ဗုဒ္ဓမြတ်စွာ (The Buddha)

Buddhism As A Religion (5)

ဤကဲ့သို့သော ဘာသာအယူဝါဒများ လွှမ်းမိုးနေသော အချိန်ကာလတွင် ဗုဒ္ဓဘုရား ပွင့်တော်မူသည်။ ကုံလုံကြွယ်ဝချမ်းသာသော စည်းစိမ်သလွန်ပေါ်၌ ခံစားနေရသော မင်းပျိုမင်းလွင်တစ်ပါးအနေဖြင့် ဗောဓိသတ္တဘုရားလောင်းသည် ကမ္ဘာလောကအတွင်းရှိ ဝေနေယျ သတ္တ၀ါအပေါင်းတို့ ရင်ဆိုင်နေကြရသော ဆင်းရဲဒုက္ခတရားအပေါ် အလွန်နက်ရှိုင်းစွာ တွေးတောဆင်ခြင်လာခဲ့သည်။ သူ၏ မေးခွန်းကား “ဤဒုက္ခတရားကို ဖြစ်စေသော အကြောင်းတရားသည် ဘာလဲ” ဟူ၍ဖြစ်၏။

ဗုဒ္ဓအလောင်းတော်သည် ငယ်စဉ်က တစ်နေ့၌ သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေစဉ် မြွေတစ်ကောင်သည် ရုတ်တရက်ပေါ်လာပြီး ဖားတစ်ကောင်ကို လိုက်လံဖမ်းယူသည်ကို မြင်ခဲ့ရသည်။ မြွေနှင့်ဖားတို့ ရုန်းရင်းဆန်ခတ် ကိုက်ခဲနေကြစဉ်ခဏမှာပင် ကောင်းကင်မှ လင်းယုန်ငှက်တစ်ကောင်သည် တစ်ရှိန်ထိုး ထိုးဆင်းလာပြီး ဖားကို မြိုထားဆဲဖြစ်သော မြွေကို သုတ်ချီယူငင်လေတော့သည်။ ထိုအဖြစ်အပျက်လေးသည်ပင် ငယ်ရွယ်သော မင်းသားအတွက် လောကီဘ၀အနှောင်အဖွဲ့ကို စွန့်ခွာသွားရန် အဓိက စေ့ဆော် ဖန်တီးပြောင်းလဲစေသော အကြောင်းအခါ (Turning Point) ဖြစ်လေသည်။ ကုန်းနေ၊ ရေနေ သတ္တ၀ါများသည် တစ်ဦးအပေါ်တစ်ဦး သားကောင်အဖြစ် လိုက်လံသတ်ဖြတ်စားသောက်ပြီး အသက်ရှင်နေကြပုံကိုလည်း မျက်ဝါးထင်ထင် သိမြင်လာခဲ့သည်။ သက်ရှိတစ်မျိုးမျိုးက လိုက်လံဖမ်းဆီးမှုပြုနေစဉ်မှာပင် အခြားသက်ရှိတစ်မျိုးက လွတ်မြောက်ချမ်းသာစေကြောင်း ရုန်းကန် ကြိုးပမ်းနေကြပေရာ မပြေငြိမ်းနိုင်သော ဤထာဝရစစ်ပွဲသည်သာလျှင် ကမ္ဘာတည်သရွေ့ ရှိနေမည်သာ ဖြစ်ပေသည်။ ဤ ဆုံးစမထင်သော ကြီးနိုင်ငယ်ညှဉ်းဖြစ်စဉ်နှင့် မိမိကိုယ်ကို ဘေးဘယမှ ကင်းရှင်းစေကြောင်း ကြိုးပမ်းရခြင်းသည် ကျွန်ုပ်တို့၏ ချမ်းသာကင်းမှု အခြေခံအကြောင်းရင်းပင် ဖြစ်၏။ ခပ်သိမ်းသော ဒုက္ခတရားတို့၏ မြစ်ဖျားခံရာပင်တည်း။ သို့နှင့် အလောင်းတော် မင်းသားသည် ဒုက္ခတရား၏ ချုပ်ငြိမ်းရာနည်းလမ်းကို ရှာဖွေ ဖော်ထုတ်ရန် သန္နှိဋ္ဌာန် ချခဲ့လေတော့သည်။

တောထွက်ခြင်း (Renunciation)

အလောင်းတော်မင်းသားသည် ထိုခေတ်အိန္ဒိယရှိ ထင်ရှားသော ဘာသာရေးခေါင်းဆောင်များထံသို့ ချဉ်းကပ်ပြီး သူတို့ သင်ပေးနိုင်သမျှ တရားဒေသနာများကို လေ့လာမှတ်သား သင်ယူခဲ့သည်။ သို့ရာတွင် သူ၏ ပဓာနမျှော်မှန်းရည်ရွယ်ချက်ဖြစ်သော ဒုက္ခတရားချုပ်ငြိမ်းရာ နည်းလမ်းကိုကား မဖော်ထုတ်နိုင်ခဲ့ပေ။ ဤဒုက္ခတရား၏ ချုပ်ငြိမ်းရာ အမေးပုစ္ဆာကို ဆင်ခြင်သုံးသပ်နေခြင်းဖြင့် နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့သည်။ နောက်ဆုံး သက် ၂၉ နှစ်အရွယ်တွင် အလောင်းတော်မင်းသားသည် အိုခြင်း၊ နာခြင်း၊ သေခြင်းတရားနှင့် စွန့်လွှတ်မှုမှတဆင့် ရရှိနိုင်မည့် လွတ်မြောက်မှုတရားအပေါ် နက်ရှိုင်းစွာတွေးခေါ်ဆင်ခြင်လာပြီး လောကီဗာဟီရကိစ္စများ တာဝန်ဝတ္တရားများနှင့် ကာမဂုဏ်စည်းစိမ်ချမ်းသာတို့ကို စွန့်လွှတ်ဖယ်ခွာမှုမပြုဘဲ ပုစ္ဆာ၏ အဖြေဖြစ်သော သစ္စာတရားကို သိမြင်ရန် ခဲယဉ်းလိမ့်မည်ဟု ဆုံးဖြတ်ခံယူခဲ့သည်။

သို့ဖြစ်သောကြောင့် “ကြီးမြတ်သော တောထွက်ခြင်း”ဟုသိကြသည့် နန်းတော်အား စွန့်ခွာမှု ပြုခဲ့လေသည်။ အလောင်းတော်သည် နာမ်တရား၏ တိုးတက
ဖွံ့ဖြိုးမှုအတွက် ရုန်းကန်ကြိုးပမ်းမှုနှင့် သံသရာစက်ဝန်းတစ်လျောက် ဖြည့်ဆည်းလာခဲ့သော ပါရမီတော်၏ အဆုံးစွန် အထွတ်အထိပ်သို့ ရောက်ရှိလာခြင်းကို ကိုယ်စားပြုသော ခြောက်နှစ်တာကာလကြာ တရားအားထုတ်ကျင့်ကြံမှု အပြီးတွင် သဗ္ဗညုတဗောဓိဉာဏ်တော်ကို ရရှိလေ၏။ ကျွန်ုပ်တို့ ခံစားနေရသော ဆင်းရဲဒုက္ခတရား၏ လျှို့ဝှက်ချက်ကို အကြွင်းမဲ့ သိမြင်ခဲ့လေပြီ။

ဤသည်ကား လောကတွင် အခြားသော “ဘာသာရေးစနစ်” တစ်ခု ပေါ်ပေါက်လာခဲ့ပုံပင်ဖြစ်သည်။ သို့ဖြစ်သော်လည်း ဤဘာသာတရားသည်ကား အရင်ကာလက သိခဲ့ကြသော မည်သည့်ဘာသာအယူဝါဒတို့နှင့်မျှ တူညီဟပ်စပ်မှု မရှိချေ။ စင်စစ် ယနေ့ခေတ်ရှိ အချို့သော လူပုဂ္ဂိုလ်တို့သည် ဗုဒ္ဓတရားဒေသနာတော်ကို “ဘာသာအယူဝါဒ” ဟုပင် ခေါ်ဝေါ်မှု မပြုလိုကြပေ။ အဘယ့်ကြောင့်ဆိုသော် “ဘာသာအယူဝါဒ”ဟူသော စကားလုံးသည် သူတို့၏ စိတ်သန္တာန်၌ မချမ်းမြေ့ဖွယ်ရာ အာရုံများကို အလွန်အမင်း ဖြစ်ပေါ်စေသောကြောင့်တည်း။

(ဆက်လက်ဖော်ပြပါမည်)

မူရင်း – Buddhism As A Religion by K Sri Dhamananda

ဘာသာပြန်သူ – အရှင်ဓမ္မသာရ

တည်းဖြတ် – အရှင်က၀ိဿရနှင့် သင်ကာ

Advertisements

Leave a comment

Filed under Philosophy, Religion

Comments are closed.