MOE (WikiMyanmar) ရေးသားခြင်းဆိုင်ရာ ဆွေးနွေးချက်များ (အပိုင်း – ၁)

Mmthinker ဘလော့ဂ် တစ်နှစ်ပြည့် အထူးပို့စ်

(အောက်ပါအကြောင်းအရာများသည် သိပြီးသူအဖို့ အလွန်လွယ်ပါမည်။ သို့သော် အစိမ်းသက်သက်ဖြစ်နေသူများနှင့် စွယ်စုံကျမ်းဆိုသည်နှင့် လန့်ပြီး ကိုယ်နှင့် မဆိုင်ဟု ထင်နေသူများအတွက်မှု ပေါင်းကူးတစ်ခုဖြစ်စေရန် ရည်ရွယ်ပါသည်။ နည်းပညာပိုင်း အသေးစိတ်ကို Myanmar Online Encyclopedia – MOE မှ နည်းပညာကျွမ်းကျင်သူများက ရေးသားထားပြီး၊ ဖြည့်စွက်ရေးသားဆဲ ဖြစ်ပါသည်။ ကျနော်က ဤနေရာတွင် ဖြစ်တတ်သော အထစ်အငေါ့ကလေးများကို ဆွေးနွေးဖြေရှင်းလိုခြင်းဖြစ်ပါသည်။ မြန်မာများအတွက် ရှိသင့်သော ဝီကီပီဒီးယားသဖွယ် စွယ်စုံကျမ်းကို လူငယ်များက ကြိုးပမ်းနေပါသည်။ အထောက်အပံ့ဖြစ်စေရးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် တိုက်တွန်းအပ်ပါသည်။)

MOE ပေါ်ပေါက်လာပုံ

မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း (MOE) ဖြစ်ပေါ်တိုးတက်လာပုံကို ဤနေရာ တွင် ကြည့်ဖတ်ရှုနိုင်ပါသည်။


(၁) ရှာဖွေဖတ်ရှုခြင်းနှင့် ဖြည့်စွက်ရေးသားခြင်းဆိုင်ရာ

မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း (Myanmar Online Encyclopedia – MOE) သည် မြန်မာဘာသာနှင့် ရေးသည့် ဝီကီပီဒီယားဟု ဆိုနိုင်ပါသည်။ www.wikimyanmar.org ကို ဝင်လိုက်လျှင် ဗဟိုစာမျက်နှာ (Main Page)သို့ ရောက်ပါမည်။ ဗဟိုစာမျက်နှာတွင် လျှပ်တပြက်လိုအပ်မည့် အကြောင်းအရာများကို အလွယ်တကူတွေ့ရှိရန် Link ချိတ်၍ ညွှန်းထားပါသည်။ ဗဟိုစာမျက်နှာကို ကြည့်လျှင်ပင် လာရောက်ဖတ်ရှုသူတစ်ယောက်သည် ပရိသတ်သက်သက်မျှမဟုတ်ဘဲ၊ မိမိတတ်သိ ကျွမ်းကျင်သည်များကိုလည်း ရေးသားနိုင်ရန် လမ်းဖွင့်ပေးထားသည်ကို တွေ့ရပါမည်။ အကြောင်းအရာတစ်ခုကို “ရှာဖွေရေး”နှင့် “ဖြည့်စွက်ရေးသားရေး”သည် အညမည ဆက်စပ်နေပါသည်။

(၁.၁) ရှာဖွေခြင်း

မိမိသိလိုသောအကြောင်းအရာတစ်ခုကို သော့ချက်စကားလုံး (Key Word) ဖြင့် ညာဘက်ကော်လံတွင်ရှိသော “ရှာရန်”ဆိုသည့် နေရာတွင် ရိုက်၍ ရှာကြည့်ပါ။ မြန်မာစကာလုံးဖြင့် ရှာဖွေရေးတွင် သတိပြုရမည့် အချက်တချို့ကို ပြောလိုပါသည်။ မြန်မာစကားလုံးသည် အပင့်၊ အရစ်၊ အသတ်၊ အရေအတွက်တွင်လည်း ဂဏန်းဖြင့်၊ စာဖြင့်၊ စကားလုံး ပွခြင်း၊ ကျစ်ခြင်းများရှိပါသည်။ ထို့ကြောင့် သော့ချက်စကားလုံးကို စဉ်းစားရာတွင် အမျိုးမျိုးရှိနိုင်သည်။

(၁.၂) သွယ်ဝိုက်ရောက်ရှိရေး (Redirect)

“အဒမ်စမစ်”အကြောင်း MOE တွင် ရှာမည်ဆိုပါစို့။ မြန်မာကျောင်းသုံးစာအုပ်က “အဒမ်စမစ်”ဟု ပေါင်းသည်။ ဦးကြည်မြင့်၏ “စီးပွားရေးပညာကျော်များ”စာအုပ်တွင် “အာဒမ်စမစ်”ဟု ရေးပြန်သည်။ အချို့ကလည်း “Adam Smith”ဟု အင်္ဂလိပ်လိုပဲ ရေးသည်။ ထို့ကြောင့် မြန်မာတစ်ယောက်အနေဖြင့် ဤအကြောင်းအရာအတွက် မြန်မာ့အွန်လိုင်းစွယ်စုံကျမ်းတွင် သော့ချက်စကားလုံး သုံးမျိုးဖြင့် ရှာရန် တာဝန်ရှိနေလေသည်။ MOE တွင် အဒမ်စမစ်အကြောင်း အဦးအစရေးသူကဖြစ်စေ၊ MOE အက်ဒမင်တစ်ဦးဦးကဖြစ်စေ သုံးမျိုးစလုံးအနက် မည်သည့်ဟာဖြင့် ရှာရှာ တစ်ခုတည်းသော အကြောင်းအရာသို့ ရောက်ရှိအောင် သွယ်ဝိုက်ရောက်ရှိစေခြင်း (Redirect) လုပ်ထားလျှင်မူ အဆင်ပြေစွာဖြင့် တစ်ချက်တည်း ရောက်ရှိသွားမည်ဖြစ်သည်။ (လုပ်နည်းကို ဤနေရာ တွင် ကြည့်ပါ်။) သို့သော် ဤသို့ စကားလုံးထွေပြားဖွယ်ရှိသော အကြောင်းအရာတိုင်းသည် လတ်တလော MOE အခြေအနေနှင့် မြန်မာဘာသာစကား၏ သဘာဝအရ အဆင်ပြေပြေနှင့် အကြောင်းအရာမှန်သို့ ရောက်သွားမည်ဟု အခါခပ်သိမ်း မမျှော်လင့်အပ်ပေ။

အတွေ့အကြုံတစ်ခုနှင့် ဥပမာပေးရလျှင် ကျွန်ုပ်သည် “သုတေသနသရုပ်ပြအဘိဓာန်” အကြောင်းကို MOE ၌ ရေးခဲ့သည်။ များမကြာမီ ကျမ်းညွှန်းတစ်ခု၌ ယင်းအကြောင်းအရာကို “MOE အတွင်း အချိတ်အဆက်” (Internal Link) ပြန်ပေးသောအခါ “မရှိ”ဟု ပြနေပါသည်။ ဘာမှားသနည်းဟု ဆန်းစစ်သောအခါ ကျွန်ုပ်သည် ထိုကျမ်းအကြောင်းရေးပြီး ခေါင်းစဉ်တင်သောအခါက “သုတေသနသရုပ်ပြအဘိဓာန်ကျမ်း”ဟု အဘိဓာန်နောက်၌ “ကျမ်း”တစ်လုံးအပိုထည့်ကာ တင်ခဲ့ပါသည်။ ထို့ကြောင့် ရှာမတွေ့ခြင်းဖြစ်ပါသည်။ သို့နှင့် နှစ်မျိုးလုံး ဘယ်လိုရှာရှာ ရောက်နိုင်အောင် သွယ်ဝိုက်ရောက်ရှိစေခြင်း (Redirect) လုပ်ထားလိုက်ရပါသည်။

(၁.၃) ပေါင်းစပ်ရခြင်း

အထက်တွင်ဆိုခဲ့သည့်အတိုင်း စကားလုံးအပိုအလိုကြောင့် အကြောင်းအရာ မတွေ့သည့်အတွက် တစ်စုံတစ်ယောက်က ထိုအကြောင်းအရာကို ဝင်ပြီး ထပ်ရေးလိုက်သည် ဆိုပါစို့။ ထိုအခါ အကြောင်းအရာ တစ်ခုတည်းအတွက် ခေါင်းစဉ်နှစ်မျိုးဖြင့် စွယ်စုံကျမ်းထဲတွင် နှစ်ပုဒ်ဖြစ်နေပေတော့သည်။ ထိုအခါ အက်ဒမင်က ထိုနှစ်ပုဒ်ကို ပေါင်းစပ်ပေးရန် လိုအပ်လာသည်။ ထိုသို့ လုပ်ပေးရခြင်းကို “ပေါင်းစပ်ခြင်း”ဟု ခေါ်သည်။

(၂) စတင်ရေးသားခြင်းဆိုင်ရာ

စတင်ရေးသားဖို့အတွက် ကိုယ်ရေးမယ့် အကြောင်းအရာသည် ရှိပြီးဖြစ်မဖြစ် ရှာရန်ထဲမှာ ရိုက်ရှာပြီး ကြည့်နိုင်ပါသည်။ ထိုသို့ ကြည့်ရာတွင်လည်း အထက်တွင် ဆိုခဲ့သည့်အတိုင်း ဖြစ်နိုင်ချေ သော့ချက်စကားလုံးဖြင့် စစ်ဆေးကြည့်သင့်ပါသည်။ ရေးပြီးဖြစ်လျှင်လည်း ထပ်မံဖြည့်စွက်နိုင်ပါသည်။ မရေးရသေးလျှင်လည်း စတင်ရေးသားနိုင်ပါပြီ။

(၂.၁) မှတ်ပုံတင် (Account) ပြုလုပ်ခြင်း

အမှန်တကယ်တွင် MOE ၌ မှတ်ပုံမတင်ထားသော်လည်း ဝင်ရောက် ပြင်ဆင်ရေးသားခွင့်ရှိပါသည်။ မှတ်ပုံတင်ခြင်းမှာ မခက်ခဲပါ။ အလွယ်တကူပင် ပြီးစီးနိုင်ပါသည်။ မှတ်ပုံတင်ခြင်းအားဖြင့် ရနိုင်မည့် အကျိုးကျေးဇူးကို ဤနေရာ တွင် ဖတ်နိုင်ပါသည်။

(၂.၂) ရေးသားခြင်း

မိမိရေးလိုသည့် အကြောင်းအရာ ဥပမာ “အချစ်”ဆိုပါစို့။ ရှာရန်ထဲတွင် ရိုက်ထည့်လိုက်ပါ။ (There is no page titled “အချစ်“. You can create this page.) ဟု တွေ့ရပေလိမ့်မည်။ အောက်ဖက်တွင် “ခေါင်းစဉ်ဆက်စပ်မှု” (Title Matches) နှင့် “စာသားဆက်စပ်မှု” (Text Matches) ကိုလည်း တွေ့ရပါလိမ့်မည်။ လတ်တလောရေးနေချိန်တွင် စာသားဆက်စပ်မှု၌ စာရေးဆရာများ၏ အချိတ်အဆက် (Link) ကို တွေ့နေရပါသည်။ အချစ်အကြောင်းကို စတင်ရေးသားရန်အတွက် “create this page”ဆိုသည်ကို နှိပ်လိုက်ပါ။ ရေးသားရန် စာမျက်နှာတစ်ခု ကျလာပေလိမ့်မည်။ ထိုအထဲတွင် စ၍ရေးနိုင်ပါပြီ။ ရေးသားရာတွင် အသုံးပြုရမည့် ကုဒ်များ၊ ခေါင်းစဉ်ခွဲပုံ၊ ပုံထည့်သွင်းပုံ၊ စာလုံးအမည်း၊ အစောင်းပြုလုပ်ပုံ၊ ဇယားပြုလုပ်ပုံ၊ Info Box ခေါ် နောက်ခံအချက်အလက်ဇယားထည့်သွင်းပုံတို့ကို ဤနေရာ တွင် ကြည့်ရှုလေ့လာပါ။

(၃) ရေးသားမှုစနစ်

ရေးသားမှုစနစ်အပိုင်းတွင် အပိုဒ်ခွဲခြင်း၊ သတ်ပုံသတ်ညွှန်း၊ စကားလုံးဖလှယ်ခြင်း၊ တည်းဖြတ်ခြင်း၊ ရည်ညွှန်းကိုကားချက်ထည့်ခြင်း၊ အမျိုးအစားခွဲခြင်းစသည်တို့ကို ဆွေးနွေးပါမည်။

(ဆက်လက်ရေးသားပါမည်။ ဆွေးနွေးလာမှုများအပေါ် မူတည်၍ ဆက်လက်ဖြည့်စွက်သွားပါမည်။ ပြီးလျှင် MOE သို့ လိုအပ်သလို သုံးရန် ပေးအပ်မည်ဖြစ်ပါသည်။ အမ်.အမ်.သင်ကာ)

Advertisements

Leave a comment

Filed under MOE, Wikipedia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s