“အ”တွေ A ဖြစ်ကုန်ရင်

မြန်မာလို ဇော်ဂျီဖောင့်နဲ့ ရိုက်ပြီးတော့ PDF ဖောမက်ပြောင်းတဲ့အခါ သရသံတွေဖြစ်တဲ့ “အ” တို့၊ “ဥ” တို့ဟာ A တို့ U တို့ပြောင်းကုန်တာ ကြုံရတတ်ပါတယ်။

ဒီပြသနာကို ဖွဲ့တည်ရာ အမှတ် (၅) ဖောမက်အပြောင်းမှာ ကြုံရလို့ အကြီးအကျယ် စိတ်ညစ်ရဖူးပါတယ်။ ဒီလိုနဲ့ ဖြစ်နိုင်ခြေတွေ လျှောက်လုပ်ကြည့်ရင်း ဖြေရှင်းနည်းကို တွေ့ခဲ့ကြပါတယ်။ (သင်ကာ၊ ဟန်သစ်ငြိမ်နှင့် ထွန်းတောက်နေတို့ ကလိရင်း တွေ့ရှိကြသည်။)

ပြောင်းတယ်ဆိုရာမှာ အကုန်ပြောင်းသွားတာ မဟုတ်ဘဲနဲ့ အစက အကောင်း၊ နောက်ပိုင်းတွေ ပြောင်းနေတယ် ဆိုတာမျိုးတွေ့ရပါမယ်။

ဘာကြောင့်ဖြစ်

ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုတော့ မြန်မာစာထဲမှာ ကြားညှပ်ရိုက်တဲ့ အင်္ဂလိပ်စာလုံး၊ အင်္ဂလိပ်ဝါကျတွေကြောင့်ပါပဲ။ အင်္ဂလိပ်စာလုံး၊ အင်္ဂလိပ်ဝါကျတွေမှာလည်း သရတွေဖြစ်တဲ့ A, E, I, O, U တွေ များများပါရင် အ၊ ဥ တွေဟာ သေချာပေါက် A, U ပြောင်းကုန်မှာဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာလုံး၊ ဝါကျထဲမှာ သရစာလုံးတွေ များများလည်းပါမယ်၊ အစစာလုံးတွေဟာလည်း သရစာလုံးတွေနဲ့ စမယ်ဆိုရင် လုံးဝ ပြောင်းကုန်တော့မှာ ဖြစ်ပါတယ်။

ဒါကတော့ ဇော်ဂျီဖောင့်ရဲ့ အားနည်းချက်ကြောင့်ဖြစ်တာပါပဲ။

နမူနာ

နမူနာကြည့်ရအောင်။ ကိုမိုးသီးဇွန်ဘလော့ဂ်မှာ ဒီမနက်ဖတ်ဖြစ်တဲ့ သူ့ရဲ့ “အမေရိကန်သမတ ရွေးကောက်ပွဲ” Scribd ဖိုင်ပို့စ်နဲ့ ဥပမာ ပေးပါမယ်။

ရေးလာတာမှာ Electoral Vote တစ်လုံးထဲပါသေးတဲ့အထိ ဘာမှ မဖြစ်သေးပါဘူး။ ဒါပေမယ့် Source ပေးတဲ့ အင်္ဂလိပ်ဝါကျ အရှည်ကြီးလည်း ပြီးရော “အ”တွေဟာ A ဖြစ်ကုန်တာတွေ့ရပါမယ်။

ဖြေရှင်းနည်း

ဇော်ဂျီဖောင့်နဲ့ စာရိုက်ရင် အင်္ဂလိပ်စာအတွက် Shift+Ctrl ခံပြီး ပြောင်းရိုက်လို့ရပါတယ်။ အဲလို ရိုက်ရင် ဇော်ဂျီဖောင့်အုပ်စုထဲမှာပဲ အင်္ဂလိပ်စာလုံးတွေဟာ အေရီရယ် အနေနဲ့ ဝင်တာကို တွေ့ရပါတယ်။

ကျနော်တို့တွေ့ရှိထားတဲ့ ဖြေရှင်းနည်းကတော့ အင်္ဂလိပ်စာလုံး၊ ဝါကျတွေကို သီးသန့် Select ပေးပြီး ဖောင့် Assign လိုက်ပြောင်းလိုက်ပါ။ ဇော်ဂျီနဲ့ တွဲလို့ အဆင်ပြေမယ့် အင်္ဂလိပ်ဖောင့်တမျိုးမျိုးနဲ့ Select လုပ်၊ ပြောင်းထားပြီး PDF ဖောမက်ပြောင်းရင် A တွေ မဖြစ်တော့ပါဘူး။ တစ်နေရာရာမှာ မြန်မာစာက A တို့ U တို့ ပြောင်းနေပြီဆို အဲဒီရဲ့ အထက်စာပိုဒ်တွေမှာ အင်္ဂလိပ်စာလုံးလိုက်ရှာပြီး Font assign လုပ်ဖို့ပြင်ပါ။

(မှတ်ချက်။ ။ ကျနော်ကတော့ ယူနီကုဒ်စနစ်နဲ့လုပ်ထားတဲ့ မြန်မာဖောင့်ကို ခုတလော အာရုံကျနေပါတယ်။ ဇော်ဂျီဖောင့်ကို ရေရှည်အတွက် မယုံကြည်ပါ။)

Advertisements

Leave a comment

Filed under Blogging, IT & Blogging

0 responses to ““အ”တွေ A ဖြစ်ကုန်ရင်

  1. မပန်း

    အ တွေ A တွေ ဖြစ်တယ်လေ။ ဖွဲ့တည်ရာ အစ်ရှုး ၅ မှာ စစချင်းစာမျက်နှာတွေမှာ အဲလို မြင်နေတယ်။