ရွံရှာဖွယ်ရာများဆိုင်ရာ အဘိဓာန်


သင်ကာ

(တစ်ကယ်တော့ ကျနော်က ဘလော့ရေးခြင်း (Bloggging) ကို ရပ်ထားဆဲ ကာလပါပဲ။ အစ်မခင်ဦးမေဘလော့ဂ်စွဲသလိုပဲ ဘလော့ဂ်မှာသာ မတင်တယ်၊ ရေးတာကတော့ ရေးနေတာပဲဗျ၊ ကွန်ပျူတာထဲမှာပေါ့။ ရေးထားတာ အတော်များတယ်။ အလျဉ်းသင့်သလို တင်ပါ့မယ်။ ကျောင်းပြီးဖို့က အရေးကြီးနေဆဲမို့ ဘလော့ဂ်မလည်နိုင်၊ အကြောင်း မပြန်နိုင်သေးဘူးဗျာ။ ရေးဖြစ်တဲ့ ပေါက်ကရထဲက တစ်ခုကို ဖတ်ကြပါဦး။)

ဟန်သစ်ငြိမ်ဆီကနေ ထူးထူးဆန်းဆန်းစာအုပ်တစ်အုပ် ကူးယူဖို့ ငှားခဲ့တယ်။ ကျုပ်က အဘိဓာန်ဆို အရူးအမူး စုဆောင်းတဲ့သူဆိုတော့ အလွတ်မပေးဘဲ ငှားခဲ့တာ။ ဒီစာအုပ်က မြန်မာလိုဆို “ရွံရှာဖွယ်ရာများဆိုင်ရာ အဘိဓာန်”လို့ ဆိုရမယ။် The Disgusting Dictionary တဲ့။ ရုံ့ရင်းကြမ်းတမ်းသော၊ အော်ဂလီဆန်စရာ စကားလုံးများ စုဆောင်းသူ (CRHW – Collector of Rude and Horrid Words) လို့ ဘွဲ့တပ်ထားတဲ့ ထရေစီ တားနား (Tracey Turner) က ပြုစုတာပါ။

အဲဒီထဲက ရွံစရာ အချက်အလက်တချို့ကို မိတ်ဆက်ပေးမှာမို့ စားနေတုန်း၊ စားခါနီးနဲ့ အလွန်အကျွံ ရွံတတ်သူများ ဆက်မဖတ်ဖို့ပါပဲ။ ကျနော်ကတော့ ထူးထူးခြားခြားကြီး ရွံရှာတတ်သူ မဟုတ်လေတော့ မိတ်ဆက်ပေးပါဦးမယ်။ ဒီလို မရွံတတ်တာတောင် လျှောက်ဖတ်ရင်း အော်ဂလီဆန်ချင်သလို ဖြစ်လာပါသေးတယ်။ ဒါကြောင့် ထင်တယ်၊ စာအုပ်ရှေ့ဖုံးမှာ သတိပေးချက် ရေးထားပါတယ်။ “ဒီစာအုပ်ဖတ်ပြီး ထမင်းစားချင်စိတ်ကုန်သွားမယ်။ သတိ”တဲ့။ ရွံစရာအချက်အလက်များဆိုတဲ့ ကောက်နုတ်စာလေးတွေကို မိတ်ဆက် ဖော်ပြထားတာပါ။

အန်တယ် (Vomit) ဆိုတာကို ဖော်ပြတဲ့ စကားလုံး ၈၅ မျိုး ရှိပါသတဲ့။

လူ့မစင်မှာပါတဲ့ ဘက်တီးရီးယားတွေဟာ အိမ်သာသုံးစက္ကူ ဆယ်လွှာလောက်ကို အသာလေး ဖြတ်ထွက်နိုင်ပါသတဲ့။ (စက္ကူနဲ့သုံးပြီး လက်မဆေးသူများ သတိ။)


–      ၁၈ ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ လက်ဇာရို စပူလန်ဇနီ (Lazzaro Spollanzani) ဟာ အန်ဖတ် (Chunder) တွေကို အထူးစိတ်ဝင်စားခဲ့ပါတယ်။ သူ့စမ်းသပ်ချက်တစ်ခုကတော့ ဒီလိုပါတဲ့။ ဖျားပြီး အန်တဲ့အခါ အန်ဖတ် (Puke) ကို စားလိုက်တာ ပြန်အန်ထွက် (Ralphing) ပါတယ်တဲ့။ ပြန်အန်ထွက်တာကို ပြန်စားကြည့်ပါတယ်တဲ့။ အဲဒီတော့ ပြန်အန်ထွက်ပြန်တယ်။ သုံးကြိမ်မြောက် ပြန်အန်ထွက်တာကို ပြန်စားပါတယ်။ အန်ထွက်လိုက် ပြန်စားလိုက် လေးကြိမ်တိတိ စမ်းသပ်ခဲ့ပါသတဲ့။ (အန်ဖတ်ဆိုင်ရာ ကျွမ်းကျင်သူဖြစ်ချင်သူများ စမ်းကြပါ။)

–      လူအများစုဟာ တစ်နေ့ကို ၁၅ ကြိမ်ကနေ အကြိမ် ၂၀ အထိ လေလည်လေ့ရှိကြပါသတဲ့။ အရွယ်ရောက်သူတစ်ယောက်ရဲ့ နေ့စဉ် ထုတ်လွှတ်နေတဲ့ ဂက်စ်ဟာ အကြမ်းဖျဉ်းအားဖြင့် ၆၀၀ မီလီလီတာလောက် ရှိပါသတဲ့။ (အဘိဓာန်မှာတေ့ တစ်မီလီလီတာဟာ တစ်ထောင်လီတာလို့ ပြပါတယ်။)

–      ပိုးဟတ်ဟာ ခေါင်းဖြတ်ထားသည့်တိုင် တစ်ပတ်လောက် အသက်ရှင်နေနိုင်ပါသေးတယ်တဲ့။

–      နွားတစ်ကောင်ဟာ တစ်နေ့ကို ပျမ်းမျှ ၁၆ ခါလောက် မစင်စွန့်ပါတယ်တဲ့။ နောက်ချေးကို Country Pancakes လို့ ခေါ်သတဲ့။

–      ယုန်နဲ့ ဆင်ပေါက်ကလေးတွေဟာ သူတို့ပါတဲ့ မစင်ကို သူတို့ ပြန်စားပါတယ်တဲ့။ (ကျုပ်တို့ ငယ်ငယ်တုန်းကလည်း ပါးစပ်ထဲစီးဝင်လာတဲ့ နှပ်ချေး ဘယ်မှာ အလွတ်ပေးလို့တုန်း။)

–      ရွံစရာဆိုတာ ကာလ ဒေသပေါ်မှာပဲ မူတည်ပါတယ်တဲ့။ အာရှကလူတွေက ချိစ် (ကျုပ်တို့နောက်ပြီး ပြောရင် ချီးစ်)ကို မသတီစရာလို့ ထင်ကြပါတယ်တဲ့။ ထို့အတူပဲ ဥရောပနဲ့ မြောက်အမေရိကကလူတွေက အာရှသားတွေစားတဲ့ ပုရစ်ကြော်လို အင်းဆက်တွေကို ရွံစရာကြီးလို့ ယူဆကြပါတယ်တဲ့။

–      ၁၈၉၂ ကနေ ၁၉၁၄ အထိ လာ ပီဆိုမန့်စ် (အဓိပ္ပာယ်က “လေလည်ဆရာ”)ဟာ ပါရီမြို့က များစွာသော ပရိသတ်တွေကို လေလည်ခြင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်တဲ့။ သူဟာ လေလည်ပြီး သံစဉ်တွေကို ဖန်တီးပြသလို ဖယောင်းတိုင်ကိုလည်း လေလည်ပြီးတော့ မီးငြှိမ်းပြပါသတဲ့။

–      ကုလားအုတ်တွေဟာ သူတို့ မကြိုက်တဲ့ အရာဝတ္ထုတွေအပေါ်ရော၊ လူတွေဆီကိုပါ စမြုံ့ပြန်တဲ့ အစာဖတ်နဲ့ ထွေးလေ့ရှိပါသတဲ့။

–      အသားစားခြင်းဟာ လေလည်တဲ့အခါမှာ အဆိုးဆုံးအနံ့ကို ဖြစ်စေတယ်လို့ ယူဆကြပါတယ်။

–      မျှော့တွေဟာ သူတို့ ခန္ဓာအလေးချိန်ရဲ့ ငါးဆထက်မကတဲ့ သွေးပမာဏကို စုပ်ယူနိုင်ပါတယ်တဲ့။

–      မိုက်ကရိုစကုပ်နဲ့ ကြည့်မှသာ မြင်နိုင်တဲ့ ခြေထောက်ရှစ်ချောင်းပါ သန်းလှေးတွေဟာ ခင်ဗျားရဲ့ မျက်တောင်ပေါ်မှာ နေကြပါတယ်တဲ့။

–      နှာချေလိုက်ရင် နှပ်ချေးဟာ ၃.၅ မီတာ အကွာအဝေးအထိ ရောက်နိုင်ပါတယ်တဲ့။

–      ရှရီဒါ ချီလ်လယ် (Shridar Chillal) ဆိုသူရဲ့ လက်သည်းဟာ ကမ္ဘာ့စံချိန်တင် အရှည်ဆုံးပါတဲ့။ ဘယ်ဘက်လက်က လက်သည်းတွေဟာ ၆ မီတာကျော် ရှည်ကြပါတယ်တဲ့။ ရှည်မှာပေါ့၊ သူလက်သည်းမညှပ်တာ ၄၃ နှစ်ရှိပါပြီတဲ့။

–      တိရိစ္ဆာန်အချို့ဟာ ထူးခြားတဲ့ အိမ်သာသွားပုံ သွားနည်းတွေ ရှိကြပါတယ်တဲ့။ ကြိုးကြာနီတွေဟာ ဆီးသွားတဲ့အခါသူတို့ ခြေထောက်ပေါ်ပေါက်ချကြပါတယ်တဲ့။ ခြေထောက် အေးအောင်လို့တဲ့။ Bushbaby လို့ ခေါ်တဲ့ အာဖရိကက မျက်လုံးပြူးပြူး သစ်ပင်မှာ နေတဲ့ တိရိစ္ဆာန်တစ်မျိုးကတော့ သေးပေါက်ရင် လက်နဲ့ခံထားပြီး အမြဲနမ်းကြည့်ပါတယ်တဲ့။

–      ဂျပန်မှာရှိတဲ့ တိုကျိုသိပ္ပံပြတိုက်မှာ လူနဲ့ တိရိစ္ဆာန်တွေရဲ့ မစင် ၇၈ မျိုးကို စုဆောင်း ပြသထားပါတယ်။

–      နွားတွေဟာ တစ်နေ့ကို အကြိမ်သုံးရာ အီးပေါက်တယ်။ လေထု ၄၅၀ လီတာလောက်ရှိတဲ့ ပမာဏဖြစ်ပါသတဲ့။

–      ကျင်ငယ်ရည်ကို သောက်တာဟာ ဆေးဘက်ဝင်တယ်လို့ ယူဆသူတွေ ရှိပါတယ်။ ရှေးက တရုတ်တွေဟာ ကျင်ငယ်ရည်ကို သွားဖုံးရောဂါကို ကုဖို့ သုံးပါတယ်။ ၁၈ ရာစုတုန်းက ပြင်သစ်မှာ ဆရာဝန်တစ်ဦးက ကျင်ငယ်ရည်နဲ့ ပလုတ်ကျင်းကြဖို့ အကြံပြုပါသတဲ့။ ရှေးတုန်းက ရောမတွေဟာ စည်ကြီးတွေကို လမ်းဘေးမှာ ချထားပါတယ်တဲ့။ လမ်းသွားလမ်းလာတွေ သေးပေါက်တာကို စုဆောင်းဖို့တဲ့။ ပြီးတော့ လျှော်ဖွတ်သန့်စင်ရာမှာ ပြန်သုံးဖို့ပါတဲ့။ (နွားကလေး ကျင်ငယ်ရည်ကို ဆေးအဖြစ် သောာက်သူတွေ မြန်မာပြည်မှာ ရှိကြောင်း ဖတ်ဖူးသည်။)

–      လေလည်တဲ့လေမှာ အများအားဖြင့် နိုက်ထရိုချင် ဓာတ်ငွေ့ပဲပါပါတယ်တဲ့။ ဗိုက်ထဲမှာ အစာတချို့က ဟိုက်ဒရိုဂျင် ဆာလဖိတ်နဲ့ ရောသွားစေပါတယ်တဲ့။ အကျိုးဆက်ကတော့ ကြက်ဥပုပ်နံ့လို လေလည်ရင် နံတော့တာပဲ ဖြစ်ပါတယ်တဲ့။

–      ရှေးခေတ် ဂရိဆေးပညာရှင်ကြီး ဟစ်ပိုကရေးတီးစ်ဟာ နှပ်၊ ဆီးနဲ့ နားဖာချေးကို အနံ့ခံခြင်း၊ မြည်းကြည့်ခြင်း ပြုလုပ်သင့်တယ်လို့ အကြံကောင်း ပေးခဲ့ပါသတဲ့။

–      ဆယ်ကျော်သက်နဲ့ အရွယ်ရောက်ပြီးသူတွေသာ ချွေးနံ့ ဆိုးကြပါတယ်တဲ့။ အသက် ၁၂ နှစ်လောက်အထိတော့ ချွေးမှာ အနံ့ဆိုးတွေထွက်စေတဲ့ ဂလင်းတွေဟာ အလုပ်မလုပ်သေးပါဘူးတဲ့။

–      ဝိတိုရိယခေတ်က ကျောင်းဆရာ ဝီလျံ ဘက်ခ်လန်းဟာ ထူးထူးဆန်းဆန်းနဲ့ ရွံစရာ အစားအစာတွေကို စမ်းသပ် စားသုံးခဲ့ပါသတဲ့။ သူစားကြည့်တဲ့အထဲမှာ ယင်မမဲရိုင်း (ယင်ကြီး)၊ ဆင်နှာမောင်းနဲ့ မံမီရုပ်အလောင်းက အသည်းတို့ ပါဝင်ပါသတဲ့။

–      ၁၉ ရာစုထဲမှာ လူတွေဟာ အမင်္ဂလာတွေကို အတော်ကြီး ရှောင်ကြပါတယ်တဲ့။ စကားလုံးကြမ်းကြမ်းတောင် နားထဲ မသွင်းလိုကြဘူးတဲ့။ ဝိတိုရိယခေတ်က လူတွေဆို ပိုဆိုး။ စကားပြောရင်တောင် အယဉ်ကျေးလွန်ပြီး နုရွနေအောင် ပြောပါသတဲ့။

Advertisements

14 Comments

Filed under Article, Dictionary

14 responses to “ရွံရှာဖွယ်ရာများဆိုင်ရာ အဘိဓာန်

  1. ကြံကြံဖန်ဖန် ရှာရှာဖွေဖွေနော်။ ယူတတ်ရင် ဗဟုသုတတော့ ရတာပဲ။

  2. kom

    Ah … အက်အက်တွေ ဖတ်သွားတယ် 😛

  3. sin dan lar

    eeeeee… အော့အော့တွေ ကိုဖတ်တော့ဖတ်တွားဒယ်

  4. ကိုယ့်ဆြာကတော့ စုံပါပေ့ဗျာ…

  5. အဲဒီစာအုပ်လေး pdf နဲ.တင်ပေးနိုင်ယင်သိပ်ကောင်း
    မှာပဲဗျာ။

  6. အဟဲ စာအုပ်ကတော်တော်စုံတာပဲဗျ.. ပိုးဟပ်က ခေါင်းပြတ်တာတောင် အသက်ဆက်ရှင် နိုင်သေးတာ စိတ်ဝင်စားဆုံးပဲ..

  7. ရှာရှာဖွေဖွေ ရွံရွံရှာရှာတွေ ပါကလား

  8. ပထမတစ်ခါကတည်းက မန့်ချင်နေတာ၊ ဘာလို့များ ပိတ်ထားပါလိမ့်ဆိုပြီးတော့
    နေ့အိပ်မက်လည်း မရွံတတ်တဲ့သူဆိုတော့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်
    ဟိုခေါင်းပြတ်တဲ့ပိုးဟပ်အသက်ရှင်နေတာ တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ငါးရက်လောက်က တကယ်တွေ့လိုက်ရတယ်သိလား
    ပထမတော့ ပုရွက်ဆိတ်တွေဆွဲလို့လို့ထင်နေတာ၊ ဟုတ်ဘူး၊ တကယ်လှုပ်နေတာ၊ ခေါင်းကြီးမရှိတော့တာတောင်လေ
    ဟိုတစ်ရှုးခြောက်ထပ်ဖြတ်တာဖတ်ရတော့ တော်တော်လန့်သွားတယ်၊ အိမ်သာကထွက်ရင် လက်၂ခါလောက်ပြန်ဆေးနေမိတယ် (မရွံတတ်ပေလို့ပဲနော် :P)

  9. မိုက်သဗျာ… တစ်အုပ်လုံး ပြန်ပေးရင် ကောင်းမှာပဲ… ဟီးဟီး

  10. ရှားရှားပါးပါးတွေ ဖတ်မှတ်သွားတယ်ဗျ။
    ရှိသေးရင် လုပ်ပါဦးဗျ

  11. ကောင်းရောဗျာ…။

  12. ဟုတ်ပဟုတ်ပ PDF နဲ့တင်ပေးရင်သိပ်ကောင်းပေါ့။(Copy right တော့အားနားပါရဲ့ )

  13. minnyo

    မန်လည်ဆရာတော်ကတော့
    နွားနက်ဇာတ် ဆားစွက်ခပ်သောက်တော့
    ဖျားငှက်ပြတ် ပျောက်ကွာသည်ဆိုပြီး မနက်လင်းတိုင်း ဒကာတွေလှူထားတဲ့ နွားနက်ကျင်ငယ်ရေကို ခွက်ခံလို့ သောက်တယ် ဖတ်ဖူးပါတယ်။ ငှက်ဖျားရောဂါကို ကာကွယ်နိုင်ကြောင်း ဆိုပါတယ်။