ရုပ်သေးရုပ်နှင့် ရုပ်သေးဆရာ (သို့) သိစိတ်နှင့် မသိစိတ်

လူ့စိတ်၏ ဘဘောသဘာဝ (Nature)၊ လုပ်ငန်းဆောင်တာ (Function)၊ တည်ရာအရပ် (Root) တို့နှင့် စပ်လျဉ်း၍ အယူအဆအမျိုးမျိုး ကွဲလွဲကြဆဲဖြစ်သည်။ အရှေ့တိုင်းတွင် စိတ်၏သဘောနှင့် ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာ လေ့လာထုတ်ဖော်သူများအနက် ဂေါတမဗုဒ္ဓသည် ထင်ရှားသည်။ အနောက်တိုင်းတင် ဂျာမာန်စိတ်ပညာရှင် ဆစ်ဂမန်ဖရိုက်ဒ်က ထင်ရှားသည်။ မြင်သာသော သိစိတ် (Consciousness) နှင့် မြှုပ်ကွယ်နေသော မသိစိတ် (Unconsciousness) ဟူသော အယူအဆနှစ်ရပ်စလုံးကို ဗုဒ္ဓဝါဒနှင့် ဖရိုက်၏ စိတ်ပညာဂိုဏ်း နှစ်ခုစလုံး၌ တွေ့ရသည်။

ဗုဒ္ဓက အမြဲတမ်းမှန်ကန်သော သစ္စာတရားလေးပါးအဖြစ် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟု ဟောပါသည်။ (စိတ်သည် Mind, ရုပ်သည် Body ဟူသော အဓိပ္ပာယ်မျိုးမဟုတ်ပါ။) စိတ်၏ Nature, Function တို့နှင့် ပတ်သက်၍ ပိဋကတ်စာပေတွင် အများအပြား ဖော်ပြထားသည်။ အနောက်တိုင်းတွင် ဖရိုက်ဒ်၏ မသိစိတ်စေ့ဆော်မှုအယူအဆ (Theory of Unconsciousness Motivation) သည် အတိုက်အခံ အခြေအဖျက်များကြားမှ အများလက်ခံသည့် အခြေအနေသို့ ရောက်ခဲ့သည်။ ဗုဒ္ဓ၏ သစ္စာတရားဝင် စိတ်၊ စေတသိက် အယူအဆမှာ လေ့လာမှု (ပဋိယတ္တိ)၊ ကျင့်သုံးမှု (ပဋိပတ္တိ) မပါဘဲ သိမြင်သဘောပေါက်မှု (ပဋိဝေဓ) မဖြစ်နိုင်ပေ။ ဖရိုဒ်ကမူ စိတ်ကိုနှစ်ပိုင်းခွဲပြီး ရေခဲတောင်ဥပမာနှင့် ခိုင်းနှိုင်း၍ သိလွယ်အောင် ဖော်ပြခဲ့သည်။

ရေပြင်အထက်၌ ပေါ်နေသည့် အပိုင်းမှာ သိစိတ်ဖြစ်ပြီး ရေအောက်ရှိအပိုင်းမှာ မသိစိတ်ဖြစ်သည်။ သိစိတ်ဖြစ်ပြီး ရေအောက်ရှိအပိုင်းမှာ မသိစိတ်ဖြစ်သည်။ သိစိတ်နှင့် ယှဉ်သည့် ဆင်ခြင်မှုကြောင့် ဖြစ်ပေါ်သည်ဟု ယူဆထားသော အပြုအမူ တော်တော်များများမှာ မသိစိတ်၏ လမ်းညွှန်မှုကြောင့်ဖြစ်ကြောင်း စိတ်ပညာရှင်များက တွေ့ရှိလာကြသည်. ထို့ကြောင့်ပင် လုပ်လိုက်သည့်ခဏ၌ မှန်သည်ဟု ထက်သော်လည်း နောက်ကျမှ နောင်တရတတ်သည့် အပြုအမူများ၊ ကျိုးကြောင်းဆီလျော်သည်ဟု ထင်မှတ်သော်လည်း ပြန်လည်ဆင်ခြင်သောအခါ ဘာကြောင့် လုပ်လိုက်မိမှန်း ကိုယ့်ဘာသာ နားမလည်ခြင်းများ ကြုံတွေ့ရခြင်းဖြစ်သည်။ ခဏတာ၌ ကိုယ့်ဘာသာ မှန်သည်ဟု ထင်လိုက်မိခြင်းကို မိမိကိုယ်ကိုယ် အကာအကွယ်ယူရေးအတွက် အကြောင်းပြခြင်း (Rationalization) ဟု စိတ်ပညာ၌ သုံးနှုန်းသည်။ ယင်းသို့ ပုံဖျက် (Disguise) လုပ်၍ သိစိတ်ကို စေစားသော အကြောင်းရင်းကို လိုက်ရင်း သိစ်တ်ထက် ထုထည်ကြီးသော မသိစိတ်ကို ခြေရာခံခဲ့မိခြင်းဖြစ်သည်။

အချို့တွင် မသိစိတ်၏ ထုထည်သည် အလွန်အားကြီးပြီး အချို့တွင် ရှိသင့်သည်ထက် မပိုပေ။ ထုထည်ကြီးမားခြင်း မကြီးခြင်း၏ အကျိုးကို ဥပမာပေးရပါမူ ရေခဲတောင် အောက်ခြေပမာဏ ကြီးလွန်းပါက လွန်ကဲစွာ ထိန်းထားနိုင်သည့် အအေးဓာတ်ကြောင့် ရေပေါ်ပေါ်နေသော အပိုင်းမှာ အလွယ်တကူ အရည်ပျော်နိုင်မည် မဟုတ်ပေ။ အောက်ခြေထုထည်သေးပါမူ အရည်ပျော်ရန် လွယ်ကူပေမည်။ ထို့အတူ လူ့စိတ်နှင့် ယှဉ်ထိုး၍ တွေးကြည့်နိုင်ပါသည်။ အမှန်တရားတစ်ရပ်၊ အခြေအနေတစ်ခုကို အရှိအတိုင်း မြင်နိုင်ရေး၌ မသိစိတ်အားကြီးလွန်းနေပါက သိစိတ်တွင် လက်ခံရန် ခက်နေနိုင်သည်။

မသိစိတ်သည် အခါခပ်သိမ်း မကောင်းကျိုးပေးသည်ဟု မဆိုလိုပါ။ တစ်သီးပုဂ္ဂလ (Individual) သဘောနှင့်သာ ဆိုင်ပါသည်။ ကိစ္စတစ်ခုတွင် အမှန်တရားအဖြစ် မျိုသိပ်လိုက်ရသော ဆန္ဒသည် မသိစိတ်ထဲရောက်သွားပြီး တိမ်မြုပ်ခြင်း (Repression) ဖြစ်သွားတတ်သည်။ ယင်းသည် သိစိတ်၏ အခြားတစ်နေရာ၌ ပုံဖျက်၍ ဖြစ်ပေါ်လာတတ်သည်။

ရဟန်းတော်တစ်ပါး၏ နိစ္စဓူဝ စောင့်ထိန်းရခြင်း၊ ထိန်းချုပ်ရခြင်းသည် သစ္စာတရားသိမြင်ရေး၌ အားကောင်းသောသမာဓိကို ဖြစ်စေသည့် တွန်းအားအဖြစ် ပြန်ပေါ်လာသည်။ ရုံး၌ အထက်အရာရှိ၏ အကြိမ်း အမောင်းခံခဲ့ရသော ယောက်ျားသည် အိမ်ပြန်ရောက်လျှင် ဘာမှမဟုတ်သည့် ကိစ္စဖြင့် အိမ်သူဇနီးကို ရန်ရှာတတ်သည်။ သားသမီးကို အကြောင်းမဲ့ မာန်မဲတတ်သည်။ ဤသို့အားဖြင့် Repression ပြန်ခေါင်းထောင်မှုသည် အပေါင်းအနုတ်သဘောရှိတတ်သည်။ မသိစိတ်သည် အနုတ်သဘောဖြင့် ခေါင်းထောင်လာရာတွင် လူသည် သိသိကြီးနှင့် မမှန်သည်၊ မဟုတ်သည်ကို မလုပ်ဝံ့သော ဗီဇကြောင့် ပုံဖျက်ပြီး သိစိတ်ကို ချုပ်ကိုင်တတ်သည်။ ယင်းကို ပညာရပ်အသုံးအနှုန်း၌ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု ယန္တရား (Defence Mechanism) ဟု ခေါ်ဆိုသည်။

မသိစိတ်ကို ထုတ်ပစ်၍ မရနိုင်သော်လည်း ယင်း၏ စေစားမှုကို ရှောင်ကွင်း၍ ရနိုင်ပါသည်။ စိတ်ကို စိတ်ဖြင့် ပြန်၍ Manage လုပ်ခြင်း ဖြစ်ပါသည်။ ဂေါတမဗုဒ္ဓက အဓိပ္ပာယ်လေးနက်စွာဖြင့် စိတ်၏ အညစ်အကြေးကို စိတ်ဖြင့်သာ ဆေးကြောရာ၏ဟု ဟောခဲ့သည်။ ဤသည်ပင် မသိစိတ်၏ ကျေးကျွန်မဖြစ်စေရေး သော့ချက်ဖြစ်ပါသည်။ ဝိပသနာတရာအားထုတ်ခြင်း၊ တရားရှုမှတ်ခြင်းတို့သည်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် သိစိတ်၏နောက်ကွယ်မှ ကြိုးကိုင်နေသော မသိစိတ်၏ ထုထည်ကို မြင်ခွင့်ရနိုင်ပါသည်။ သို့သော် မြင်ရုံနှင့် ကိစ္စမပြီးပါ။ သတိမရှိလျှက် သိစိတ်ကို စိုးမိုးသွားနိုင်သည် သာဖြစ်မည်။ မသိစိတ်သည် ပုံဖျက်ပြီးမှ လာတတ်၍ ဖြစ်သည်။

လက်တွေ့တွင် မသိစိတ်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရေးသည် များစွာ မလွယ်ကူပါ။ စာဖတ်ခြင်း၊ တရားရှုမှတ်ခြင်း၊ စိတ်အလိုမလိုက်ခြင်း၊ မာန်မာန မထောင်လွှားခြင်း၊ သူတစ်ပါးအကျိုးဆောင်ခြင်း၊ စဉ်းစားဆင်ခြင်မှုကို အလေးအမြတ်ပြုခြင်းစည်ဖြင့် နည်းနည်းစီ ထူထောင်ယူရမည်ဟု ယူဆပါသည်။ တစ်ကွက်ကောင်းဖြင့် ရမည်မထင်ပါ။ ဥပမာစာမဖတ်လျှက် နောက်ဆက်တွဲအားဖြင့် ဆင်ခြင်နိုင်မှု အားမကောင်းခြင်း၊ ခြုံငုံသုံးသပ်နိုင်စွမ်း မရှိခြင်း၊ နှိမ့်ချရန် ခက်ခဲခြင်းစသည်တို့ ဖြစ်လာနိုင်ပါသည်။ ထိုအခါ အသေးအဖွဲ Micro ထဲတွင် တဝဲလည်လည်ဖြစ်ပြီး အကြီးအကျယ် Macro သို့ ခုန်ကူးနိုင်မည် မဟုတ်ပါ။ မည်သည့်နယ်ပယ်၌မဆို မသိစိတ်၏ ကျေးကျွန်ဖြစ်နေရပါက ကျင်လည်ရာ ကမ္ဘာသည် သေးမြဲ၊ ကျဉ်းမြဲ ဖြစ်နေပါသည်။ ကမ္ဘာပြားဖြစ်မလာဘဲ ကမ္ဘာကျဉ်း ဖြစ်နေနိုင်သည်။ Micro ကရွတ်ကင်းမှ လွတ်ကင်းစေရန်၊ ရေရှည်မှတ်ကျောက်အတင်ခံနိုင်သော ကျိုးကြောင်းညီည့တ်သည့် သိစိတ်မျိုးဖြစ်စေရန် ဖောက်ထွက်ကြည့်ခြင်း (Breakthrough Action)၊ ဖောက်ထွက်တွေးကြည့်ခြင်း (Breakthrough Thinking) ဖြင့် စတင်တာစူသင့်ပါသည်။

ထို့ကြောင့်ပင် ပညာရှိတို့က မိမိကိုယ်ကိုယ်အောင်နိုင်အောင် အရင်ကြိုးပမ်းပါ။ အရာရာကို အောင်မြင်ပြီးဖြစ်လိမ့်မည် စစ်ပွဲများစွာကို အောင်နိုင်ခြင်းထက် မသိစိတ်ကို အောင်မြင်ခြင်းက မြတ်၏ လောကကို အနိုင်ရရေးထက် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ရေးက အရေးကြီးသည်စသည်ဖြင့် မိန့်ဆိုခဲ့ကြခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် အောင်နိုင်ရေးသည် အခြားမဟုတ်ပါ။ မသိစိတ်၏ ချုပ်ကိုင်မှုမှ ရှောင်ကွင်းနိုင်ရေး၊ မသိစိတ်၏ အလစ်တိုက်ကွက်များကို သတိရှိရေး၊ မသိစိတ်၏ ကျေးကျွန် မဖြစ်ရေးသည် အဓိကဟု ဆိုချင်ပါသည်။

သင်ကာ

(ပိတောက်နွေတွင် ဖော်ပြပြီး)

Advertisements

Leave a comment

Filed under Article

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s