ဒီးကူပွဲတော်ရောက် ဧည့်သည်တစ်ယောက်

(ဒါက Kantarawaddi Times မှာ ဖော်ပြလိုက်တဲ့ ဆောင်းပါးပါ။ အသေးစိတ် ခရီးသွားဝတ္တုပုံစံအနေနဲ့ ရေးစရာတွေ ဆက်ရေးပေးပါဦးမယ်။ သင်ကာ)

ကရင်နီရိုးရာ ဒီးကူပွဲသို့ ရောက်ဖြစ်လိမ့်မည်ဟု ကျနော် ထင်မထားခဲ့။ သွားတော့ သွားချင်နေမိခဲ့သည်။ တိုင်းရင်းသား ရိုးရာပွဲတော်များကို စိတ်ဝင်စားလာသည်မှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က တိုင်းရင်းသား လူမျိုးစုများ၏ ဒေသန္တတရ အသိပညာရေးရာ (Local Knowledge) ကို လေ့လာမိကတည်းက ဖြစ်ပါသည်။ ယခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့သည်။ အစဉ်အလာမပျက် ကျင်းပကြမည့် နေရာမှာလည်း မြန်မာပြည်မှ စစ်ကြောင့် ပြေးလာရပြီး ဒုက္ခသည်အဖြစ် ရောက်ရှိနေရသည့် သူတစ်ပါးမြေပေါ်မှာဖြစ်၍ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေသည်။

ကရင်နီ လူမျိုးစုများသည်လည်း ရှေးအဆက်ဆက် ယုံကြည်မှတ်သားခဲ့ကြသည့် သမိုင်းအတိုင်း ပွဲတော်များရှိကြသည်။ ယင်းတို့အနက် အဲဒူ (ခေါ်) ပေါ်မီ (ခေါ်) ဒီးကူပွဲတော်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ဒီးကူပွဲတော် ကျင်းပရခြင်း နောက်ခံသမိုင်းအကျဉ်း

ယခုအခါ ငွေတောင်ပြည်ဟုလည်း တင်စားခေါ်ဝေါ်ကြသော ကရင်နီပြည် (ကယားပြည်) ကို ရှေးစဉ်ကာလတွင် ယွန်းလူမျိုးများက ကရင်နီသူရဲကောင်း သျှားတူးဖဲကို နည်းအမျိုးမျိုးဖြင့် လုပ်ကြံပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ကြဖူး၏။ ကရင်နီတို့က ပြန်လည်တော်လှန်ရာတွင် စစ်ညောင်းပြီး မအောင်မြင်ဖြစ်နေရ၏။ အကြောင်းရင်းမှာ ရိက္ခာဖြစ်သည်။ ယွန်းတို့က ကောက်ညှင်းကို ခေါပုပ်သဖွယ်ပြု၍ ခမောက်အောက်တွင် ဆောင်းထားကြရာ ရိက္ခာပြဿနာ မပေါ်ပေ။ ထိုအချက်ကိုယူ၍ ကရင်နီတို့လည်း ဒီးကူခေါ် ကိုင်းပင်တစ်မျိုးဖြင့် ကောက်ညှင်းဆန်ကို ထုပ်၍ ဒီးကူကောက်ညှင်းထုပ်ပြုလုပ်ခဲ့ကြရာ ခုနှစ်ရက်အထိ အထားခံပေသည်။ ဒီးကူသည် မြန်မာပြည်တွင် ကောက်ညှင်းထုပ်နှင့် ဆင်တူသည်။ ကောက်ညှင်း ခပ်သွယ်သွယ်သုံးခုကို တစ်စုချည်၍ ပြုလုပ်သည်။ ကရင်နီအနွယ်ဝင် လူမျိုးစုများ ပေါင်းစည်းခြင်းကို ဖော်ညွှန်းသည်။ ကောက်ညှင်းဆန်ကို ရေမစိမ်ဘဲ အစိမ်းထည့်ပြီး ပေါင်းခံခြင်းဖြစ်သည်။ ကောက်ညှင်းဆန်စိမ်းနှင့် သေသပ်အောင် ထုပ်ရသည်ဖြစ်ရာ ပညာသားပါ၏။ ယွန်းလူမျိုးတို့ ဆုတ်ခွာပြီးနောက် ကရင်နီလူမျိုးတို့သည် ရွာတိုင်းတွင် ဒီးကူပွဲကို ကျင်းပကြသည်။

Photo – Ko Thinker

သဘာဝတောမြို့၊ ခေါင်ရည်၊ ဖားစည်သံနှင့် ရိုးရာအက

ဒီးကူပွဲတော်ကို ဒီးကူရွက်ခူးခြင်း၊ လိပ်ပြာခေါ်ခြင်း၊ နတ်ဆိုးများ မောင်းထုတ်ခြင်း၊ နတ်မေးရန် ဖိုးဒီးကရီရုပ်ပြုလုပ်ခြင်း၊ ပွဲရက်ကြား၊ ပွဲတော်အပြီး နတ်ပို့ခြင်းစသည်ဖြင့် ရက်သတ္တတစ်ပတ်ကြာ ကျင်းပသည်။ တစ်ခါမှ မသွားဖူးသော တောလမ်းကို ဆိုင်ကယ်နှင့် ကျွမ်းကျင်စွာ ဖြတ်မောင်းကြသောအခါ တီဗီထဲမှာလာတဲ့ ဆိုင်ကယ်ခရီးကြမ်းပြိုင်ပွဲဟာ ဘာဟုတ်သေးလဲဟု တွေးမိသေး၏။ နောက်မှ စီးရသည့် ကျနော်မှာ အသက်ရှုဖို့ပင်မှား၏။

ဒုက္ခသည်စခန်း (သို့မဟုတ်) ထိုင်းတို့အလိုအားဖြင့် Temporary Shelter Area မှာ လူဦးရေ တစ်သောင်းခွဲကျော်ရှိရာ ရွာကြီးဟု ပြောရန်ပင်ခက်သည်။ အင်ဖက်နှင့် သက်ကယ်မိုး၊ ဝါးထရံနှင့် ဝါးခင်း၊ တောင်အကြောကြောမှာ သစ်ကြီး ဝါးကြီးရိပ်အောက်၊ စမ်းချောင်းကလေးများ ကြိုကြားနှင့် အစီလိုက် အတန်းလိုက်ရှိနေသော အိမ်များကိုကြည့်ကာ သဘာဝအတိုင်းနေသော မြို့ကလေးဟု ကျနော်ကတော့ သတ်မှတ်ထားလိုက်၏။

ရောက်ရောက်ချင်း မကြာမီ သောက်ရသော ပူနွေးနွေး ခေါင်ရည်မှာ မမေ့နိုင်သည့် အရသာ ဖြစ်ပါသည်။ (ကရင်နီတို့က ခေါင်ဟု တိုတိုပဲ ခေါ်သည်။) ဆန်ဖြင့်လုပ်သည့်ခေါင်မှာ ပူနွေးနွေးကလေး သောက်ရရာ မြို့ပြမှာ ရေခဲဖြင့်မျှောရသော ဝီစကီကိုပင် မေ့ချင်ချင်ဖြစ်သည်။ ရပ်ကွက်တစ်ခု ရောက်ပြီဆို သစ်ခက်စိမ်းကလေးများ မြင်သာအောင် ထိုးထားသော အိမ်များ၊ တကူးတက ဖိတ်သော အိမ်များကို တစ်အိမ်တက် တစ်အိမ်ဆင်း ရွာခံများနှင့် လျှောက်၍ လည်သည်။ (သစ်ခက်စိမ်းထိုးထားလျှင် ဧည့်လက်ခံရန် အသင့်အိမ်ဟု သဘောရကြောင်း မှတ်သားရ၏။) အိမ်တိုင်းအိမ်တိုင်းက သူတို့အိမ်တွင်းဖြစ် ခေါင်ဖြင့် ဧည့်ခံသည်။ ဝက်သား၊ ကြက်၊ အာလူး စသည်တို့ပါဝင်သော စားစရာများဖြင့်လည်း ဧည့်ခံသည်။ အတူလိုက်ပို့သော ရွာခံတို့က ခေါင်အရသာကို ဆန်းစစ်ပြသည်။ တစ်အိမ်တက်တစ်အိမ်ဆင်း လေးငါးရက် လည်လိုက် သောက်လိုက်ရာ ခေါင်အရသာကိုပင် ခွဲခြားတတ်လာပြီဟု ကိုယ့်ကိုယ်ကို အောက်မေ့မိသည်။ ခေါင်ဖောက်အကောင်းဆုံးဆိုသော ရပ်ကွက်သို့ ရောက်သေးရာ ပြောစမှတ်တွင်အောင်ပင် ချိုပြင်းရှမွှေးဟု စာဖွဲ့ရမည် ထင်သည်။

Photo-Ko Thinker

ခေါင်ကလေးထွေထွေနှင့် ရိုးရာ အက အတီး အဆိုကို ခံစားရသည်။ ရိုးရာအတိုင်းလည်း ကကြသလို ရိုးရာ အတီးမှာ အပြောင်အပျက်ကလေးများဖြင့် နယားလိုလိုအက၊ ရုပ်ပြောင်အကများဖြင့်လည်း ကကြ၏။ ယောက်ျားလေး၊ မိန်းးကလေး အဖွဲ့လိုက် ရိုးရာအတိုင်းလည်း အိမ်များရှေ့ လိုက်၍ ကကြသည်။ အိပ်ခါနီးလည်း ဖားစည်သံတဒူဒူကြားရ၊ မနက်တွင်လည်း ဖားစည်သံတဒူဒူနှင့် နိုးရ၏။ မျက်နှာသစ်ပြီး ခေါင်ကလေး မြကြ၏။ လေး၊ ငါးရက်ပင်။

ခေတ်သစ်ယဉ်ကျေးမှု၊ တတိယနိုင်ငံနှင့် ဘာသာရေး

ကရင်နီတိုင်းရင်းသားတို့ကြုံရသော စစ်ဘေးစစ်ဒဏ်၊ ရေခြားမြေခြားတွင် ထိန်းချုပ်ခံနေရသောဘဝတွင် ယဉ်ကျေးမှုသည်လည်း ရွေ့လျားလာနေကြောင်း သတိပြုမိသည်။ အထူးသဖြင့် လူငယ်ယောက်ျားလေးများကြားတွင် ယဉ်ကျေးမှုသည် ပို၍ ပြောင်းလဲလာနေသည်။ မိန်းကလေးများအဖို့မှာ ရှေးဓလေ့ဝတ်စားဆင်ယင်မှုကို မလိုက်နာသည့်တိုင် ခေတ်သစ်ယဉ်ကျေးမှု အလွန်အမင်း စိမ့်ဝင်ခြင်းကား မရှိသေး။

ဆယ်စုနှစ် နှစ်ခုစွန်းစွန်းမျှ ဤနေရာမှ အပြင်ထွက်ခွင့်မရဘဲ နေရသူများ၊ ကလေးများအတွက် အနာဂတ်ပညာရေး မဲ့မူများ၊ လက်ရှိမြန်မာနိုင်ငံရေး မတည်ငြိမ်မှုများ၊ ထိုင်းအစိုးရ၏ မပြတ်မသား ပေါ်လစီတို့သည် ကရင်နီတိုင်းရင်းသားတို့အား တတိယနိုင်ငံ ရွှေ့ပြောင်းရေးအတွက် တွန်းပို့နေသည်ကိုလည်း သတိပြုမိသည်။

နောက်တစ်ခု မြင်မိသည်မှာ ဓလေ့ရိုးရာ ယုံကြည်မှုများအကြား ဘာသာရေး ဆိုင်ရာ အပြောင်းအလဲဖြစ်သည်။ အချို့လူမျိုးစုများတွင် ဘာသာရေးသွန်သင်မှုသည် ဓလေ့ရိုးရာမှ အနေဝေးသွားစေသလိုရှိသည်ဟု ခံစားမိသည်။

ပျော်အောင်နေ

ထိုင်းမြေပေါ်တွင် ဤသို့ ဆယ်စုနှစ်နှင့် ချီ၍ အထိန်းချုပ်ခံနေရသည့်ဘဝ၊ ကိုယ့်ပြည်လည်း ကိုယ်ပြန်ဖို့ အခြေအနေ မပေးသည့်ကာလတွင် ကိုယ့်အစဉ်အလာ၊ ဓလေ့ရိုးရာကို ဆက်လက်ထိမ်းသိမ်းရသည်မှာ အမြဲတစေ လွယ်ကူသည်ကား မဟုတ်ပေ။ တောလိုက်ခြင်း၊ သစ်ပင်ဝါးပင်တို့နှင့် ပွန်းတီးနေသော ဓလေ့များရှိသည့် တိုင်းရင်းသားတို့ အဖို့ ပို၍ ခက်ခဲသည်များရှိသည်။ သို့သော် ကာလံ ဒေသံအရ လိုက်လျောညီထွေရှိအောင် ပြောင်းလဲ၍ ရသည်များကို ပြုပြင်ပေးရသည်လည်း ရှိသည်။

ကရင်နီလူမျိုးစုတို့သည် ရိုးသားသည်၊ စကားကို နည်းနည်းနှင့် အဓိပ္ပာယ်ရှိအောင် ပြောသည်။ အများစုမှာ တည်ငြိမ်အေးဆေးသော စရိုက်ရှိသည်။ ကျနော်အကြိုက်ဆုံးမှာ သူတို့၏ ပွင့်လင်းမှုနှင့် ဟာသဥာဏ်ရှိမှု ဖြစ်ပါသည်။ သူတို့၏ ဘာသာစကားကို မက်မက်မောမော ပြောကြသည်။ ပြီးလျှင် ကျနော့်ကို မြန်မာလို ဘာသာပြန်ပေးသည်။ မှတ်သားစရာတွေ၊ ရယ်မောစရာတွေ၊ သင်ယူစရာတွေ အပြည့်ပင်။

ဒီလိုပဲ ပျော်အောင် နေကြတာပေါ့ဟူသော Post-Ten (ဆယ်တန်းလွန်ပညာရေး) ကျောင်းမှ ဆရာရစ်ချတ်၏စကားကို ပြန်ကြားယောင်ရင်း ဒါသည်ပဲ လူသားပီသော ရှင်သန်ရုန်းကန်မှု၊ အဓိပ္ပာယ်ရှိဆဲ တိုက်ပွဲဟု ကောက်ချက်ချမိပါသည်။ ကျနော့်အဖို့ မမျှော်လင့်ဘဲ ဝင်ရောက် နွှဲခဲ့ရသည့် ဒီးကူပွဲကိုတော့ဖြင့် ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပါ။

Advertisements

Leave a comment

Filed under Article, Experience, Karenni, Kayan

0 responses to “ဒီးကူပွဲတော်ရောက် ဧည့်သည်တစ်ယောက်

  1. နောက်တခါ သွားရင် ကျနော်လဲလိုက်မယ်

  2. အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်.. ဒီးကူပွဲတော် သမိုင်းလေးကိုလည်း လေ့လာမှတ်သားသွားပါတယ်.. ရောက်ဖူးချင်တယ်.. “ခေါင်” လည်း တစ်ခွက်တစ်ဖလားလောက် သောက်လိုက်ချင်တယ်ပေါ့ဗျာ.. 😛

  3. ပျော်ဖို့လည်းကောင်း ဗဟုသုတလည်းရစေမဲ့ ခရီးမျိုးပဲ။

  4. ကိုသင်ကာ
    ပျောက်နေပါတယ်အောင်းမေ့တာ ခရီးသွားနေတာကိုး—-
    ကောင်းတဲ့ခရီးပါပဲရှင်—- ဗဟုသုတတွေ သယ်ဆောင်ခဲ့တယ်နော်–
    ဖြန့်ဝေပေးတာကျေးဇူးပါရှင်။
    ခင်မင်လျက်
    မသက်ဇင်

  5. ကောင်းကင်ကို

    မှတ်သားသွားတယ်ဗျို့ ။

  6. စိတ်ဝင်စားစရာ ကောင်းတယ်ဗျို့။ ခေါင်ရည်ကိုတော့ ကိုသင်ကာ စိတ်အဝင်စားဆုံး ထင်ပ။ 🙂

  7. နောက်တစ်ခါသွားရင် “ချိုပြင်းရှမွှေး” ဆိုတာကြီး ပါအောင် ယူလာနော်.. သောက်ကြည့်ချင်လို့ ဟဟ

  8. ဒီကူးပွဲတော်ကို ကြားဖူးနေတာကြာပြီ။ ဗဟုသုတ အနေနဲ့ ရောက်ဖူးချင် ပါဝင်ဆင်နွဲ ဖူးချင်တယ်ဗျာ။

  9. ကိုသင့်..မိုက်တယ်ဗျ။ ခရီးသွား ဆောင်းပါး ပုံစံလေး။ ပုံတွေကလဲ အားပြုနေသေးတော့ ဖတ်ရတာ ခင်ဗျားနဲ့ အတူတူ အဲဒီကို လိုက်သွားရသလိုပဲ။

  10. ကိုယ့်တိုင်း၊ ကိုယ့်ပြည်နဲ့ အဝေးရောက်နေကြတဲ့ ကရင်နီလူမျိုးတွေ ဒီလို ဒီးကူပွဲတော်ကို လွမ်းတမ်းတကြမှာပါ။ ခေါင် ဆိုတဲ့ အရသာလေးကို သတိယဆုံးပါဘဲ

  11. ဦးသင့်ကာ ခရီးသွားနေသည်။ ပြန်လာပြီး ခေါင်ရေသောက်ရကြောင်းကြွားသွားသည်
    မန္တလေးလာရင်တော့ လိပ်စာပေးထားမယ်လမ်းကြုံရင်ေ၇ှာင်သွားနော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s