးပွားရေး (Macro Economy) ၏ တည်ငြိမ်သောတိုးတက်မှုရှိစေရန်အတွက် Equity (သာတူညီမျှရှိမှု) ရှိရန်လည်းလိုအပ်ပါသည်။ သို့မှသာ ကုန်ထုတ်လုပ်မှု (Productivity) လည်းတိုးမြင့်လာပြီး တည်ငြိမ်သော စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်ပါလိမ့်မည်။

တစ်ချိန်တည်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို အဓိကအာရုံထားကြသည်။ ဆင်းရဲမွဲတေမှုဆိုရာတွင်လည်း စားစရာ၊ ဝတ်စရာ၊ နေစရာမရှိလောက်အောင် ဆင်းရဲနွမ်းပါးသော တိုင်းပြည်များရှိသကဲ့သို့ တိုင်းပြည်က ချမ်းသာသော်လည်းပြည်သူများ၏ စားဝတ်နေရေးမှာ မပြေလည်သော တိုင်းပြည်များလည်း ရှိပါသည်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရန်ဆိုရလျှင် ယင်းတိုင်းပြည်၏အထွေထွေအခြေအနေများကို သိရှိရန် လိုအပ်ပါလိမ့်မည်။ စာရေးသူအနေဖြင့် တိုင်းပြည်များ၏ အထွေထွေအခြေအနေများကို အချိန်တိုအတွင်း လေ့လာသိရှိနိုင်ရန် ပြည်ပနိုင်ငံများသို့ရောက်လျှင် ယင်းနိုင်ငံများ၏စျေးများ (Vaarious Markets) (သား၊ ငါးနှင့် အစားအသောက်ရောင်းချသောစျေးများ၊ Super Markets များနှင့် Stock Markets များ စသဖြင့်)၊ တက္ကသိုလ်များ (Universities) ၊ မြို့တွင်းသွားဘတ်စ်ကားနှင့် ရထားများ (Transportation) ၊ ဆိပ်ကမ်းများ (Harbours)နှင့် အများသုံးအိမ်သာများ (Public Toilets) များ စသည့်အချက်ငါးချက်ကို ဦးစွာလေ့လာကြည့်မိလေ့ရှိပါသည်။ စျေးများကို လေ့လာခြင်းဖြင့် ယင်းနိုင်ငံသားများ၏အကြိုက် (Preferences) ၊ ဝယ်လိုအား(Demend) နှင့် ဝယ်ယူနိုင်စွမ်းအား (Purchasing Power) ၊ ဝင်ငွေနှင့်လုပ်ခလစာအဆင့် (Levels of Income and Wages) ၊ အဓိကရောင်းကုန် သို့မဟုတ် ထွက်ကုန်များ (Maian Products) ၊ ရောင်းလိုအားနှင့် ကုန်စည်စီးဆင်းမှု (Supply and Commodity Flows) စသည့်အချက်အလက်ပေါင်းများစွာကို လက်တွေ့ကျကျသိရှိနိုင်ပြီး Stock Share စျေးကွက်များရှိသည့်နိုင်ငံများတွင်မူ အထက်ပါစျေးများ (Markets)ကို လေ့လာခြင်းအပြင် Stock Share စျေးကွက်ကိုပါလေ့လာခြင်းဖြင့် ယင်းနိုင်ငံ၏ မက်ခရိုစီးပွားရေး (Macro Economy)နှင့် စီးပွားရေးအတက်အကျအခြေအနေများကို တစ်မုဟုတ်ချင်း ပိုမိုအသေးစိတ်လေ့လာသိရှိနိုင်သောကြောင့် ဖြစ်ပါသည်။

တစ်ဆက်တည်းပင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသော၊ ပညာရေးတွင် အဓိကကျသော တက္ကသိုလ်များကိုလေ့လာခြင်းဖြင့် ယင်းနိုင်ငံ၌ အနာဂတ်ဆယ်စုနှစ်တစ်ခု၊ နှစ်ခုအကြာတွင် ပေါ်ထွန်းလာမည့် လူသားအရင်းအမြစ်များနှင့် ယင်းနိုင်ငံ၌အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု စသည်တို့ကို Simulation လုပ်နိုင်လာပါသည်။

အနောက်နိုင်ငံတက္ကသိုလ်များနှင့် အာရှနိုင်ငံကြီးများ၏တက္ကသိုလ်များတွင် အသိပညာပိုင်းဆိုင်ရာ အခြေခံများ [Basic (or0 Fundamental Academic Knowledge)ကို စနစ်တကျသင်ကြားပို့ချပေးခြင်း၊ သုတေသနလုပ်ငန်းများ (Research and Development)ကို ငွေကြေးအကုန်အကျခံခြင်း စသည်တို့တွင် အထူးအလေးထားကြပြီး အနာဂတ်လူ့ဘောင်အတွက် အကျိုးဖြစ်စေရန် ရည်ရွယ်လေ့ရှိခြင်းကြောင့် ဖြစ်ပါသည်။

ထို့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သို့မဟုတ် ဆင်းရဲမွဲတေမှုကို လေ့လာရာတွင် ရှုထောင့်အမျိုးမျိုးမှ ကြည့်မြင်တတ်ရန် လိုအပ်ပါသည်။ မြို့တွင်းသွား(ခရီးသည် နိစ္စဓူဝသွားလာသည့်ယာဉ်များ)ဘတ်စ်ကားများ၊ ရထားများကို လေ့လာခြင်းဖြင့် ယင်းနိုင်ငံ၌ သွားလာလှုပ်ရှားမှုအသွင်သဏ္ဌာန်၊ အလုပ်လုပ်ချိန် အတိုင်းအတာ၊ အလုပ်လုပ်ချိန်ပြင်ပချိန်အတိုင်းအတာ၊ လောင်စာဆီသုံးစွဲမှုအလားအလာ၊ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့လျှော့ချနိုင်မှုအခြေအနေ စသည့်အချက်အလက်များကို လေ့လာသိရှိလာနိုင်ပါသည်။ ဆိပ်ကမ်းများ(Habours) များကို ငေးမောကြည့်ရုံဖြင့် ယင်းနိုင်ငံ၏ ထုတ်ကုန်များ၊ကုန်ချောများ၊ သွင်းကုန်များ၊ ကုန်ကြမ်းများအပြင် ယင်းနိုင်ငံ၏ကုန်သွယ်ရေး၊ စီးပွားရေး စသည့်အချက်များစွာကို အကြမ်းဖျင်းလေ့လာသိရှိနိုင်ပါသည်။

နောက်ဆုံးအချက်အနေဖြင့် အများသုံးအိမ်သာများ (Public Toilets) ၏အရေအတွက်၊ သန့်ရှင်းမှု၊ စနစ်ကျမှု စသည်တို့ကိုလေ့လာ ရုံမျှဖြင့် ယင်းနိုင်ငံဒေသ၏ စီးပွားရေးအခြေအနေသာမကယင်း နိုင်ငံသားများ၏ Behaviour ၊ ကျန်းမာရေးနှင့် ပညာရေးအဆင့်အတန်း၊ လူနေမှုအဆင့်အတန်း (Standard of Living) စသည့်လူမှုစီးပွား တစ်ရပ်လုံးကို ခြုံငုံလေ့လာသုံးသပ်နိုင်ပါသည်။

စာရေးသူအနေဖြင့် စာရင်းအင်းအချက်အလက်များကိုသာမကယင်းအချက်များကိုပါ ပူးတွဲ၍ ဆင်းရဲမွဲတေမှုပြဿနာများအပါအဝင်စီးပွားရေးမတည်ငြိမ်မှု၊ နှောင့်နှေးကြန့်ကြာမှု စသည်တို့ကို သီအိုရီသဘောတရားများ Hypothesis နှင့် ယှဉ်လေ့ရှိပါသည်။

ဤအထက်ပါအချက်များမှ လက်တွေ့ကျသော စီးပွားရေးအခြေအနေများကို ချက်ချင်းသိမြင်လေ့လာနိုင်ပါသည်။ စီးပွားရေးပညာရှင်ဆိုသည်မှာ စာရင်းအင်းအချက်အလက်များကို ဘက်စုံထောင့်စုံမှ လေ့လာသိရှိပြီးမှသာ ယင်းတို့၏ လက်ရှိနှင့် အနာဂတ်လူ့ဘောင်ကိုအကျိုးပြုစေနိုင်သော Hypothesis များ၊ သုတေသနများ (Researches)ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ သီအိုရီနည်းနိဿယများ၊ လက်တွေ့ကွင်းဆင်းလေ့လာမှုများ (Surveys) ပေါင်းစပ်ပြီး တိုးတက်ကောင်းမွန်သော လူ့အဖွဲ့အစည်းတည်ဆောက်ရေးနှင့်ဆင်းရဲမွဲတေမှုတိုက်ဖျက်ခြင်းတွင် များစွာအထောက်အကူပေးပါသည်။

စီးပွားရေးတည်ငြိမ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ရန်အတွက် လူတစ်ဦးချင်း၏ အမှန်ဝင်ငွေမြင့်မားလာစေရန်နှင့် မက်ခရိုစီးပွားရေးတစ်ခုလုံးသည် Equilibrium အခြေအနေတွင်ရှိနေစေရန် လိုအပ်ပါလိမ့်မည်။ ထိုသို့ရှိနေစေရန်အတွက် ပြိုင်ဆိုင်မှုရှိသော၊ ထိန်းချုပ်မှုနည်းသော စျေးကွက်စီးပွားရေးစနစ်ကို ပံ့ပိုးပေးရန်လိုအပ်ပါသည်။

ဒေါက်တာအောင်ကိုကို(စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
The Voice Weekly, Monday, December 22-28, 2008

Advertisements

Leave a comment

Filed under Article, Economics

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s