Self-Censor

ပြည်တွင်းတွင် မီဒီယာများက လူထုထံ မတင်ပြမီ ဆင်ဆာဘုတ်ကို အရင်တင်ပြရသည်။ ဆင်ဆာအဖွဲ့က ဖြတ်တောက်ဖြုတ်ထုတ်ပြီးမှ ကျန်သမျှကို ပုံနှိပ်ထုတ်ဝေရသည်။ ဤနေရာတွင် ကျနော် ပြောချင်သည်မှာ ရာဇမာန်ရှမည်စိုး၍ ကိုယ့်ဖာသာ ဆင်ဆာလုပ်နေရသည့် ဘဝအကြောင်းဖြစ်သည်။ Self-Censor ဟု ကျနော်က အမည်ပေးချင်သည်။

Self-Censor (1) (သို့မဟုတ်) အထဲက ကိုယ်တိုင်ဖြတ် ဆင်ဆာ

ပြည်တွင်းခေါ် အထဲတွင် ဂျာနယ်လစ်များအပါအဝင် စာရေးခြင်းဖြင့် အသက်မွေးကြသူများသည် ကာလရှည်ကြာ အရိပ်မိုးနေသော ဆင်ဆာဖြတ်တောက်မှုကို အထာနပ်လာကြသည်။ များစွာသော စာနယ်ဇင်းသမားတို့သည် အကြမ်းဖျင်းအားဖြင့် ရလာသော သတင်းတစ်ခုသည် ဆင်ဆာလွတ်နိုင် မလွတ်နိုင်ကိုလည်းကောင်း၊ ဘယ်လို ပုံစံမျိုးဖြင့် ပြန်လည် တင်ပြလျှင် ဆင်ဆာလွတ်နိုင်မည်ကိုလည်းကောင်း လုပ်သက်နှင့် အတွေ့အကြုံအရ သိကြသည်။ ကျနော့်အတွေ့အကြုံအရ မည်သည့်ဂျာနယ်လစ်မျှ အချိန်ကုန် လူပန်း ဆင်ဆာထိမည့် စာမျိုး တကူးတက မရေးကြ။ (ပုံနှိပ်ထုတ်ဝေရန် မရေးခြင်းကို ဆိုလိုသည်။ အာသာပြေရေးပြီး အချင်းချင်းဖတ်တာ၊ သိမ်းထားတာမျိုးတော့ ရှိပါသည်။) ဆင်ဆာအလွတ်သေချာအောင် အချက်အလက်တွေ အကုန်ချန်တာမျိုးလည်း မလုပ်ကြပါ။ လွတ်လောက်မည့် အတိုင်းအတာကို မှန်းပြီးရေးပါသည်။

စာသိပ်ပြင်းနေလျှင် အယ်ဒီတာများက Rewrite ပြန်လုပ်ကြပါသည်။ စာအများစုကို အယ်ဒီတာကိုယ်နှိုက်က မလွတ်လောက်လျှင် ပယ်ထားလိုက်စမြဲဖြစ်သည်။ သို့မဟုတ် ပြန်ရေးစေသည်။ အဲဒါကို Tone လျှော့သည်ဟု ခေါ်သည်။ စာနယ်ဇင်းသမားတွေက အရှိကို အရှိအတိုင်းရေးနေကြပြီး ဆင်ဆာအဖွဲ့ကဖြတ်တောက်သည်ဟု မထင်ကြပါနှင့်။ လွတ်လောက်သည့် အနေအထားလောက်ရေးထားသည်ကို ဖြတ်တောက်ခံနေရခြင်းမျိုး ဖြစ်ပါသည်။ ကိုယ်မှန်းထားသည့် စာတစ်ပုဒ် ပြုတ်ပြီဆိုလျှင် လက်ထဲရောက်ပြီးသည့် ငါးကြီး ပြန်လွတ်သလို ခံစားရပါသည်။ ထို့ကြောင့် ဆင်ဆာဘုတ်မတင်မီ စာနယ်ဇင်းသမားတို့သည် ကိုယ့်ဘာသာ စိစစ်ဖြတ်တောက်ခြင်း (Self-Censor) လုပ်နေရပါသည်။

ထိုသို့ ကိုယ့်ဘာသာ ထိန်းပြီး စိစစ်ရေးသားမှု ကာလကြာမြင့်သောအခါ ကလောင်သည် တုံးသလိုလို ဖြစ်သွားတတ်ကြောင်း သတိပြုမိပါသည်။ “ကဲ ဆင်ဆာ မရှိဘူးသဘောထားပြီး ရေးစမ်း”ဟု ပြောသော အခါ “လက်ကြောင်”နေတတ်ကြောင်း အပေါင်းအသင်းများနှင့် ဆွေးနွေးဖူးပါသည်။ အတော်မကောင်းသော ဆိုးကျိုးဖြစ်ပါသည်။

Self-Censor (2) (သို့မဟုတ်) အပြင်က ကိုယ်တိုင်ဖြတ် ဆင်ဆာ

ကျနော် ယခု ပစ်မှတ်ထားပြောမည့် ဆင်ဆာမှာ ဘလော်ဂါများ ဖြစ်ပါသည်။ ဘလော်ဂါဆိုရာတွင်လည်း လူသိရှင်ကြား ဘလော့ဂ်ရေးကြသူများ၊ အထူးသဖြင့် အချိန်တန်လျှင် မြန်မာပြည် ပြန်ရမည့် ကျောင်းသား၊ အလုပ်လုပ်သူများကို ဆိုလိုပါသည်။ (အမည်မခံဘဲ ကိုယ်ပျောက်ရေးသူများကို မဆိုလို။) ကျနော် လေ့လာ ဖတ်ရှုသလောက် အားလုံးသည် ကိုယ့်ဘာသာ ဆင်ဆာ ဖြတ်တောက်ရေးမူဖြင့် ထိမ်းထိမ်းသိမ်းသိမ်းရေးနေကြသည်ကို တွေ့ရသည်။ ဘလော့ဂ်လောက စကားဖြင့်ပြောရလျှင် “နိုင်ငံရေး မပါဘူး”ဆိုတာမျိုးဖြစ်သည်။

ဒါကို ကြောက်တတ်ရန်ကောဟု အပြစ်တင်စောရန် မလိုပါ။ အထဲကလူတွေရဲ့ ဒုက္ခကို အပြင်မှာ ကာလတာရှည်နေသူတွေ မသိပါ။ စာနာပါသည်ဟု ပြောကြသော်လည်း တကယ်သိတာတော့ မဟုတ်ပါ။ ညဘက် ဘွတ်ဖိနပ်သံ တဂွပ်ဂွပ်ကြားတာကိုပင် ကြောက်နေရသည့်ဘဝ။ “လေဆိပ်မှာများ…”ဆိုသည့်အတွေးကို ခေါင်းထဲထည့်နေရသည့် ပြည်ပသို့ ယာယီရောက် မြန်မာပြည်သားတို့ ဘဝမှာ စိတ်နာဖို့တော့ ကောင်းပါသည်။

မနေနိုင်လို့ အွန်လိုင်းနိုင်ငံရေးလုပ်တယ် ဆိုတာတောင် ကိုယ်ပျောက်အဖြစ် လုပ်ကြရပါသည်။ ဒါတောင် စိတ်မလုံခြုံကြပါ။ ပြောရလျှင် ဓားသည် နီးနေမှ ကြောက်ရသည် မဟုတ်သေး၊ ဝေးနေသော်လည်း ပတ်သက်နေသမျှတော့ ကြောက်နေရတာမျိုးဖြစ်ပါသည်။ ထို့ကြောင့် အပြင်ရောက်နေသော်လည်း ပြည်တော်ပြန်ရမည့် ဘလော်ဂါများသည်လည်း အလကားရသည့် ဘလော့ဂ်တွင် စစ်ဖိနပ်သံ မကြားရဘဲ ရေးနေကြသော်လည်း၊ ဖြတ်တောက်စိစစ်မည့် ဆင်ဆာအဖွဲ့မရှိသော်လည်း ကိုယ့်ဖာသာ ဆင်ဆာဖြတ်နေရတာကို ကြုံရခြင်းဖြစ်သည်။ မယုံလျှင် ကျနော် ပြောတာဟုတ်မဟုတ် ဘလော်ဂါတွေ ပြန်ဆန်းစစ်နိုင်ပါသည်။ ဘယ်သူမဆို ကိုယ့်အမိမြေတော့ ကိုယ်ပြန်ခြေချချင်ကြတာချည်းပဲ ဖြစ်သည်။ ဒါကို ကြောက်တတ်ရန်ကောဟု ပြောလျှင် ထိုပြောသူသည် ဘာမှ မသိသည့်ကောင်ဟုသာ နဖူးတွင် စာထိုးပေးရန်ရှိပေတော့သည်။

Advertisements

Leave a comment

Filed under Article, Journalism

0 responses to “Self-Censor

  1. ကောင်းကင်ကို

    ကိုယ်တိုင်ဖြတ် ဆင်ဆာ တွေ အကြောင်း မီးမောင်းထိုးပြထားတာလေး ကောင်းတယ်ဗျာ။ အဲဒါတွေ လောက်တော့ မပြင်းထန်တဲ့ နောက်ထပ် အပြင်က ကိုယ်တိုင်ဖြတ် ဆင်ဆာ တစ်မျိုးလည်း ရှိသေးတယ်ဗျ။ ရေစီးကြောင်းကနေ ခွဲထွက်တဲ့ အတွေးမျိုး၊ အနုပညာမျိုးဆိုရင်လည်း တစ်ခါတစ်ခါ ကိုယ့်ဘာသာကိုယ် ဆင်ဆာလုပ်ပစ်ရသေးတယ်။ အပြင်က မီဒီယာတို့ ဂျာနယ်တို့ က မသုံးပဲ ပယ်မှာကြောက်လို့ ဖြစ်ဖြစ်၊ ပွဲဆူသွားမှာ ဝိုင်းအတွယ် ခံရမှာ ကြောက်လို့ ဖြစ်ဖြစ် ၊ ဘေးရောက်သွားမှာ ကြောက်လို့ ဖြစ်ဖြစ်၊ အခင်အမင်ပျက်သွားမှာ ကြောက်လို့ ဖြစ်ဖြစ်။ လွတ်လွတ်လပ်လပ် တွေးချင် ရေးချင် တဲ့သူဆို အဲဒါမျိုးလည်း ခဏခဏ ကြုံရနိုင်တယ်ဗျာ။ ဟိုနှစ်မျိုးလောက်တော့ ဂရုစိုက်စရာ မလိုဘူးပေါ့။

  2. ကောင်းကင်ကို

    တစ်ချို့ သူငယ်ချင်းတွေ ရေဒီယိုတွေ ဘာတွေမှာ အင်တာဗျူးပါဖူးတယ်ဗျ။ အပြင်မှာပြောတဲ့ သူတို့ စကားနဲ့ ရေဒီယို ထဲက စကားက မတူဘူးဗျ။ သူတို့ လည်း ဓားမဟုတ်ပေမယ့် ဓားလိုပဲ ထက်တဲ့ ကလောင်သွားဆိုတဲ့ ဓားကို ကြောက်ပုံရတယ်ဗျ။

  3. အေးဗျာ ကိုသင်ကာရေးတာ ဖတ်ရတော့ ကျနော်တို့တိုင်းပြည်က အနုပညာရှင်တွေ စာပေသမားတွေ ဘ၀ကို ကမ္ဘာက သိစေချင်ပါတယ်။ ကျနော် (The Lives of Others) ဆိုတဲ့ ဂျာမန်ရုပ်ရှင်တကား ကြည့်ဖူးတယ်။ ၂၀၀၇ မှာ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင် အော်စကာရတဲ့ ကားပေါ့။ အဲလိုမျိုး ဘ၀တွေက တူနေတယ်။ ကိုသင်ကာ ပြောတာကို သဘောတူပါတယ်။ အဲလိုမျိုး ကြုံနေရတဲ့ ဘလော်ဂါတွေကိုလည်း စာနာနားလည်ပါတယ်ဗျာ။

  4. ကိုသင်ကာ
    ထောက်ပြတာ—-ကျေးဇူးတင်ပါတယ်ရှင်—ပြင်လိုက်ပါပြီ—-
    ပြည်ပ ဘလော့ဂ်ဂါ ကလောင်တွေ
    ကိုယ့်ဖါသာကိုယ်ဆင်ဆာဖြတ်ရတယ်ဆိုတာကို သဘောကျမိလို့ပါ—
    ကိုယ်ယုံကြည်ရာကို ကလောင်အမျိုးမျိုးနဲ့ နှစ်များစွာ ရေးလာခဲ့ပြီးမှ—
    နာကျဉ် ကြေကွဲစွာ ပုံနှိပ်စာလုံး လေးတွေနဲ့ စာအုပ်လေးကိုစွန့်လွှတ်ပြီး
    ဆင်ဆာဖြတ်ဘလောဂ့်ရေးရတဲ့ ကျမဘဝကို တွေးမိလိုက်လို့ပါ—
    တခါတရံ ဟားတိုက်ရယ်မော ပစ်လိုက်တယ်—နောက်ကျောကိုဓါးထိုးခံရလေခြင်းလို့—-
    အပြစ်မရှိသူတွေအတွက်—
    ကုလားမနိုင် ရခိုင်မဲ ခံရတယ်ဆိုတာ—-
    ခင်မင်လျက်
    မသက်ဇင်

  5. ကောင်းကင်ကြီးရေ…
    ခင်ဗျားထောက်ပြတဲ့ အချက်ဟာ အတော်ထိတယ်။
    ခင်ဗျားပြောတဲ့ အချက်ကို ကျုပ်က တမင် ချန်ခဲ့တာဗျ။ ရှင်းရှင်းပြောရရင် “အဆော်ခံရမှာစိုးလို့ လူလိမ္မာလုပ်ပြီး ရေးကြတာ၊ ပြောကြတာကိုရေးရင်“ ကျနော်ကို “ဝိုင်းဆော်“လာမှာ မြင်နေလို့ပါဗျာ။

    🙂

    ဘယ်လို representation လုပ်ရမလဲ စဉ်းစားတုန်း။

    အခု ပို့စ်မှာတော့ စစ်အစိုးရရဲ့ ဓားကို ကြောက်ရတဲ့ ကိစ္စပဲ ဦးတည်ပြောသွားတာ။

    အချင်းချင်းရဲ့ ဓားကိုလည်း ကြောက်ရတာ ရှိသေးတယ်ကိုးဗျ။ ဒါလည်း နီးရာဓားတစ်မျိုးပဲဗျ။

    ခင်ဗျားမှန်ပါ့။

    🙂

  6. သဘောတူတယ် ကိုသင်ကာ။

  7. ဟုတ်တယ်ဗျား။ ဂျာနယ်လစ်တွေသာမက ဘလော့ဂါတွေပါ ထင်ဟပ်တဲ့ ပို့စ်လေးပါပဲဗျာ။

  8. ရေးသင့်ရေးထိုက်တဲ့ ပို့စ်ပါပဲ သင့်ကာရေ။ လူတိုင်းမှာ အခြေအနေမတူသလို အကြောင်းကြောင်းတွေ ရှိကြစမြဲ။ မတူတဲ့ ကဏ္ဍတွေက လှုပ်ရှားနေကြတာမျိုးလည်းရှိမယ်။
    ဓားနှစ်ဘက်လုံးကို ကြောက်နေရသလို ဖြစ်နေတဲ့ ဆူးကြားက မြန်မာဘလော့ဂါများ ဘ၀ကို တကယ်ကို နားလည်ဖို့ အရေးကြီးပါတယ်။ ဖိအားတွေများလာရင်လည်း လုံးဝမရေးဖို့ပဲ ရှိပါတော့တယ်။

  9. ကိုသင်ကာရေ..။ အဲဒီအကြောင်းကို ဘလော့မှာတင်မယ် တင်မယ်နဲ့ မတင်ဖြစ်တာခင်ဗျ။ ရေးတောင် မရေးရသေးဘူး။ self censor လုပ်ထားတာလေ။ အနီးအဝေး ဓါးမျိုးစုံကို ကြောက်လို့။ 🙂

    ဒါပေမယ့် ဂျာနယ်တစ်ခုနဲ့ အင်တာဗျူးလေးတစ်ခုမှာ ပြောဖြစ်တယ်။ ဒါပေမယ့် ဆင်ဆာ မကျဘူးခင်ဗျ။ 😀

  10. ဒါပေါ့ ကိုသင်ကာကြီးရေ … သွန်းတို့ ဘလော့ဂ်လုပ်ပြီး သိပ်မကြာဘူး။ နိုင်ငံရေးသမားတစ်ယောက်က တော်တော်ဆိုးတယ် .. ဇွတ်ကိုလာဆွဲတာ စကားနည်းနည်းရ နည်းနည်းယူတယ်။ ကြာတော့ အဲလူကို Block ပစ်လိုက်ရတယ်ရှင်။ ဒီလိုပြောလို့ သွန်းသွန်းတစ်ယောက် နိုင်ငံချစ်စိတ်မရှိဘူး ထင်မလား မသိဘူး။ အမှန်တော့ နိုင်ငံရေးထက် နိုင်ငံ့အရေးကို ပိုစိတ်ဝင်စားပါတယ် လို့ပဲ ပြောရမယ်။ လောလောဆယ်တော့ လေဆိပ်ဆိုတဲ့အတွေးကို ခဏထား ၊ သက်တမ်းတိုးမယ်ဆိုရင်တောင် နိုင်ငံရေးလုပ်သူတွေကို စင်္ကာပူအစိုးရက သေချာကြပ်မတ်နေတယ်လို့ တလောကကြားမိသေးတယ်။ စီးပွားရေးဗျူဟာတွေကြောင့် ပြောတာပဲ။ တစ်ကယ်ပဲ stay တိုးမပေးဘူးလား ၊ တိုးပေးသလား ဆိုတာကတော့ ကိုယ်ကိုယ်တိုင်လည်း မကြုံဘူးလို့ မသိ။

  11. ရေးတဲ့သူတွေက `ဆင်ဆာဘောပင်´ နဲ့ရေး။ ဖတ်တဲ့သူတွေက `ဆင်ဆာမျက်မှန်´ တပ်ပြီးဖတ်။ ဒီလိုနဲ့ `ဆင်ဆာ အနုပညာ´ တစ်ရပ်ဖြစ်တည်လာရော။ တချို့က အဲဒီလို ဘောင်တွေ၊ ကန့်သတ်မှုတွေထဲကနေ ရအောင်ရေးနေရတာကိုပဲ `မလွတ်လပ်ခြင်းများကြားက လွတ်လပ်စွာဖော်ကျူးနေသော အနုပညာ´ လို့ ပြောကြတယ်။

    ဘာပဲဖြစ်ဖြစ်လေ… ကိုယ်ကျေနပ်လို့ ဖန်တီးတဲ့အနုပညာ ပဲမဟုတ်လား။ ကျုပ်တို့တွေကိုယ်နှိုက်ကိုယ်က ရှည်ပြီး ဒီအနုပညာမျိုးနဲ့ သွားပတ်သက်တာကိုး။ ဒီတော့ `ဆင်ဆာဆာ မဆာဆာ၊ ဒါငါတို့ချပြတဲ့ အနုပညာပဲ။ ဒါငါတို့ တတ်နိုင်တဲ့ အနုပညာပဲ´ လို့ မကျေနပ်ဘဲနဲ့ ကျေနပ်လိုက်ရတော့တယ်။

  12. ကိုသင့်ကာ အလည်ရောက်တယ်။ ဒီလင့်ဂ် ကို ပြန်တင်ထားတယ် ကျနော့်ဆီမှာ။ အိုကေနော် နည်းနည်းမောလို့။ နောက်တစ်ခါကျမှ ကော်မန့် ရှည်ရှည်ရေးတော့မယ်။

  13. ကိုသင်ကာရေ ကျွန်တော့်မှာတော့ ပြောချင်တာတွေ အများကြီးရှိနေပါလျက်နဲ့ အငိုလွယ်သည်။ အရှိုက်ခက်၏ ပေါ့ခင်ဗျာ။ အပြုသဘောဆောင်တဲ့ ရလာဒ်တစ်ခု အတွက် ချဉ်းကပ်ရတာ အင်မတန် ခက်ခဲပင်ပန်းကြောင်း ကိုယ်တွေ့ပါပဲဗျာ။ ဒါပေမယ့် စိတ်ထားသန့်သန့်နဲ့ ဆက်လုပ်နေဦးမယ်ဗျာ။ ခုတော့ အချိန်ဆိုတဲ့ အတားအဆီးက ကျွန်တော့် ကို ခြိမ်းခြောက်နေလေရဲ့ လေ။

  14. ဟုတ်ပါ့ဗျား အစ်ကိုသင်ကာရေ အမှန်တရားတွေချည်းပဲဗျို့

  15. ttt

    ဟုတ်လိုက်လေဟာ

  16. သရုပ်မှန်ဆောင်းပါတစ်ပုဒ်။

  17. ဝစ္စပေါက် ဆင်ဆာပြုတ်သွားတယ်။ ဆောရီးဗျ။

  18. ဟုတ်တယ်ကိုယ်.ဆရာရေ။ဒါတောင်တစ်ခါတစ်ခါရွာပြန်ရမှာ
    မေ.ပြီးစိတ်လွတ်ကိုယ်လွတ်ရေးမိတယ်။ဒါပေမယ်.လည်း
    ကိုယ်.ထက်အဆပေါင်းများစွာအနစ်နာခံပြီးလုပ်နေတဲ.
    သူတွေနဲ.စာရင်တော.ကိုယ်ကဘာဟုတ်သေးလို.တုံး။

  19. ကိုသင်ကာရေ…
    ခင်ဗျားဆီကို အခုမှရောက်ဖူးသဗျာ။
    အသိအတွေ့နောက်ကျတယ်ပေါ့ဗျာ။
    စာရေးတာကို အရှုးအမှုးဖြစ်ပေမယ့် ဘလော့ဂ်တွေကို မရောက်ဖြစ်တာ 07 စက်တင်ဘာနောက်ပိုင်းကတည်းကဆိုပါတော့။ ဟိုကျော်ဒီခွအလုပ်တွေနဲ့ အချိန်မပေးနိုင်တာရယ် အိုင်တီနဲ့လည်း အလှမ်းဝေးနေတာရယ်ကြောင့်ပါ။ လိုရင်းပြန်ကောက်ရင် ခင်ဗျားရေးထားတာကို (လိုအပ်ချက်တွေရှိနေတဲ့စာနယ်ဇင်းလောကနဲ့ ဆက်နွယ်နေမှုမှန်သမျှ)လွန်စွာနှစ်ခြိုက်မိပါကြောင်း။ ဟန်သစ်ငြိမ်ဆိုထားသလို ဒါဟာ ကျွန်တော်တို့ရဲ့အနုပညာသစ် ဖြစ်မှန်းမသိဖြစ်နေရတာ ကြာပြီကော။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s