အချစ်ဆိုသည်မှာ…

အချစ်ဆိုသည်မှာ ဆိုပြီးတော့ စ Tag လာတုန်းက ဘာရေးရမှန်းမသိ။ ရေးချလိုက်တော့လည်း အေဖိုးနဲ့ ငါးမျက်နှာလောက် ထွက်သွားတယ်။ အမှန်အတိုင်းရေးထားတာပဲ။ စိတ်ဝင်စားရင် ဖတ်ကြည့်ပေါ့ဗျာ။ မြှုပ်ကွက်ကလေးတွေတော့ မမေးနဲ့ဗျ။ မဖြေနိုင်ဘူးပဲ။ 

၅ နှစ် – ၁၀ နှစ်

ဦးလေးလူပျိုနဲ့ သူ့ရည်းစားတို့နဲ့ လိုက်သွားရင် မုန့်လည်း စားရတယ်။ ဆော့လည်း ဆော့ရတယ်။ ထို့ကြောင့် ထိုအရွယ်တွင် နားလည်မိသော အချစ်သည် မုန့်စားရခြင်း၊ ဆော့ရခြင်း။ 

၁၄ နှစ် – ၁၆ နှစ်

နှလုံးသားက စတင်အရွယ်ရောက်လာတယ်။ ရွယ်တူကောင်မလေးတွေအပေါ် မရိုးမသားဖြစ်လာတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ကောင်မလေးနဲ့ မျက်လုံးချင်းဆုံတဲ့ အခါ ရင်ခုန်တယ်။ သူ့အနားကို ရောက်ရင် ခြေလှမ်းတွေ မှားချင်တယ်။ ခြေထောက်နဲ့ မြေကြီးနဲ့ မထိဘူး။ သူငယ်ချင်းတွေစုပြီး ဘယ်သူက ဘယ်သူ့ကို ကြိုက်တယ်ဆိုပြီး ရှယ်ယာခွဲကြတယ်။ အကြိုက်ချင်းတူရင် ရန်သူ။ ရည်းစားစာ စတင်ရေးရန် ကြိုးပမ်းပြီ။ ရည်းစားလိုလို ဘာလိုလိုဖြစ်ပြီ။ အဲဒီအချိန်အချစ်က ရွက်နုသစ်အချစ်။ အိမ်မှာ ရေနံဆီထည့်တဲ့ အရက်ပုလင်းခွံကို မကြည့်ပြီး ဒီအရည်ဟာ ခါးတယ်ဆိုတာပဲလို့ တွေးကြည့်ချိန်။ 

ထန်းရည်တော့ စသောက်ပြီ။ 

၁၆ နှစ် – ၁၈ နှစ်

ရည်စားထားဖူးလို့ လူပါးနည်းနည်းဝလာပြီ။ တစ်ယောက်ကနေ နောက်တစ်ယောက် ပြောင်းတတ်ပြီ။ အချစ်ကြောင့် ဂစ်တာတီးတတ်ပြီ။ ပေါ်ပင် သီချင်းတွေ ညဉ်းပြီး ခံခံစားစားဆိုတတ်ပြီ။ သီချင်း၊ စီးကရက်၊ အရက်တို့နဲ့ အချစ်တို့ ရောမွှေတတ်ပြီ။ 

အရက်စကားနဲ့ ပြောရရင် ဘီအီးအဆင့်။ 

၁၉ နှစ် – ၂၁ နှစ်

အထက်တန်းကျောင်းဆိုတဲ့ အသိုက်ကနေ တက္ကသိုလ်ဆိုတဲ့ ကောင်းကင်ကြီးဆီ ပျံထွက်ခဲ့ပြီ။ အဖြူအစိမ်းအချစ်ကနေ ရောင်စုံအချစ်ဖြစ်သွားပြီ။ သနပ်ခါးသင်းသင်းကနေ မိတ်ကပ်နဲ့ အော်ဒီကလုန်းရနံ့တွေ ခံစားတတ်ပြီ။ တက္ကသိုလ်ကြီးက ဇာတ်ခုံဖြစ်တယ်။ ရင်ခုန်တယ်။ ကြည်နူးတယ်။ ကြေကွဲတယ်။ ဒဂုံတက္ကသိုလ်ကြီးကျယ်သလို အလွမ်းတွေလည်း ကျယ်လွင့်တယ်။ ဒဂုံတက္ကသိုလ်ကြီး ရှုပ်ထွေးသလို ကောင်မလေးတွေရဲ့ စိတ်ဟာလည်း သိရခက်တယ်။ တစ်နှစ်ပြီးတစ်နှစ်ပြောင်းရင် ရင်းနှီးမှုသံယောဇဉ်တွေဟာလည်း ပြောင်းတာပဲ။ တချို့ကပိုနီးလာတယ်။ တချို့က ပိုဝေးသွားတယ်။ 

ကျောင်းကအပြန် ဘီယာဆိုင်မှာ ဘော်ဒါတွေနဲ့ ချိန်းတတ်ပြီ။  သိတယ်ဟုတ်၊ ဘေလီတံတားထိပ် က ရွက်သစ်ကို သိတယ်ဟုတ်။ ဝီစကီလည်း ရောကြည့်ပေါ့။ 

၂၂ နှစ် – ၂၅ နှစ်

တက္ကသိုလ်ဆိုတာ ဝတ္ထုထဲမှာ ဖတ်ဖူးသလို ဖြစ်သွားတယ်။ တက္ကသိုလ် အိပ်မက်ကလေးတွေလည်း ဝေဝါးသွားတယ်။ အပေါင်းအသင်းဟောင်းတွေနဲ့ ဆုံမိတဲ့အခါ “သြော် သူတောင် အိမ်ထောင်ကျသွားပြီကိုး”ဆိုတာ ပြောဖြစ်တတ်တာမျိုး။ အချစ်က ပိုပြီး လက်တွေ့ကျလာတယ်။ အိပ်မောကျတဲ့အခါ မက်တဲ့ အိပ်မက် မဟုတ်ဘူး။ နိုးတဝက်အိပ်မက်။ တကယ့်လောကကြီးကိုလည်း သိသိနေသေးတယ်။ လက်တွေ့ကျမိရင် အချစ်ဟာ မမီမကမ်း လက်တစ်ကမ်းမှာ ဝေးသွားလိုက် နီးလာလိုက်ဖြစ်တတ်တယ်။ ကောင်မလေးက ငွေ
ကြေးအကြောင်း သိပ်စဉ်းစားလာတယ်။ ပြီးတော့ ပြောသေးတယ် “ဘဝအာမခံချက်”တဲ့။ ကိုယ်ကလည်း ကိုယ့်ဖြစ်တည်မှုကို ငွေထက် စိတ်ဝင်စားတာမျိုး။ ဒီအသက်အရွယ်မှာ ကြွေကွဲမှုဟာ ဓားရှသလိုမဟုတ်ဘူး။ ဖြစ်လွယ် ပျောက်လွယ်မဟုတ်ဘူး။ အတွင်းကြိတ် ရောဂါလိုမျိုး။ နာတာရှည်တယ်။ 

ဝီစကီနဲ့ ရေခဲ။ On the rock ပေါ့။ လေးပက်၊ တစ်ခါတလေ ရောဂါပြင်းရင် ငါးပက်။ စံပြဈေးနားက နေညို၊ သီတာဦး။ ပိုက်ဆံသိပ်မရှိတော့လည်း စံပြဘူတာလမ်းကြားမှာ အောက်ခြေလူတန်းစားတွေထိုင်တဲ့ဆိုင်မှာ တစ်ပိုင်းနဲ့ စပါကလင်တစ်လုံး၊ ခေါင်းသုတ်တစ်ပွဲပေါ့။ 

“ခက်လည်းခက်တဲ့ လောက” ဒီလိုလည်း ညဉ်းရကောင်းမှန်းသိပြီ။ 

၂၅ နှစ် – ၃၀ နှစ်

အချစ်တဲ့လား။ ပြုံးချင်ချင်ပဲ။ ဘဝရဲ့ လွမ်းမောဖွယ်ရာလေးတွေ အပြန်အလှန် ဖလှယ်ပြီး သစ္စာဖောက်စွာနဲ့ ငယ်ငယ်ကအချစ်ကိုလည်း သရော်နေမိခဲ့ကြသေးတယ်။ ဒီအချိန်ကျတော့ ကောင်းမလေးက ငွေကြေးကို သိပ်မပြောဘူး။ “မလည်း အလုပ်တစ်ရှိနေတာပဲကွယ်၊ တွေးပူမနေပါနဲ့ မောင်ရယ်”တဲ့။ ပညာလေးကလည်း တတ်ပေါ့။ သူက ဘဝလုံခြုံမှုနဲ့ အားကိုးမှုကို ရှာတယ်။ ကိုယ်က ကြင်နာနွေးမှုနဲ့ ဖြေသိမ့်ပေးမယ့် လက်ကလေးတွေကို ရှာတယ်။ 

ဒီအရွယ်မှာ အချစ်ဟာ သိပ်ပြီးတော့ ဆွတ်ဆွတ်ပျံ့ပျံ့ ရှိသလို သိပ်ပြီးတော့လည်း ကြောက်စရာကောင်းတယ်။ တော်ရုံ အပြစ်ကိုလည်း သူက ခွင့်လွှတ်လိုက်တာပဲ။ ကိုယ်တို့ “မငယ်တော့ဘူးလေ”တဲ့။ ဖုထစ်မိရင်လည်း မျက်ရည်တွေနဲ့ ပြုံးနေမယ် ဆိုတာမျိုးပဲ။ လမ်းခွဲတွေ အရောက်သိပ်မြန်တယ်။ 

ဝီစကီဆိုတာ နေညိုရင် အပျင်းပြေ (သို့) အမောပြေ (သို့) ဆိုရှယ်အတွက် (သို့) တစ်ခုခုရှိနေလို့ (သို့) ဘာမှ လုပ်စရာမရှိလို့ ငုံမိနေတတ်တာပါပဲ။ ငါးပက် ခြောက်ပက်လောက်ပေါ့။ အပေါင်းအသင်းစုံရင် အရက်လည်း စုံတတ်တာ သီအိုရီထင်ပါ့။ ပုဇွန်တောင်က ခွက်ပုန်းဆိုင်လေး၊ တာမွေအဝိုင်းထိပ်က ဆိုင်တွေ၊ နေပြည်တော်ရုပ်ရှင်ရုံအောက်က ရှမ်းရွှေလီဆိုင်၊ မြေနီကုန်းက The Sun ဆိုင်။

 

၃၀ နှစ် +

အချစ်လား… သြော်… အင်း။ တော်ပါပြီ…။ နေတတ်ပြီ…။ 

အင်း… တခါတလေတော့ အချစ်ဟာ လိုအပ်သလိုပါပဲ…။ ရှိတော့လည်း ကောင်းတာပေါ့…။ အင်း… မရှိလည်း ဖြစ်ပါတယ်။ 

မသိဘူးလေ…။ မချစ်တတ်တော့ဘူးထင်တာပဲ။ ဒီမယ် အချစ်ဆိုတာ ဇီဝကမ္မတစ်မျိုးပါပဲ။ 

ဒီမယ်ဟေ့ကောင်ရဲ့… ငါဟိုနေ့က စာအုပ်တစ်အုပ်ဖတ်တယ်၊ အချစ်ဟာ ဟော်မုန်း အတက်အကျတွေနဲ့လည်း ဆိုင်တာပဲကွ။ 

ဒီမယ် ဆရာလုပ်တာတော့ မဟုတ်ဘူးကွ၊ အိမ်ထောင်ရေးမှာ Sex ဟာလည်း အရေးကြီးတာပဲ။ ဒါဟာ အိမ်ထောင်ရေးမှာ အခြားသော လူမှုဆက်ဆံရေးတွေမှာ အနည်းအများ သက်ရောက်မှုရှိတာမျိုးပဲကွ။ 

အင်း… သူ့ကို စိတ်တော့ ဝင်စားသလိုပဲ။ ကိုယ်နဲ့က အသက်နည်းနည်းကွာတယ်လေ။ ကလေးကလား မလုပ်ချင်ပါဘူး။ မူးရင်တော့ Chatting လုပ်ရင်း စကားက ကျွံမိသား။ နောက်နေ့ ကြီးကောင်ကြီးမားနဲ့ ပြန်ပြန်ရှက်နေရသေးတယ်။ 

ဝေးဝေးနေတာ ကောင်းပါတယ်လေ။ သူ့အရွယ်နဲ့သူ စိတ်ဝင်စားတာ ရှိချင်ရှိမှာ။ သူနဲ့ Chat ကလေးလုပ်ပြီး သာယာနေလို့ မသင့်တော်ပါဘူး။ ဒါပြီးရင် Doctorate ဆက်လုပ်ဖို့ပ
အာရုံထားမှ။ ပြီးတော့ ကိုယ်စိတ်ဝင်စားရာ အကယ်ဒမ်းမစ်ပိုင်းမှာ စိတ်နှစ်ထားလိုက်ပြီးတာပဲ။ 

မနေ့က လက်ကျန်ဘယ်လောက် ရှိသေးပါလိမ့်။ ရေခဲသေတ္တာထဲမှာ ရေခဲလည်းရှိတယ်။ ဝီစကီလေးလည်း မြုံ့ဦးမှ။ ကောင်မလေး အွန်လိုင်းမှာရှိနေတယ်။ တော်ကြာ တောင်ပြော မြောက်ပြော ပြောမိနေဦးမယ်။ Invisible လုပ်ထားမှ။ 

ဝီစကီကို ရေခဲလေးနဲ့ ပက်ဦးမှ။ ရေ၊ ဆော်ဒါမရောဘဲ သောက်ရတာတောင် အရသာက ပေါ့သလိုလို။ ခြောက်ပက်၊ ခုနှစ်ပက်စာဆိုတော့ ဒီနေ့ညအဖို့တော့ လောက်ပါပြီ။ မလောက်တော့လည်း အိပ်ခါနီး အောက်ထပ်က ဖီးကွပ်ဆိုင်မှာ ဘီယာ တစ်ဗူးတန်သည်၊ တစ်လုံးတန်သည် ဆွဲတာပေါ့။ 

လောလောဆယ် ဟိုပရောဂျက်ကလေး ဝင်ရေးလိုက်ဦးမှ၊ ဒီလူ ကုဒ်ဒင်ကိစ္စကူလိုက်ဦးမှလေ။ ဟိုကောင်ဟာ ငါအတန်တန်ပြောတယ်။ သွားမဝေဖန်ပါနဲ့၊ သူတို့က အုပ်စုတောင့်တယ်… အတန်တန်ပြောထားရက်နဲ့။ သန်းဖေလေး သီချင်းလေးလည်း ဖွင့်ဦးမှ…။ အင်း ကိုသန်းလှိုင်ရဲ့ “ယောက်ျားမျက်ရည်”ဆိုတာ နားမထောင်တာကြာပေါ့။ နက်ဖြန် ဟောလီးဒေးဆိုတော့ ဟန်သစ်ငြိမ်တို့၊ ထွန်းတောက်နေတို့ခေါ်ပြီး ထမင်းချက်စား၊ ပုလင်းလေးဘာလေး မော့ဦးမှ။ CDCE က ဂလိုဘယ်ကိုလည်း သူ့ကောင်မလေးမသိအောင် ခေါ်ပြီး တိုက်လွှတ်လိုက်ဦးမှ။ မူးရင် သူတို့နှစ်ယောက် မိုဘိုင်းဖုန်းနဲ့ ရန်ဖြစ်တာ ရီရသဟ။ 

သြော် ဒါလည်း အချစ်ရဲ့ Chapter တစ်ခုပဲ။ 

ကျုပ်အတွက်တော့ အချစ်ဟာ လက်ကောက်ဝတ်ယားလို့ ချွတ်ချွတ်ထားမိရာက ပြန်မပတ်ဖြစ်တာများတဲ့ အံဆွဲထဲက ကက်စီရိုနာရီအတိုင်းပါပဲ။ သတ်သတ်စီ ဝေးနေကြတာများတယ်။ သူ့ဟာသူ နာရီကလည်း သွားနေတာပဲ။ ကျုပ်ကလည်း ကိုယ်ဟာကိုယ် ရှင်သန်နေတာပဲ။ ကဲ ဒီ့ထက်ပိုပြီး ဘာဖြစ်စရာရှိသေးလဲ။ 

သင်ကာ 

Advertisements

Leave a comment

Filed under Essay, Tag

Comments are closed.