ဘရုတ်ဘရက်တိုင်းပြည်

(ရယ်ရွှင်ဖွယ် မဂ္ဂဇင်း၊ ၁၉၂၇ ခုနှစ်ထုတ်မှ။ ဒီသရော်စာကို ဟာသစာပေစာအုပ်ထဲမှာ ထပ်မံဖော်ပြထားတာကို ကူးယူတင်ပြတာပါ။ သတ်ပုံမူရင်းအတိုင်း။ ၁၉၂၇ တုန်းက သရော်ခဲ့တာတွေဟာ ခုချိန်ထိ မှန်နေသလားဆိုလား ကိုယ့်ဖာသာပဲ တွေးတောကြပါကုန်။ ကျနော်ကတော့ ဖတ်ပြီး ကြိုက်လွန်းလှ၍ ဘလော့ဂ်ဆွေမျိုးများကို မျှလိုက်ပါသည်။ အဓိပ္ပယ်နားမလည်မှာ စိုးလို့ ပါဠိနေရာတွေမှာ ကွင်းစကွင်းပိတ်နဲ့ ကာရံညီအောင် ဖွင့်ဆိုချက်ကို ကျနော်က စေတနာတွေပိုကာ ထည့်ထားတာ ဖြစ်ပါကြောင်း။ သင်ကာ)

“ဘရုတ်ဘရက် တိုင်းပြည်တည်

ကသုတ်ကသက်မင်း နန်းစံစေ”

နန်းရင်းဝန် (ယခုခေတ်တွင် ဝန်ကြီးချုပ်)။ ။ မုသာဝါဒ၊ ဒုပါပ (မကောင်းမှု ဗလဗွ)နှင့်၊ အဓမ္မ ဝိပရိ (မမှန်ကန်မှုအတိနှင့်)၊ စိတ်ရိုင်းရှိသည့်၊ တိုင်းပြည့်လူလွန်၊ မတရားအမှု၊ အမှားကိုသာပြုကြတဲ့၊ လမုဝန်တို့။

အခြားဝန်များ။ ။ ဗျား ဗျား။ ဗျ။

နန်းရင်းဝန်။ ။ ဝန်မင်းတို့သခင် အကျွန်ုပ်တို့ အရှင်ဘုရင် အယုတ္တမ (မမြတ်လှသော) အနိဌရာဇာ (ရွံစရာအတိပြီးသော) မဟာအလဇ္ဖီ(တရားမကပ်သော) မင်းကြီးသည် ဘုန်းမီးစက်ရောက် မိုက်အားကိုဆောင်ပြီးလျှင် ပြည်ထောင်တလွှား လူအများအား တရားမရှု အုပ်ချုပ်ခြင်းပြုသော်ကြောင့် အတုလမြတ်စွာ သာသနာလည်း ရောင်ဝါမလန်း ရာဟုဘမ်း (ဖမ်း)သည့် လစန်းတမျှ ညိုးနွမ်းလို့ ပခဲ့တဲ့အပြင် ဂါမကျေးရွာ အဖြာဖြာတွင် ငွေအသပြာကြပ် ရေအခါခါငတ်ကြတာကြောင့် သတ်သူသတ် ခုတ်သူခုတ်မို့ ရှုပ်ရှက်ခတ်ပွေ ဓားပြလူဆိုး ကြားဂျပိုးနှင့် သူခိုးတွေပါမွှေပြီး အထွေထွေသောင်းကျန်းနေလိုက်ကြတာ ကြောက်ခမန်းလိလိပင် ရှိလို့နေပါပကော အမိုက်မင်းရဲ့။

ဂုတ်ဝန်။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဓမြလူဆိုး ကျားဂျပိုးနှင့် သူခိုးစောရ ပေါချင်တိုင်းပေါလှတာကို မူလကြောင်းရင်း ဇစ်မြစ်လင်းလိုက်တော့ မွဲခြင်းတရပ် ငတ်ခြင်းကတခြား မစားရတာက တဖုံ “ဂလုံ ဂလုံ”နှင့် ဝမ်းမှာမွှေတော့ ဘမ်း (ဖမ်း) ပစေဆိုတဲ့သဘောနှင့် ဒလဟောသောင်းကျန်းပြီး ရမ်းချင်တိုင်းရမ်းနေကြတာ ထင်ပါရဲ့နော်ဗျာ။

သာပေါင်းဝန်။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။ နိုင်ငံကြီးတလွှား လူအများမှာ မစားရတလှဲ့ ငတ်တလှဲ့နှင့် အားနွဲ့ခါနေကြတုန်းမှာ နှလုံးမသက်စရာ နောက်ထပ်ကြုံလာပြန်တာကတော့ တာတမန်တွေ ပေါက်ကျိုးလို့မို့ ရေလွှမ်းမိုးအုပ်ဖုံးတဲ့အတွက် အောက်နယ်ဘက်နှင့် မြေလပ်တသွယ်မှာ လယ်မြေဧကပေါင်း အတော်ပဲ ပျက်စီးနစ်နာကြရတယ် ဆိုပါကလား အမိုက်မင်းရဲ့။ အင်း…ဒီအတိုင်းမှန်တာဖြင့် နိုင်ငံပြည်သူ များဗိုလ်လူတို့မှာ “မြွေပူရာ ကင်းမှောင့်”ဆိုသလို ဝမ်းမတောင့်လို့ မနေမရပ်နိုင်ကြပြီး ငွေအတွက်ကြပ်တဲလို့မို့ အငတ်ပွဲကြီးသာ သို့ကလို ခံနေကြရင် နိုင်ငံမှာ အေးချမ်းနိုင်ပါ့မလား ဝန်မင်းရဲ့။

နောက်ဝန်။ ။ အင်း အောက်နိုင်ငံ နယ်တလွှားမှာတော့ ရေများလို့ လယ်တွေပျက်၊ အထ
်နိုင်ငံ နယ်တရိုးမတော့လဲ မိုဃ်းခေါင်လို့ ခက်ကြပြန်သတဲ့ အမိုက်မင်းရဲ့၊ တောင်သူယာခုတ် လက်လုပ်လက်စား ဆင်းရဲသားတို့မှာ စပါးဆန်ဈေး အားမတန်အောင် သေးတာကြောင့်၊ ဖေးနေကြတဲ့အထဲမှာ ရေနဲမိုဃ်းရှား ရေများမိုဃ်းတန် မကောင်းအောင် ဖန်တဲ့ပြင် ဆန်နှင့်စပါးဟာက ယခုလို အရေးပွက်တုန်းမှာ ဈေးတက်လို့ သွားပြန်သတဲ့။ လယ်သမားများလက်မှာ ရှိစဉ်ကတော့ ဈေးတွေရော့၊ ရောင်းပြီးတော့မှ ဈေးတက်တယ်ဆိုတော့ ရှေးအထက်ကစကား “သူခိုးပြေးမှ ထိုးကွင်းထ”ဆိုသလိုဖြစ်ပြီး စိတ်ညစ်စရာတွေ များကုန်ကြရတာပေါ့နော်ဗျာ။

ဂုတ်ဝန်။ ။ အင်း…အထက်နယ် တခိုများမှာ လယ်ယာလုပ်ကိုင်သူ ဟူသမျှ တသင်းတို့၌ အလွန်အမင်းသရောတိုက်ပြီး တော၌ဖြစ်ပွားပေါက်ရောက်တဲ့ သစ်ခေါက်သစ်ဥတွေတောင် စားသောက်နေကြရပြီ ဆိုပါကလား။ အင်း…တိုင်းသူပြည်သား၊ လူအများတို့မှာ ကိုးစားရာပ၊ ညှိုးနွမ်းကြသဖြင့် နေခတဲ့ပန်းကြာလို မချမ်းမသာဖြစ်ကြရတာကို စင်စစ်သနားထိုက်ပေတာပဲ ဝန်မင်းရဲ့။

နန်းရင်းဝန်။ ။ သနားထိုက်သော မသနားထိုက်သော လေရှေစွာ ပြောမနေနှင့်၊ အသရေအလွန်ရှူးတဲ့ ထင်းရှူးသေတ္တာပလင်ပျံဝယ် ကိုယ်ကျိုးကြံသည့် ဘုရင်ရူးသည် အရက်မူးမူးနှင့် ထွက်စံ စမ္ပယ်တော်မူချိန်နီးပြီ၊ လမုသီး ဝန်ဗလချာတို့က ရိုသေစွာအမြီးလျှိုးပြီး တိုးခစားကြပေတော့ဗျား။

ဘုရင်။ ။ ငါ၏ထံပါး မြဲခစား၊ ဖောက်ပြားဝသီ ချိန်ခါမလပ် လိမ်ညာ၍ နှပ်ကြတဲ့ မတ်ပလီတို့။

ဝန်များ။ ။ ဘုရား။ ဝါး၊ ဝူး၊ ဝေါ့။

ဘုရင်။ ။ ငါကိုယ်တော်မြုပ် စိုးမိုးချုပ်သည့် ဘရုတ်ဘရက်မည် ဤတိုင်းပြည်တွင် ခိုမှီသသူ များဗိုလ်လူတို့ ဆာပူလောင်ပြတ် ငွေကြေးကြပ်၍ ငတ်သူအပေါင်းများပါစ၊ ရေမိုဃ်းမမှန် ကောက်ပင်အားလုံး ပြုတ်ပျက်ပြုန်းလို့ ဆုံးကြပြန်၊ နိုင်ငံအားလုံး မွဲပါစ၊ ဂျပိုးစောရ ဆိုးဓမြတို့ ထကြွလုယက် ခိုးတိုက်ဖျက် ပွက်ပွက်ပြည်ကြီး ဆူပါစ။ စပါးနှင့်ဆန် ထိုနှစ်တန် ဈေးမှန်မရှိဖြစ်ပါစ။ အသီးသီး အသက အသက မေးသမျှ အချက်တို့ကို ကွယ်ဝှက်၍ ချန်မချွင်းဘဲ အလင်းကို လက်မြှောက်၍ မတောက်တခေါက် တင်ကြစမ်း။ ရသာလျှင် ဘနဖူးမှာ သိုက်တူးမဲ့ ကိုရွှေဝန်တို့။

နန်းရင်းဝန်။ ။ “ဟဲ့”မငေါက်ဘဲ ရန်ညွှန့်ရယ်ကဲ ဗိုက်ပြဲထိပ်တင် ပြည်သူခပင်း ကြည်ဖြူကင်းပါတဲ့ သေမင်းငင်ကြီးဘုရား။

ဘုရင်။ ။ ဟုတ်သမျှ ချန်မချွင်းဘဲ အမှန်အလင်း သံတော်ဦးတင်ကြကွယ်တို့။

နန်းရင်းဝန်။ ။ အထက်တွင် မိုဃ်းဖယ်၍ အောက်နယ်မှာ မိုးဃ်းများလို့ လယ်သမားတောင်သူ၊ ဟူဟူရာရာ အစစခက် လုပ်ငန်းတွေပျက်ကြပြီး ကျွက်ကျွက်ညံဆူ တိုင်းလုံးပူ ငတ်သူအတော်များပါသည်။ စောရသူခိုး ဓားပြဆိုးနှင့် ဂျပိုးမြည်ငြား ပြည့်လှေးမွှားတို့ ရမ်းကားထကြွ သောင်းကျန်းကြသဖြင့် ရဌတိုင်းကြီး ပွက်ပွက်ဟီး လောင်မီးတမျှ ပူပါသည်။ စပါးဆန်ဈေး ထိုအရေးတွင် ငွေကြေးကြပ်တဲ လူငမွဲတို့ ဖွတ်ပ
ဲသဘင် အမြဲဆင်၍ မရွှင်မသာ ငိုကြရာမှာ ဘဏ္ဍာအခွန် ထပ်လော၍ အလွန်ပြင်းပြင်း တောင်းပါသည်။ ချစ်တီးကြွေးစ မကင်းကြလို့ ရုံးကဝရမ်း လူကိုဘမ်း(ဖမ်း) အကြမ်းပစ္စည်းသိမ်းပါသည်။ စီးပွားဆုတ်ယုတ် အိမ်ယာပြုတ် ငုတ်တုတ် ငတ်ပွဲကြုံပါသည်။ ဤကဲ့သို့ရှိသမျှအခင်းကို ဘုရင်မင်းမြတ်သိတော်မူရအောင် စေ့ငှစွာချန်မချွင်းဘဲ မှန်အလင်း လျှောက်ထားသံတော်ဦး တင်ဝံ့ပါသည်၊ ပြည်လုံးမှန်ကူ သဘွတ်အူကြီးဘုရား။

ဘုရင်။ ဝန်မင်းကြီးတို့ လျှောက်တင်သံကို ရွှေနားပန်ဆင်တော်မူရတာ ဖရဏာပီတိ သောတာမှာ အိလို့မို့ အင်မတိအင်မတန် သဘောခံဟဒယ သောမနသ ဖြစ်တော်မမူလှပေဘူး မင်းကြီးများ။ တလသုံးတန် မိုဃ်းမမှန်လို့ နိုင်ငံရပ်သူ ကျွက်ကျွက်ဆူအောင် ဗလပူဆိုက် သရောတိုက်ပြီး လူမိုက်လူဆိုး ကြားဂျပိုးနှင့် သူခိုးဓားပြ သောင်းကျန်းကြတာမှာ မူလကိုဖွေရှာလိုက်တော့ ဧကရာလုပ်တဲ့ ကျုပ်ဘုရင်၏ ဘုန်းတန်ခိုးညှိုးလေတဲ့ အခင်းပေဘဲ အနပ်ကြီး (ဘွာဘွာ) အမတ်ကြီးတို့ရဲ့။ “လူမင်းဘုန်းမကြီးပြန်တော့လဲ၊ နတ်မင်းပြေမှာ နေရတယ်”ဆို မဟုတ်လား။ အမဇ္ဈ (အေးလေ ယောင်လို့) အမစ္စတို့။

နန်းရင်ဝန်။ ။ မှန်ပါ့ဘုရား၊ ဝါး။

ဘုရင်။ ။ ကဲကဲ လေးဦးသော အမတ်ဗလချာတို့နှင့် မဟုတ်မဟတ်တာတွေကို တိုင်ပင်လို့ဖြင့် ပြီးပေပေါ့။ ဘုရင်ကြီး ငါရာဇာမှာ ညောင်းညာတော်မူလှပြီ။ မြသဉ္ဖာလီ ရွှေအုံးတော် မှီလိုတယ်။ လေးလီသော မတ်ပျက်ချော်တို့က သက်တော် မြဲကြပေတော့။ တပြည်လုံးမုန်း မေတ္တာတုန်းတို့။

(ဤတွင်တခန်းရပ်)

Advertisements

Leave a comment

Filed under Satire

Comments are closed.