ပထမများ

ဒေါ်ပင့်ဂိုးလ် Tag ၍ သင်ကာရေးသည်။

ပထမဆုံး နေခဲ့တဲ့မြို့ ပဲခူးမြို့။

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း အ.ထ.က (သနက-၃)

ပထမဆုံး အတန်း သူငယ်တန်း (အဲဒီတုန်းကအခေါ်က ကြက်ချေးတန်း)။

ပထမဆုံး သူငယ်ချင်း မမတင်မြတ်မြတ် (ခုတော့ အိမ်ထောင်ကျသွားပြီ)၊ မင်းမင်း (ဆိုးပေပြီး အိမ်ပြေး လေလွင့်သွားတာ ဘယ်ရောက်တယ် မသိ)၊ တင်ကိုကို (မမတင်မြတ်မြတ်ရဲ့ မောင်။ ဖက်တီးကြီးဖြစ်ပြီး မိန်းမယူသွားပြီ။)

ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း အပေါ်က ပြောခဲ့တဲ့ သူတွေပဲ။ မမတင်မြတ်မြတ်က ကျုပ်တို့ကျောင်းတက်တော့ နှစ်တန်းကျောင်းသူကြီးလားမသိ ဖြစ်နေပြီ။

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် သူငယ်တန်းဖတ်စာပေါ့။ စာဖတ်တတ်တဲ့ အရွယ်မှာ ဖတ်တဲ့ အပြင်စာအုပ်ဆိုရင် “ပဋိက္ခယားပြဇာတ်” (အဖေ့စာအုပ်သေတ္တာထဲမှ) နဲ့ “ငါးရာ့ငါးဆယ်ဇာတ်တော်” (ဘုရားစင်ပေါ်က)။

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ အလွတ်ကျက်တာကို မုန်းလို့ ဘာမှကို မရတာ။

ပထမဆုံး အရိုက်ခံရခြင်း သူများစာအုပ်ထဲမှာ ပန်းချီဆွဲပေးမိလို့ ထမင်းစားလွှတ်ချိန်အပြီး ဝင်တဲ့ သင်္ချာဆရာမက ရိုက်တယ်။ သင်္ချာစစ်တာ စာတွေက မှန်တယ်။ စာအုပ်အလယ်၊ စာရွက်ဖြုတ်လို့ရတဲ့နေရာမှာ အရုပ်ရေးထားမိတယ်။ တွေ့တော့ ရိုက်တယ်။ ပိန်ညောင်ညောင်ခြေသလုံးမှာ အရှိုးရာကြီး ထင်းလို့။ အဲဒီနေ့မှာ ဆွဲဖို့စာအုပ်ပေးတဲ့ကောင်လည်း အဆော်ခံရတယ်။ အဲဒီဆရာမရဲ့ အိမ်က ကျုပ်တို့အိမ်နဲ့ ဖင်ချင်းကပ်။ အဘွားနဲ့ အမေက ကျောင်းအုပ်ဆရာမကြီးကို တိုင်တယ်။ တပ်မှာ အကြီးဆုံးအရာရှိကိုလည်း တက်တိုင်တယ်။ အဲဒီဆရာမက နေ့ခင်းထမင်းပြန်စားရင်း ယောင်္ကျားနဲ့ ရန်ဖြစ်ခဲ့လို့ မဲပြီး ရိုက်မိတာလို့ ပြောတယ်။ ကျုပ် ဆရာမလည်း အတော် အရှက်ကွဲသွားတယ်။ အဘွားက ဆတ်ဆတ်မှ မခံဘဲကိုး။ ကျုပ်က အရိုက်ခံရပြီးတော့ ငိုတာပဲ။ အတန်းထဲမှာ အငယ်ဆုံးထဲမှာပါတာကိုး။ အိမ်ကျတော့ မပြောဘူး။ အမေနဲ့ အဘွားက မြင်လို့ ကျောင်းရောက် အရာရှိရုံးရောက် ဖြစ်ကုန်တယ်။

ပထမဆုံး ရတဲ့ဆု ပန်းချီ၊ ကဗျာ၊ စာစီစာကုံးတွေအတွက် ခုနှစ်တန်းမှာ တစ်နှစ်တည်းအတွက် ဆု ခြောက်ခါ တက်ယူရဖူးတယ်။ စာတော်လို့ ဆုရတဲ့သူတွေကို အားနာလိုက်တာ မပြောနဲ့။

ပထမဆုံး သွားဖူးတဲ့ခရီး ကျိုက်ထီးရိုးစေတီ။ ဦးလေးရဲ့ ကုန်တင်ကားနဲ့ သင်္ကြန်မတိုင်ခင်သွားတာ။ တစ်လလောက် ကျိုက်ထိုမှာ နေခဲ့တယ်။

ပထမဆုံး စီးဖူးတဲ့ကား အမေဗိုက်နာတော့ အဖေက ရှေ့တန်းမှာ စစ်တိုက်နေတယ်။ အမေက ဗိုက်နာလျက်ကြီးနဲ့ နေတဲ့အိမ်မှာ မမွေးချင်ဘူး၊ ပဲခူးက သူ့အမေ၊ ကျုပ်အဖွားအိမ်မှာ မွေးမယ်ဆိုလို့ သူနာပြုနဲ့ စစ်ဆရာဝန်တွေက အိမ်ကို လိုက်ပို့တယ်။ ဗိုက်ထဲက ထွက်ခါနီးရော၊ ထွက်ပြီးတော့ရော စီးဖူးတာ Ambulance ပဲ။

ပထမဆုံး ဆိုတဲ့သီချင်း လွှမ်းမိုးရဲ့ “မခင်နှင်းဆီ”။ ငယ်ငယ်လေးမှာကတည်းက ရတယ်။ အိမ်ရှေ့မှာ မခင်နှင်းဆီဆိုတဲ့ အဒေါ်ကြီးရှိတယ်။ သူက ငါ့ကို စောင်းဆိုတာလားလို့ စတတ်တယ်။

ပထမဆုံး ရေးတဲ့ကဗျာ ငယ်ငယ်လေးကတည်းက ရေးတာဆိုတော့ မမှတ်မိတော့ဘူး။

ပထမဆုံး ရေးခဲ့သော ရည်းစားစာ ကိုယ်ရည်းစားမထားခင်ကတည်းက စာစီစာကုံးနဲ့ ကဗျာမှာ ဆုရတော့ ရည်းစားစာလိုချင်သူတွေက အပူကပ်ကြတယ်။ သူများတွေကိုပဲ ဒိုင်ခံရေးပေးခဲ့တယ်။ အဲဒါ ပထမဆုံးရေးတဲ့ ရည်းစားစာပဲ။ သူများအတွက်။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — ခုနှစ်တန်း။ ကိုယ်က သူများသာ ရည်းစားစာရေးပေးတယ်။ ကိုယ့်ဖာသာတော့ မပေးရဲဘူး။ “ရလိ”ဆိုတဲ့ကောင်ကို ပေးခိုင်းတာ ကောင်းမလေးက အထင်မှားပြီး ပါးကျိုးချင်လားပြောလို့ ပြေးပေါက်မှားသွားတယ်။

ပထမဆုံး ချစ်သူ နှစ်ယောက်ဖြစ်နေလို့ ဘယ်သူအရင်လဲ စဉ်းစားရခက်တယ်။ တစ်ယောက်က မိလဲ့တဲ့။ အိမ်ထောင်ကျလို့ ကလေးတောင်ရပြီ။ နောက်တစ်ယောက်က သန္တာတဲ့။ ကိုယ့်ကို မစောင့်နိုင်လို့ အိမ်ထောင်ပြုသွားတာ။ နာဂစ်အပြီး မြန်မာပြည်ပြန်တော့ အဖွားက ပြောတယ်။ မင်းနဲ့ ကြိုက်ဖူးတဲ့ သန္တာလေ၊ အိမ်ထောင်ကျပြီတဲ့။ တလောကပဲ သားကလေးမွေးတယ်တဲ့။ လင်ကောင်း သားကောင်း ရပါတယ်တဲ့။ ကောင်လေးက ကြိုးစားပါသတဲ့။ ဟုတ်ပါတယ်လေ၊ ကျုပ်နဲ့ဆို လင်ဆိုးမယား တဖားဖားဖြစ်တော့မပေါ့။ အဲဒီတုန်းက ကျုပ်က မူးမူးနဲ့ လွှမ်းမိုးရဲ့ သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ ဆိုတဲ့ သီချင်း သွားဆိုမလို့ပဲ။ ခက်တာ သီချင်းက မရဘူး။ (သူက အင်တာနက်တို့ ကွန်ပြူတာတို့ မသိတဲ့ တောသူမို့ ဒီမှာ ပြောရဲတာ။)

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် ဦးအေးမောင်ရဲ့ စာအုပ်တွေထဲက တစ်အုပ်။

ပထမဆုံး ၀ယ်တဲ့သီချင်းခွေ တစ်ခါမှ မဝယ်ဘူး။ ငှားနားထောင်တယ်။ အခုတော့ သူများဆီက ကူးယူတယ်။

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ ၁၉၉၇၊ ဒဂုံတက္ကသိုလ်မှာ၊ ယောင်ချာချာနဲ့။

ပထမဆုံး ရဖူးတဲ့လက်ဆောင် ချစ်ချစ်ဆီက ဆိုရင် ဒိုင်ယာရီစာအုပ်။ သန္တာပေးတာ။

ပထမဆုံး အလုပ် — ပန်းချီသမား။ ဟင်္သာမောင်မောင် ပန်းချီအဖွဲ့။ သင်္ကန်းကျွန်း၊ ရန်ကုန်။

ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ရန်ကုန်ကနေ ပဲခူးက အဖွားဆီ သွားလည်တာ။

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် အဖေနဲ့ အမေကွဲတော့ Lucky Strike ဆေးလိပ် သောက်ကြည့်တယ်။ (အဲဒီတုန်းက 555 တို့ လပ်ကီးစထရွိုက်တို့ ကုမ္ပဏီတွေ ရှိသေးတယ်။) မရဘူး၊ နှစ်ရှိုက်လောက်ဆို ချောင်းဆိုးတယ်။ အဲဒါနဲ့ မသောက်တာ ခုထိ။ အရက်ကတော့ ကိုးတန်းကျောင်းသားဘဝ၊ ကျောင်းပိတ်ခါနီး ဘော်ဒါတွေနဲ့ ညောင်ပင်ရွာမှာ သွားသောက်တာ ထန်းရည်။ အရက်ပီပီသသဆိုလို့ ဦးလေးနဲ့ ကားလောကမှာ ကျင်လည်တော့ ခရမ်းမြို့နယ်မှာ The Sea ကို စသောက်တယ်။ ဘီအီးတစ်မျိုးပေါ့။ ခုတော့ မြန်မာမှာ မတွေ့တော့ဘူး။ ဖိနပ်ပျောက်ပြီး အရက်နာလည်း ကျတယ်။ ဒါပေမယ့် ဆက်သောက်တာ ခုထိ။

ပထမဆုံး တက်ဖူးသော ဆေးရုံ လူသာ ပိန်တယ်။ ကျန်းမာရေးကောင်းတယ်။ အသေးအဖွဲကလွဲရင် ဘာမှ မဖြစ်ဘူး။ ငယ်ငယ်က တုပ်ကွေးဖြစ်လို့ထင်တယ်၊ အမေက စစ်ဆေးရုံ လိုက်ပို့တယ်။ ပျော်ပွဲစားထွက်သလိုပဲ။

ပထမဆုံး ဘလော့ပို့စ် — Multiply မှာ ပညာရေး ဘလော့ဂ်တစ်ခု လုပ်ဖူးတယ်။ မြန်မာကျောင်းသားများအတွက် ပညာသင်ဆုများဆိုပြီး တင်ပေးထားတယ်။

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ ဘိုးစိန် (ဘိုးတော်ကြီး+စိန်မျောက်မျောက်)။ သူတို့ ဘလော့ဂ်လောကက အနားယူသွားပြီ။ Mg ANT က ပြောလို့ သွားဖတ်တာ။ ကြိုက်ပြီး ကိုယ်လည်း ဘလော့ဂ်ရေးဖြစ်တယ်။

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — ပန်းချီသမား စလုပ်တော့။

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — ခုနှစ်တန်းကျောင်းသားဘဝက အတန်းထဲမှာ စိန်ခေါ်တဲ့ အတွက် ကျုပ်တို့ဖက်က တစ်ယောက်နဲ့ သူတို့ဖက်ကတစ်ယောက် သူရဲကောင်းရွေးပြီး လေးထောင့်ကန်ဘူတာ ရထားလမ်းပေါ်မှာ ချကြတယ်။ သူတို့ဖက်က ရှုံးတော့ စည်းဖောက်ပြီး ခဲကိုင်တယ်။ ကျုပ်တို့လည်း ခဲကိုင်ပြီး ပြန်ထုတယ်။ သံလမ်းဝန်ထမ်းကုလားတွေ လာဖြန်ဖြေတယ်။ အဲဒီနှစ်က စာမေးပွဲကျတယ်။

ပထမဆုံး အကြိမ် ထီပေါက်ခြင်း — ချဲဆိုတာ လုံးဝ စိတ်မဝင်စားဘူး။ သူငယ်ချင်းပြောတာ နားငြီးလို့ လေရှယ်ယာနဲ့ ထိုးလိုက်တာ ပေါက်တယ်ဆိုပြီး ဝေစု ၂ ထောင်လား ရတယ်။ သောက်စားပစ်လိုက်တော့ ကုန်တာပဲ။

ပထမဆုံး ရင်ခုန်ဖူးခြင်း သန္တာ့ကို သူ့ဦးလေး၊ ကျုပ်အတန်းဖော် ခင်မောင်ချို (ဦးချို)က “ဒါ ငါ့တူမလေ”ဆိုပြီး ခုနှစ်တန်းမှာ မိတ်ဆက်ပေးတဲ့ အခါ ရင်စခုန်တယ် မှတ်တယ်။ ဦးလေးနဲ့ တူမဆိုပေမယ့် အသက်က သိပ်မကွာဘူး။ ပြီးတော့ ဦးချိုက လူပေါ။ ခုတော့ မိန်းမရပြီ။

ပထမဆုံး တီးဖူးတဲ့ဂစ်တာ — ဆယ်တန်းမှာ ဂစ်တာတီးသင်တယ်။ သူငယ်ချင်း စိုးသီဟ (အခု စင်ကာပူမှာ ပြောတယ်) ရဲ့ ဂစ်တာကို အရင်ဆုံး စတီးဖူးတယ်။ (ဟေ့ယောင်ရေ မင်းငါ့စာဖတ်မိရင် ဆက်သွယ်ကွ။)

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား ဘန်ကောက်၊ ထိုင်းနိုင်ငံ။

ပြီးတော့ လူနိုင်တွေဖြစ်တဲ့ Mg ANT, အလွမ်းပြေ၊ ပန်းပုံပြင်၊ လဂွန်းအိမ် တို့ကို ထပ် Tag မယ်။ မအားရင်လည်း မဖြေနဲ့။

Advertisements

Leave a comment

Filed under Tag

0 responses to “ပထမများ

  1. ကောင်းကင်ကို

    ပထမဆုံးတွေကို ဖတ်သွားတယ်ဗျို့ ။

  2. ကောင်းကင်ကို

    ပထမဆုံး ကွန်မန့်လည်း ပေးသွားတယ်။

  3. ကိုသင်္ကာရဲ့.. ပထမဆုံးတွေကို လာဖတ်သွားပါတယ်..
    ကျနော်တို့ ဘလော့ကို ပထမဆုံးလာလည် နှုတ်ဆက်အားပေးသွားတာကတော့ ကိုသင်္ကာပါ..

    ခင်မင်လေးစားတဲ့..

  4. ဆရာမယောက်ျားနဲ့ ရန်ဖြစ်တဲ့နေ့မှပဲ ပန်းချီလက်စွမ်းက ပြရတယ်လို့နော်
    ဟိ

  5. ပထမဆုံးဆိုတာ သိပ်မှတ်မိလွယ်တဲ့အရာမဟုတ်ဘူး ကျနော့်အတွက်တော့…း) ဒီလောက်မှတ်မိပြီးရေးနိုင်တာကို ချီးကျူးတယ်..။ အနော့်ကိုလာမေးကြည့်ပါလား…။ ပထမဆုံးမေ့နေတယ်…။း)

  6. ကိုသင်ကာက တော်တော်များများ မှတ်မိတာပဲ ..
    ညီမကတော့ မှတ်မိသလောက်လေးတွေ ဖြည်းဖြည်းချင်း ပြန်ရေးနေတာ။ =)

  7. သူလည်း ပထမတွေ….ဆုံးခဲ့ဖူးတာပဲကိုး….။ 😛

  8. သားလေးမွေးရင်ကိုယ့် နာမည်မပေးလဲ ကိုသင်ကာ သမီးလေးမွေးတော့ သူ့နာမည်ပေးလိုက်ပေါ့ 😀 😛

  9. kom

    သန္တာ့ နာမည် သုံးခါ ပါတယ်။ အတော်ချစ်ခဲ.ဘူး တယ် ထင် ပါတယ်။

  10. mhudarye

    လာဖတ်ဖြစ်တယ်….။ ဆိုင်တာမဆိုင်တာတွေ မသိဘူး…သူများနောက်ကြောင်းတွေက ဖတ်လို့ ကောင်းတာချည်းပဲ….။ ^_^

  11. ကျေးဇူး ကျေးဇူး.. သန္တာလေးက ချောလားကွယ့် 😛

  12. MrDBA

    ကိုသင်ကာ … အနော် လာဖတ်သွားပါတယ်ဗျာ။

  13. ကိုသင့်..ကျိုက်ထိုမှာနေခဲ့ဖူးတာပဲ လာလည်ရင်ပြောနော့် 🙂 ပန်ချီဆွဲလည်းတော်တာပဲ ဘလော့မှာတင်လေ ကြည့်ချင်တယ်ဗျ။

  14. ပဲခူးကဖြတ်သွားတော့ ကို Thinker ကိုတောင်သတိရမိ သေးတယ်

  15. အကိုရေ
    လာဖတ်သွားတင်္ရနော်…

  16. အံ့သြစရာပဲ။ သနက (၃) ဆိုတာ အရင်က တိုးကြောင်ကလေး မို့ လားဟင်။ တို့ က အဲဒီ
    ကျောင်းမှာ ၂တန်းရယ် ၃တန်းရယ် တက်ခဲ့ဖူးတယ်။ ၁၉၈၁ လောက်ကပေါ့။ လာလည်
    သွားလို့ ကျေးဇူးနော်။

  17. အစ်ကိုရေ ပထမဆုံးရောက်ဖူးခြင်းပါ။
    ပထမဆုံးတွေကို သေချာဖတ်သွားပါတယ်။
    လေးစားလျက်…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s