ဒုက္ခသည်စခန်း ခရီးသွားမှတ်တမ်း (၂)

မယ်ဟောင်ဆောင် ခရီးသည်

ကျမ်းရေးဖို့က မြန်မာပြည်ထဲကို မရွေးချင်။ ကျနော်က စိတ်အလွန်ဆတ်သည်။ မဟုတ်တာ မမှန်တာ မျက်စိရှေ့မှာတွေ့လျှင်ပါးစပ်က ယားသည်။ ကလီကမာ ပေါက်ကရလူတွေနှင့်တွေ့ပြီး ခွင့်ပြုချက်တောင်းခံရမှာတွေ၊ သောက်ကြီးသောက်ကျယ် မေးလားမြန်းလားဆိုလျှင် ကျနော့်စိတ်နှင့် မရ။ ထို့ကြောင့် ထိုင်းဖက်ကို ရွေးခြင်းဖြစ်သည်။ ထိုင်းဖက်ရွေးပြန်တော့ ကိုယ့်ဒေသမဟုတ်သည့်အတွက် ဒေသခံ အသိအကျွမ်းမရှိ။

ကြေးကွင်းပတ်ကယန်းတွေအကြောင်း ရှာဖွေစုဆောင်းနေတုန်း သတင်းတစ်ပုဒ်ထဲမှာ ကယန်းဂျာနယ်လစ် သာဂေးချိုင်းဆိုပြီးတွေ့ရတော့ အတော်ပင်စိတ်ဝင်စားသွားသည်။ လိုက်ရှာတော့ အဆင်သင့်ပင် သူသည်လည်း ဘလော်ဂါတစ်ယောက်ဖြစ်ကြောင်း တွေ့ရသည်။ သို့နှင့် သူ့ဆီ ကော်မန့်သွားပေးရင်း မိတ်ဆက်ရသည်။ ပြတ်တောင်းပြတ်တောင်း အဆက်အသွယ်ဖြင့် ရင်းနှီးမှုရသွားကြသည်။ ကိုသာဂေးတို့၏ ကန္တာရဝတီသတင်းတွေကို လိုက်ပြီး စောင့်ဖတ်ရသည်။

တောင်ပေါ်စေတီ – ဓာတ်ပုံ-ကိုသင်ကာ

ကြေးကွင်းပတ်ကယန်းအကြောင်း အသေအချာစာနှင့်ပေနှင့် မှတ်တမ်းတင်ထားသည်မှာ ရှာဖွေရအတော်ပင်ခက်သည်။ မြန်မာ့စွယ်စုံကျမ်းတွင်လည်း သူတို့အကြောင်း အနည်းငယ်မျှသာ ပါသည်။ အင်တာနက်ပေါ်တွင် ရေးထားသည်များကလည်း ခရီးသွားများ၏ ထင်ရာမြင်ရာများသာ ဖြစ်သည်။ Academic ကျကျချဉ်းကပ်ထားတာ မရှိ။ ပထမနှစ်အတွင်း မြန်မာပြည်ပြန်စဉ် သျှင်ထွေးယဉ်၏ ‘ကယန်း (ပဒေါင်)’ ဆိုသည့် စာအုပ်လေး စာပေဗိမာန်က တွေ့လို့ ဝယ်ခဲ့သည်။

ဒေတာကောက်ဖို့ မယ်ဟောင်ဆောင်ကို လာသည်ဟု အတိုချုပ်ဆိုကြပါစို့။ အရင်တည်းဖူးသည့် တည်းခိုခန်းက စင်ကာပူက ကျောင်းသားများလာမည်ဖြစ်၍ Booking လုပ်ထားသဖြင့် လူပြည့်နေပါပြီတဲ့။ တစ်ညပဲ ရမည်တဲ့။ ကျောပိုးအိတ်ကြီးနဲ့ တလည်လည်ဖြစ်နေတုန်း ကိုတာဂေးကို သတိရပြီး ဖုန်းခေါ်ကာ အကြံဥာဏ်တောင်းရသည်။ သူက သူ့အစ်ကိုတစ်ယောက် တည်းခိုခန်းမှာ လုပ်တာ ရှိကြောင်းပြောပြီး ဖုန်းနံပတ်ပေးသည်။ ဖုန်းဆက်တော့ ကိုကေးရယ်နှင့် ချိတ်မိပြီး မကြာခင် သူလာတွေ့မည်ပြောသည်။ ဘာဖြစ်ဖြစ် တစ်ညပဲရမည့် တည်းခိုခန်းမှာ ယာယီတည်းလိုက်သည်။ တည်းခိုခန်းခက ဘတ် ၃၅၀။ ဒါဈေးအချိုဆုံးဖြစ်သည်။ အားလုံးနီးပါးက တစ်ည ဘတ် ၅၀၀။

တောင်ပေါ်စေတီ လှေကားနံရံမှ ရှမ်းကိန္ဒရီကိန္ဒရာ အကပုံ ကျောက်ထွင်းပန်းချီ – ဓာတ်ပုံ-ကိုသင်ကာ

မယ်ဟောင်ဆောင်သည် တောင်ပတ်လည်ကြားမှ မြို့ငယ်လေးဖြစ်သည်။ တောင်ပေါ်စေတီ (Doi Kong Mu) မှ ကြည့်လျှင် မြို့မြင်ကွင်းကို အကုန်မြင်နိုင်သည်။ လေယာဉ်ကွင်းက မြို့ထဲမှာပင်ရှိသည်။ သို့သော် လေယာဉ်ငယ်များ တစ်နေ့မှ တစ်ကြိမ်၊ နှစ်ကြိမ်သာ ဆင်း တက်၍ အနီးနေသူတွေ အဖို့ ပြသနာမရှိလှပါ။ မနက်စောစောဆိုလျှင်လည်း လမ်းပေါ်မှာ လူတွေ ရှင်းနေသည်။ ဘန်ကောက်လို မိုးလင်းသည်နှင့် ရှုပ်ယှက်ခတ်မနေ။ ချင်းမိုင်လိုလည်း ကားတဝီဝီဖြစ်မနေ။ ညဖက်ဆိုလျှင် ကိုးနာရီလောက်ဆို တံခါးတွေပိတ် အိပ်ကြပြီ။ မြို့လည် လမ်းဆုံမှာ Country စတိုင်လ် Cross Road ဆိုတဲ့ ဘားတစ်ခုရှိသည်။ ညဘက်ဆို အဲဒီဘား၊ ဆဲဗန်း အလဲဗန်းစတိုးဆိုင်နှင့် ညဥ့်နက်အထိဖွင့်သည့် စားသောက်ဆိုင် နှစ်ခု သုံးခုသာ အသက်ဝင်နေတတ်သည်။

အရုပ်ဆိုးသည့် ခြင်္သေ့။ တော်ပေါ်စေတီရှိ ခြင်္သေ့၊ နဂါးရုပ်တို့မှာ အလွန်ပုံပျက်ပန်းပျက်များဖြစ်သည်။ ဓာတ်ပုံ-ကိုသင်ကာ

မယ်ဟောင်ဆောင်တွင် မြန်မာပြည် အငွေ့အသက်တွေ အများကြီးတွေ့ရသည်။ လေဆိပ်အနီးက ဈေးရုံကြီးထဲသွားလျှင်လည်း မြန်မာလို မတောက်တခေါက်ပြောတတ်သည့် ရှမ်းတွေ၊ ကယားတွေ၊ ကယန်းတွေတွေ့နိုင်သည်။ ကျနော်သဘောအကျဆုံးက ဈေးရုံထဲက ကုန်စုံဆိုင်နှင့် စာအုပ်ဆိုင်ဖြစ်သည်။ ကုန်စုံဆိုင်တွင် မြန်မာပြည်က ပရုတ်ဆီ၊ လိမ်းဆေး၊ ဆေးပေါ့လိပ်၊ သနပ်ခါး၊ လက်ဖက်ခြောက် စတာတွေ ရသည်။ စာအုပ်ဆိုင်မှာ အင်္ဂဝိဇ္ဇာကျမ်းတို့၊ ပယောဂကုထုံးကျမ်းတို့၊ ဘုရားစာအုပ်တို့ရသည်။ ပြက္ခဒိန်နှင့် ပိုစတာလည်း ရှိသည်။ ရှမ်းဘာသာဖြင့် ရေးထားသော စာအုပ်တွေလည်း အများအပြားရှိသည်။ ပန်းဆိုးတန်း လမ်းသုံးဆယ်ကလို လမ်းဘေးမှာ ခုံကြပ်ကြပ်နှင့် သောက်ရသော လက်ဖက်ရည်ဆိုင်လည်း ရှိသည်။

မယ်ဟောင်ဆောင်တမ်းချင်းဆိုပြီး ကျနော် ကဗျာရေးဖူးပါသည်။

အငြိမ်းစားတစ်ယောက်နဲ့ တူတဲ့မြို့ဆိုရင်

အဲဒါ မယ်ဟောင်ဆောင်ဖြစ်မယ်

သူ့တစ်ကိုယ်တော် ငြိမ်ချမ်းမှုနဲ့ တိတ်ဆိတ်လို့။

စကတ်ဝတ် ထိုင်းယဉ်ကျေးမှုတွေနဲ့

ဝေးဝေးနေနေသေးတဲ့ မြို့

သနပ်ခါးလား၊ မျက်နှာချေလား

တစ်ကွက်တစ်ကွက်ကြားတော့ တွေ့သေးတယ်။

ဆေးပေါ့လိပ်၊ ဦးစိုင်းလိမ်းဆေးနဲ့

ကွမ်းယာငုံနေသေးတဲ့ မြို့။

ကယားငွေတောင်ပြည်နဲ့ ကျောချင်းကပ်

တောင်ကြောတွေကြားမှာ မတ်တပ်ရပ်နေတဲ့မြို့

ရန်ကုန်စတိုင်လ်ကော်ဖီတစ်ခွက်မှာလို့ရတဲ့မြို့

ဌာနေတိုင်းရင်းသားတွေ မြေငှားဖြစ်ရတဲ့မြို့

သစ်သီးဝလံတွေ တပုံတခေါင်း

အိတ်ဖောင်းနေတဲ့ တိုင်းရင်းသားတချို့

ထိုင်းနိုင်ငံရဲ့ အဆင်းရဲဆုံးမြို့တဲ့

ပိန်လိန်ကြုံလှီနေတဲ့သူ မရှိဘူး

မျှစ်ခူးဖို့ ခြံစပ်မှာရှိတယ်။

လည်ပင်းရှည်ကယန်းတွေနဲ့ တံဆိပ်ကပ်ထားတဲ့ မြို့

တစ်ယောက်မျက်နှာ တစ်ယောက်သိနေတဲ့မြို့

မြန်မာပြည်ကို လွမ်းဖို့

ပြဿဒ်ကနုတ်တွေနဲ့ ဘုန်းကြီးကျောင်း

ကြိုကြားကြိုကြား မြန်မာ စာအံသံနဲ့

ရန်ကုန်ကို လူနာမေးတဲ့ သူတွေရှိတဲ့ မြို့။

တိမ်ဖုံး၊ မိုးရွာ၊ နေသာ လေပြည်တိုး

အိပ်ရေးနိုးဖို့ခက်တဲ့

ငြိမ်သက်ခြင်းရဲ့ ထောင့်တစ်ထောင့်မှာ

ဇာတ်ကြောင်းပြန်စရာတွေရှိတဲ့ မြို့ဟာ

ဒါ မယ်ဟောင်ဆောင်။

ကေအမ်ကေဇက်

၃၀၊ ၆၊ ၂၀၀၈

မယ်ဟောင်ဆောင်မြို့၊ ထိုင်းနိုင်ငံမြောက်ဖျား။

(ဖွဲ့တည်ရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ တွင် ဖော်ပြပြီး။)

သင်ကာ

(ဆက်လက်ဖော်ပြပါမည်)

(တောင်းပန်ခြင်း – ဤပို့စ်တွင် XTML ကုဒ်တချို့မှားယွင်းနေသဖြင့် Read More ရော ကော်မန့်ပါ မရပါ။ ထို့ကြောင့် Read More မထားဘဲ ဖြည်ချထားပါသည်။ ကော်မန့်ကို သင့်တော်ရာတွင် ထားခဲ့နိုင်ပါသည်။)

Advertisements

Leave a comment

Filed under Article, Experience

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s