ယုံကြည်စရာမရှိ၊ အားကိုရာလည်း မရ

ပို့စ်တွေ ဆက်မရေးသေးဘဲ အသာကလေးနေပြီး စာဖက်လှည့်ဦးမယ် ကြံနေတုန်း ရေးဖို့ရာ စေ့ဆော်လာပြန်ပါတယ်။

ခုရက်အတွင်း မြန်မာနိုင်ငံက စိတ်မသက်သာစရာ ကမ္ဘာ့အံ့ဖွယ် တရားစီရင်မှုတွေအကြောင်း ဖတ်နေရလို့ပါပဲ။

ကျနော်ကတော့ ဥပဒေအကြောင်း ဘာတစ်လုံးမှ ပညာရပ်ကျကျ မသိပါဘူး။ Common Sense လောက်ပါပဲ။ ရှေ့နေတွေကို ဖမ်းဆီးတာက စပြီး အတော် ဘဝင်မကျ ဖြစ်မိပါတယ်။ မြန်မာပြည်မှာ မွေးကတည်းကနေလာတာ ဥပဒေတို့ ဘာတို့ဆိုတာ အချင်းချင်းနားလည်မှုနဲ့ တစ်ကွက်လှည့်လို့ရတာ၊ ငွေနဲ့ပေါက်ပြီး လုပ်လို့ရတာဆိုတာတော့ စာတွေ့မဟုတ်ဘဲ ငါတွေ့တွေ ကြုံဖူးလို့ ရိုးနေပါပြီ။

ကျနော်လည်း ဘဝတော်တော်စုံခဲ့ပါတယ်။ ဆန်ဂိုဒေါင်တစ်ခုလုံး ရောင်းစားတဲ့လူက ဘာမှ မဖြစ်ဘဲ ကိုယ်က ကြားထဲက ဆန်အိတ် ရေတွက်ဖို့ တာလီ အပေးမှာ တပတ်ရိုက်ခံရလို့ ဆန်တစ်အိတ်လေး စာရင်းလွဲလို့ ပြည်သူပိုင်ပစ္စည်းအလွဲ သုံးစားမှုနဲ့ ထောင်ကျမလို ကြုံရပါသေးတယ်။

စစ်ကိုင်းတံတားမှာ ကုန်တင်ကားတွေ ဖြတ်ဖို့ သတ်မှတ်ထားတဲ့ တန်ချိန်ရှိတယ်။ ဒါပေမယ့် ညသန်းခေါင်မှာ ဂိတ်ကလူတွေကို ပိုက်ဆံပေးပြီး ဖြတ်တဲ့ကုန်ကားတွေဟာ တစ်ညလုံးမစဲဘူး။ တစ်ရက်တော့ ကျုပ်က ထုံးစံအတိုင်း ပိုက်ဆံသွားပြီး လာဘ်ထိုးတယ်။ သွားတာပဲ အပ်ကြောင်းထပ်နေပြီ။ အဲဒီညကျမှ “ဟာ အဲလို မလုပ်နဲ့လေ၊ ဟိုမှာ စည်းကမ်းချက် ရေးထားတာ ဖတ်ဦး”တဲ့။ (အဲဒီနေ့က ဂိတ်သမားတွေရဲ့ နောက်မှာ စစ်ဆေးရေး ဝင်ပြီး ထိုင်နေတာ ကျုပ်ကမသိဘူး)။ ကျုပ်က စိတ်ပေါက်ပေါက်နဲ့ “ဒီလိုပဲ ခင်ဗျားတို့ ပိုက်ဆံယူပြီး ပေးဖြတ်နေတာ အပ်ကြောင်းထပ်နေပြီ”ပြီး စိတ်ပေါက်ပေါက်နဲ့ ပြောထည့်လိုက်တယ်။ တာဝန်ကျတဲ့ ဂိတ်သမားက မျက်လုံးမျက်ဆန်ပြူးပြီး အပြင်ထွက်လာတယ်။ ကျုပ်ကို ပုခုံးဖက်ပြီး စည်းကမ်းချက် ဆိုင်းဘုတ်ဆီ ဆွဲခေါ်သွားတယ်။ စစ်ဆေးရေးရှေ့မှာ ကျုပ်က အမှန်တွေ လျှောက်ပြောမှာ စိုးလို့ဆိုတာ ဦးလေးတွေ သွားရှင်းမှ သိရတယ်။

နောက်ကြုံရတာ တစ်ခု ပြောဦးမယ်။ သစ်တောလိုက် လက်ညှိုးထိုးရောင်းတဲ့ ခရိုနီတွေ၊ စစ်တပ်နာမည်ခံပြီး သစ်ခိုးခုတ်တဲ့ ကုမ္ပဏီတွေကျတော့ သူတော်ကောင်းဖြစ်၊ ဘာဓမ ညာဓမဘွဲ့တွေရပြီး တောထဲကနေ မီးဆိုက်ဖို့ ထင်းတစ်ထမ်းချိုင်လာတဲ့ အဖိုးကြီးက သစ်ခိုးခုတ်မှုနဲ့ ထောင်ကျတာ တွေ့ဖူးတယ်။ သူထမ်းလာတဲ့ သစ်ကလည်း အတော်များတာကိုး။ လက်တပြန်စာလောက်နှစ်ချောင်းပါတဲ့။ ဒါပေမယ့် တရားမှုကို အလွန်မြတ်နိုးသော တရားသူကြီးက သစ်ခိုးမှုနဲ့ ချတာပဲ။

ယုံချင်ယုံ မယုံချင်နေ လူသတ်မှု၊ ကားတိုက်မှုမှာ တရာခံခြင်း လူလဲတာတွေလည်း မျက်မြင်ကြုံတဲ့လူတွေကတဆင့် ကြားဖူးတယ်။ တရားခံအစစ်က သူဌေးသား၊ လူကြီးသားသမီးဆိုတော့ တရားခံကို ငွေပုံပေးပြီး ဝယ်ကြပါတယ်။

ခုလည်း ကိုယ်က ဥပဒေကြောင်းတွေ ဘာတွေ နားမလည်သော်လည်း တရားခွင် အချီအချဖြစ်ပုံ၊ ရှေ့နေတွေ အဖမ်းခံရတာတွေ စောင့်ဖတ်နေပါတယ်။ တရားခံတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ရုံးမထုတ်တာတွေ၊ တရားစီရင်ချက်ချပုံအဆီအငေါ်မတည့်တာတွေ၊ ဖင်ရောက်ခေါင်းရောက် သက်သေထွက်ဆိုချက်တွေ၊ စာအိတ်နဲ့ ချိတ်ပိတ်ပြီး တရားသူကြီးတွေဆီ လာတယ်ဆိုတဲ့ အမိန့်ချမှတ်မှုတွေ၊ ပြောရရင် သာမာန်လူတစ်ယောက်အနေနဲ့ သုံးသပ်ကြည့်ရင်တောင် ဘဝင်ကျစရာ မရှိပါဘူး။ လက်လှမ်းမီသလောက် ဖတ်ရှုကြည့်တော့လည်း (အာဏာရှင် စနစ်လွှမ်းမိုးသော တရုတ်အပါအဝင် နိုင်ငံဆိုးတွေမှအပ) ဘယ် နိုင်ငံမှာမှ မကြားဖူးတဲ့ ဟာတွေ ဖြစ်နေပါတယ်။

နှစ် ၂၀၊ ၆၅ နှစ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဥပဒေအထက်မှာ လုပ်ချင်တာလုပ်နိုင်သူတွေ ရှိနေကြောင်း မြင်တွေ့နေသမျှတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ဥပဒေစနစ်အပေါ် အယုံအကြည် ကင်းမဲ့ခြင်း၊ အားကိုးမဲ့ခြင်း ဆိုသော ခံစားမှုတွေသာ ဖြစ်ပေါ်မိကြောင်း။

လွတ်လပ်စွာရေးနိုင်တဲ့ ကိုယ့်ဘလော့ဂ်အပေါ်မှာ လွတ်လပ်စွာရေးသားဖော်ပြလိုက်ပါတယ်။ ကြိုက်တယ် မကြိုက်ဘူး၊ သဘောတူတယ် မတူဘူးဆိုတာကတော့ ကိုယ်ရပ်တည်နေတဲ့ နေရာနဲ့ ဆိုင်မှာပါပဲ။

Advertisements

Leave a comment

Filed under Experience, Perspective

0 responses to “ယုံကြည်စရာမရှိ၊ အားကိုရာလည်း မရ

  1. သိပ်မှန်တာပဲ၊ ဘယ်လိုမှန်မှန်းကို မသိဘူး။ ဖတ်မိရင် စွေ့စွေ့ခုန်သွားလောက်တယ်။

  2. Mr.Pooh

    ထိရောက်တဲ့ Post Title လေးကို သဘောကျမိပါတယ်။ တကယ်ပဲ ယုံကြည်အားကိုးစရာ ချို့တဲ့လှပါတယ်ဗျာ။

  3. ယုံကြည်စရာမရှိ .. အားကိုးရာလည်းမရ .. တရားမျှတမှုနတ္တိ.. ကိုယ်ချင်းစာတရားခေါင်းပါး.. ကြင်နာသနားမှုဝေလာဝေး.. ဟူး..
    (စိတ်ပေါက်ပေါက်နဲ့ သီချင်းဆိုချင်သွားတယ်.. ဒါတို့တိုင်း တို့ပြည်..တို့မြန်မာပြည်)

  4. မှန်လွန်းလို့ ဘာရေးရမှန်းတောင် မသိတော့ဘူးဗျာ