ပြည်တွင်းမှာ စာစောင်တစ်ခုကို ဘယ်လိုထုတ်ရသလဲ

censorshipsized1

ခက်ထန်

တလောက ပြည်ပအခြေစိုက် မြန်မာမီဒီယာတစ်ခုက ဂျာနယ်လစ်တစ်ယောက်နဲ့ ဆုံတော့ ပြည်တွင်းမှာ ဂျာနယ်တစ်စောင်ဖြစ်လာအောင် ထုတ်ရပုံ အဆင့်ဆင့်ကို စကားစပ်မိပြီး သူက တအံ့တသြ နားထောင်နေပါတယ်။ ဒီလိုပါပဲ။ ပြည်ပမှာ အဝေးရောက် မြန်မာဂျာနယ်လစ်တွေနဲ့ တွေ့မိတိုင်း ဒီအကြောင်း မကြာခဏမေးဖြစ်ကြ ပြောဖြစ်ကြပါတယ်။

ပြည်ပမှာ စာစောင်တစ်ခု ထုတ်တာကတော့ ဘဏ္ဍာရေးကိစ္စနဲ့ စာနယ်ဇင်း အတတ်ပညာကလွဲလို့ ဘာမှ ခက်ခဲလောက်စရာမရှိပါဘူး။ ပြည်တွင်းမှာ ကျတော့ စာနယ်ဇင်းပညာနဲ့ မသက်ဆိုင်သော စစ်သံပါသည့် ကြိမ်းမောင်းသံ၊ သေနတ်ပြောင်း၊ ထောင်နဲ့ ဂျာနယ်လစ်ကို ရန်သူလို သဘောထားပြီး ဖိနှိပ်မှုတွေဟာ ပတ်ချာဝိုင်းနေတယ်။ အပြင်မှာ ကာလရှည်ကြာနေတဲ့ ဂျာနယ်လစ်ဆိုသူတွေ ခံစားဖူးမှ နားလည်တတ်မယ်ဆိုတဲ့ ခါးစည်းခံရတဲ့ ဒုက္ခတွေပါ။

ပြည်တွင်းမှာ စာစောင်တစ်ခု ထွက်လာဖို့အရေး အခက်အခဲတွေကို စာဖတ်သူတွေသိအောင်ရော၊ မှတ်တမ်းတင်တဲ့ အနေရောပါမက ပြည်ပကနေ သတင်းနံ့ပဲ ခံတတ်ပြီး သတင်း Source တွေရဲ့ အန္တရာယ်ကြုံရမှုတွေကို သတိလက်လွတ်ဖြစ်လေ့ရှိတဲ့ ဂျာနယ်လစ်ဆိုသူတွေ ဖတ်ဖို့ပါ။


စာပေ စိစစ်ရေး

စာပေဖက်ဆစ်ရုံးလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရန်ကုန်မြို့က ဆင်ဆာရုံးဟာ ပြည်သူတွေကို မျက်စိဖွင့်ပေးမယ့်သတင်းတွေ၊ ကောင်းကျိုးရစေမယ့် အချက်အလက်တွေကို မြှုပ်နှံရာ သင်္ချိုင်း သုဿန်ဖြစ်ပြီး၊ ပြည်သူတွေ မျက်စိမှောက်ပြီး အမှောင်ထဲရောက်အောင် သတင်းမှားတွေကို အကြပ်ကိုင်ထည့်ခိုင်းရာ၊ အဖိုးတန်စာမျက်နှာတွေကို ဖြုန်းတီးရာ ဌာနဖြစ်ပါတယ်။

သတင်း ဂျာနယ်တွေဟာ တကယ်ထုတ်မယ့် ပုံစံအတိုင်း ပြင်ဆင်ပြီး ရောင်စုံရော ရိုးရိုး အဖြူအမည်းနဲ့ပါ တစ်ပတ်လောက် ကြိုပြီး ဆင်ဆာဖက်ဆစ်ရုံးကို တင်ရတယ်။ အဲဒီရုံးမှာ အပြင်လောကကြီးအကြောင်း ဘာမှ ဂဃနဏမသိတဲ့ အမျိုးသမီးတွေက (စိစစ်ရေးလက်ထောက်တွေဟာ မိန်းမတွေချည်းပဲ) ဖတ်ပြီး ထင်ရာမြင်ရာတွေကို ဖြတ်တောက်၊ မသေချာတွေကို မင်နီပြပြီး ဗိုလ်မှူးတင့်ဆွေလို့ခေါ်တဲ့ ဖြူဖတ်ဖြူရော်နဲ့ စာပေသမားဖြစ်ချင်လှတဲ့ စစ်ဗိုလ်ဆီ တင်ရပါတယ်။ သူတို့ဖြတ်တောက်ပြီးရင် မင်နီကြက်ခြေခတ်တွေ တထွေးကြီးနဲ့ စိတ်မချမ်းသာစရာ စာမူဖိုင်ကြီးကို ရုံးပြန်ယူလာပြီး သူတို့ မင်နီ ခြစ်ထားတာတွေကို ဖြုတ်ပစ်ရပါတယ်။ မဂ္ဂဇင်းတွေဆိုရင်လည်း ဒီလိုပဲ ပိုပြီး အချိန်ယူပြီး တင်ရပါတယ်။ ဝတ္ထုရှည်တွေ စာရှည်တွေဆိုရင်တော့ စာပေဖက်ဆစ်ရုံးကနေ တော်တော်နဲ့ ပြန်မကျလာတော့ဘူး။ ပိုက်ဆံကို ပွဲစားနဲ့ပေးမှ ဆင်ဆာဖြတ်ပြီးသား ပြန်ကျတတ်ပါတယ်။

ဘယ်လို ဖြုတ်သလဲ

သတင်းတွေကို တစ်ပုဒ်လုံးဖြုတ်တယ်။ ဒါမှမဟုတ် တကယ့် သတင်းရဲ့ အနှစ်သာရပိုင်းကို အပိုဒ်လိုက် ဖြုတ်ခိုင်းတယ်။ အနှစ်သာရ မရှိတော့တဲ့ သတင်းမို့ အယ်ဒီတာက တစ်ပုဒ်လုံး ဖြုတ်ပစ်လိုက်ရတာ များပါတယ်။ ဆောင်းပါးတွေ ဆိုရင်လည်း ဒီလိုပဲ။ တစ်ပုဒ်လုံးလည်း ဖြုတ်တယ်။ တစ်ခါတလေ အပိုဒ်လိုက် နင်းကန်ဖြုတ်တော့ ဆောင်းပါးက တစ်ဝက်လောက်ပဲ ကျန်တတ်တယ်။

သတင်းဂျာနယ်တွေဟာ အဖြုတ်အခံရဆုံးပါပဲ။ တချို့သတင်းဂျာနယ်တွေဆို တကယ်ထုတ်မယ့် ဂျာနယ်ဆိုဒ်ရဲ့ တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ အခုတလော ကဗျာတွေကိုလည်း မဲပြီး ဖြုတ်ပစ်နေလို့ တချို့မဂ္ဂဇင်းတွေမှာ ၂ ပုဒ်လောက်ပဲ ပါနိုင်တော့တယ်။ တချို့စာစောင်တွေဆို မတရား အဖြုတ်ခံရတော့ အင်္ဂါမစုံတဲ့ စာစောင်ဖြစ်သွားပြီး မထွက်ဘဲ နေလိုက်ရတာလည်း ရှိပါတယ်။

ဘာတွေကို ဖြုတ်သလဲ

အစိုးရလုပ်တာ မကောင်းဘူးလို့ ဒဲ့ပြောခွင့်မရှိပါ။ ရိုးတိုးရိပ်တိတ်ပြောလည်း မရပါ။ တကယ်မှားနေသည့် အချက်ကို ထောက်ပြသည့်တိုင် လက်မခံပါ။ စစ်အုပ်စုကို ဖားနေသော မီဒီယာတချို့မှအပ မည်သူမှ စစ်အုပ်စု၏ ဂုဏ်တော်ဖွဲ့ကို မရေးလိုကြပါ။

ဗိုလ်ချုပ်အောင်ဆန်း အမည်ပါလျှင်လည်း ဖြုတ်ခိုင်းတတ်သည်။ တရုတ်မကောင်းကြောင်း ရေးလျှင်လည်း ဖြုတ်ခိုင်းသည်။ ကမ္ဘာတလွှားရှိ အမျိုးသမီးခေါင်းဆောင်တွေ အကြောင်းလည်း မရေးရ။ အမေရိကန်ကောင်းကြောင်းလည်း မရေးရပါ။ ဖြုတ်သည်။ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုဆိုင်ရာ ဝိသေသတွေနဲ့ ပတ်သက်ပြီး ရေးရင်လည်း ဖြုတ်သည်။

မော်ဒန်ကဗျာတွေကျတော့ သူတို့ဖတ်ပြီး နာမလည်တာနဲ့ ဖြုတ်ပစ်တာပဲ။ တကယ့်ပညာတတ်၊ ပညာရှင်တွေရေးသားကြတာကို စာစီစာကုံးတောင် ကျောင်းမှာ ဖြောင့်အောင် မရေးတတ်သူတွေက စိစစ်ဖြတ်တောက်နေကြတာ၊ ဖြုတ်ထုတ်ရှင်းလင်းနေကြတာဆိုတော့ ဒီလိုပဲ ကြုံနေကြတာပါပဲ။

အသုံးအနှုန်းတွေကိုလည်း ကန့်သတ်ထားသည်။ ထိုင်ဝမ်ကို တရုတ်တိုင်ပေဟု သုံးရမည်။ သူတို့ စစ်ရာထူးတွေကို အပြည့်အစုံရေးရမည်။ အင်္ဂလိပ်ဘာသာပြန်ဆောင်းပါးတွေကို လိုအပ်လျှင် မူရင်းတင်ပြရမည်။

ယုံချင်ယုံ မယုံချင်နေ။ ကြော်ညာတွေကိုလည်း ဖြုတ်တတ်သေးတယ်။ ကြော်ညာဓာတ်ပုံတွေ၊ အသုံးအနှုန်းတွေကို ပြင်ခိုင်းတော့ ကြော်ညာရှင်က မထည့်တော့တဲ့အခါ ကြော်ညာက ဝင်ငွေကို မှီခိုရတဲ့ စာစောင်တွေမှာ နစ်နာရပါသေးတယ်။

အဖြုတ်ခံရတာ များတဲ့အခါ

အဖြုတ်ခံရတာတွေများပြီး စာစောင်ရဲ့ လိုအပ်တဲ့ စာမျက်နှာ၊ စာဖောင် မပြည့်ဘူးဆိုပါတော့။ အဲဒီအခါမှာ နောက်ထပ်ရတဲ့သတင်းတွေကို ထပ်မံဖြည့်စွက်ပြီး တစ်ခေါက်ထပ်တင်ရပြန်တယ်။ အဲဒါကို “နောက်ဆက်တွဲ”လို့ ခေါ်တယ်။ နောက်ဆက်တွဲမှာတော့ မပြုတ်နိုင်တာလေးတွေ ရွေးတင်ရတာ များပါတယ်။ ဒီတခေါက်အများကြီး ပြုတ်ရင် နောက်ထပ်ဖြည့်စရာ အခွင့်အရေးမရနိုင်တော့လို့ပါ။

စာစောင်ထွက်လာတဲ့အခါ

စာစောင်ထွက်ပြီးသွားရင်လည်း စိတ်ချလက်ချမရှိရသေးပါ။ ထွက်ပြီးသားတွေကို သူတို့ရုံးကိုသွားပြီး အစောင်ရှစ်ဆယ်၊ တစ်ရာလောက် ပေးရပါသေးတယ်။ တချို့ကို စာကြည့်တိုက်စတာတွေ အတွက်ဝေပြီး၊ ပိုတာကို သူတို့က လျှော့ဈေးနဲ့ ရောင်းစားကြပါတယ်။

စာစောင်ထွက်ပြီးလို့ ဝန်ကြီးဌာနတစ်ခုခုက ပြဿနာရှာရင်၊ သူတို့ ပြောတုန်းက ပြောပြီး အထက်က ထုတော့မှ ပြာယာခတ်ရင် အယ်ဒီတာအဖွဲ့လည်း မစားသာပါဘူး။ သူတို့က ခွင့်ပြုလို့ ထည့်ပြီးလည်း စာပေစိစစ်ရေးက တာဝန်မယူပါဘူး။ သူတို့ ခွင့်ပြုသလောက်ပဲ ထည့်ရတဲ့ အယ်ဒီတာတွကိုပဲ အပြစ်ပုံချကြတာများတယ်။ ခေါင်းရှောင်ပြီး သူတို့ ပြဿနာပေါ်တဲ့ ကြီးငယ်အလိုက် အယ်ဒီတာ၊ ဂျာနယ်လစ်တွေကို ခေါ်ပြီး သူ့လခစားနေသလို ဆဲဆိုကြိမ်းမောင်း၊ ခံဝန်လက်မှတ်ထိုးခိုင်း၊ စာနယ်ဇင်းသမားလုပ်ခွင့် ရပ်ဆိုင်းတာကနေ ဖမ်းဆီး၊ အချုပ်ထဲပို့၊ ထောင်ထဲထည့်တာတွေအထိ လုပ်ပါတယ်။

ကဗျာဆရာကိုလည်း ကဗျာ အဓိပ္ပာယ်ကြောင့် ဖမ်းတယ်။ သတင်းသမားကိုလည်း သတင်းမှန်ရေးလို့ ဖမ်းတယ်။

ပြည်တွင်းက အယ်ဒီတာတစ်ဦးကတော့ စစ်အစိုးရဟာ သတင်းသမားတွေ၊ ဂျာနယ်လစ်တွေကို စိတ်ပိုင်းဆိုင်ရာအရ ညှင်းပြီး သတ်နေတာလို့ ငြီးငြူကြကြောင်းပါ။

ခက်ထန်

(ကန္တာရဝတီတိုင်း(မ်) တွင် ဖော်ပြပြီး။ Clicke Here )

Advertisements

Leave a comment

Filed under Journalism, Media

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s