ကမ္ဘာမြေ၏ နိဂုံး (The End of the World)

(ဤဆောင်းပါးကို ၂၀၀၅ ခုနှစ် အောက်တိုတာလ ၇ ရက်ထုတ် ခေတ်မြန်မာဂျာနယ်တွင် ကျနော် ရေးခဲ့ပါသည်။ ကမ္ဘာတစ်ဝန်း သဘာဝဘေးအန္တရာယ် ကပ်ဆိုက်မှုများအပေါ် စောင့်ကြည့်လေ့လာ၍ ဆောင်းပါးရေးသားရင်း ဖြစ်ပေါ်လာသည့် အတွေးကို ချရေးခဲ့ရာ ဤဆောင်းပါးဖြစ်ပေါ်လာပါသည်။ မြန်မာပြည်အောက်ပိုင်းတွင် လူသိန်းနှင့် ချီ၍ သေကြေစေခဲ့သော နာဂစ်ဆိုင်ကလုန်းအပြီးတွင် ဤဆောင်းပါးကိုပြန်ဖတ်မိသဖြင့် ကာလံဒေသံ သင့်ပေသေးသည်ဟု သဘောရကာ ဘလော့ဂ်ပရိတ်သတ်အတွက် တင်လိုက်ပါသည်။ [သင်ကာ])

နှစ်ဆယ်ရာစုနှောင်းပိုင်းနှင့် နှစ်ဆယ့်တစ်ရာစု အစောပိုင်းတွင် ကမ္ဘာ့ ပညာရှင် အသိုင်းအ၀ိုင်း၌ အမျိုးမျိုးသော နိဋ္ဌိတံမှု၊ နိဂုံးများအကြောင်း သုံးသပ်မှုများ၊ အထွေထွေသော ခေတ်စနစ်တို့၏ အစပျိုးမှုများအကြောင်း ဟောကိန်းထုတ်ချက်များနှင့် ထိုသုံးသပ်ချက် ဟောကိန်းများအပေါ် ဝေဖန်ဆန်းစစ်မှုများ ပလူပျံခဲ့ပါသည်။

စနစ်တစ်ရပ်၊ ခေတ်တစ်ခေတ်၊ သဘောတရားရေး အယူအဆတစ်ခု ပြေးလမ်းဆုံး မဆုံး၊ နိဂုံးဆိုက်မဆိုက် ပညာရှင်တို့ ဆွေးနွေးကြခြင်းဟု ဘဘောပေါက်မိပါသည်။ “ကမ္ဘာမြေ၏ နိဂုံး”ဟူသော ကျွန်ုပ်၏ အတွေးမှာ ပညာရှင်တို့၏ စကားဝိုင်းကို ၀င်ရန် ရည်ရွယ်ခြင်း မဟုတ်ပါ။ သာမာန်လူတစ်ယောက်အနေဖြင့် တွေ့မြင်သိနေရသည့် အခြေအနေများအပေါ် တုံ့ပြန်ဖြစ်ပေါ်လာသော ခံစားမှု၊ လှုံ့ဆော်လာသော အတွေးစမျှသာ ဖြစ်ပါသည်။

ကမ္ဘာ့ ကိုးကွယ် ယုံကြည်ရာ ဘာသာတရားများ၏ ဒေသနာ၊ ကျမ်းစာ အသီးသီးတွင် ကမ္ဘာကြီး၏ နောက်ဆုံးနေ့ကို ဖော်ပြထားကြသည်။ အချိန်ကာလနှင့် ပျက်ပုံပျက်နည်းသာ ကွာခြားပြီး ပျက်စီးမည့်အကြောင်း ဟောကိန်းကမူ တူညီသည်။ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းမတူစေကာမူ ခေတ်သစ်သိပ္ပံပညာရပ်ကလည်း ကမ္ဘာကြီး၏ နောက်ဆုံးခရီးကို အမျိုးအမျိုးတွက်ချက်ထားကြပြီး ဖြစ်သည်။ ယနေ့ကမ္ဘာကြီး၏ အနေအထားကို စေ့စေ့ပေါက်ပေါက် ဆင်ခြင်လိုက်သောအခါ ကမ္ဘာမြေ၏ သက်တမ်းသည် ဒေသနာကျမ်းထွက်၊ သိပ္ပံဟောကိန်းတို့ ဆိုထားကြသလောက် ရှည်ကြာအောင် တောင့်ခံနိုင်ပါမည်လားဟု ထင်မြင်စရာရှိသည်။

ကမ္ဘာမြေသက်တမ်းစေ့မနေရအောင် နှိပ်စပ်ကလူပြုနေသော၊ အာယုကပ် စောစောပြတ်အောင် လုပ်နေသော ရောဂါများရှိနေပေသည်။ နီးစပ်ရာ ကောက်ပြောလိုက်ရလျှင် နူကလီးယားတည်းဟူသောရောဂါ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှုဟူသောရောဂါ၊ တီဘီ၊ ငှက်ဖျား၊ ဆားစ်၊ ကြက်ငှက်တုပ်ကွေး၊ AIDS တည်းဟူသော မျိုးဖြုတ်မည့်ရောဂါ၊ လက်မြှောက်အရှုံးပေးထားရသည့် မကြုံစဖူး သဘာဝဘေးဒဏ်တည်းဟူသောရောဂါ စသည်တို့ ဖြစ်ပေသည်။ ထို့ကြောင့် ရောဂါမျိုးစုံနေသော ကမ္ဘာမြေသည် သေနေ့မစေ့ခင်မှာပင် ကြားကဖောက်သော ဒုတိယရောဂါဖြင့် ဘ၀ဆုံးရမည့်ဘက်သို့ ပိုနှီးနေပေသည်။

အသိဉာဏ်တည်းဟူသော လက်နက်ဖြင့် ကိုးကွယ်ရာ ဘုရားသခင်ကိုပင် ဖန်တီးခဲ့သော လူသားတို့သည် မိမိတို့ အထွတ်တင်ခဲ့သော ပညာ၏ ခြိမ်းခြောက်စိန
ခေါ်မှုကို မယှဉ်နိုင်သော အခြေဖြစ်သည်။ လောကနိဗ္ဗာန်ကို ထူထောင်ရန်ကြံသည့် လူသားသည် လမ်းခရီး၌ မကြာခဏ ခလုတ်တိုက်ကာ မောဟိုက်လျက် ရှိပေပြီ။ စိတ်ကူးမထားသည့် ခြေထိုးခံမှုများကို ဖယ်ရှားရန် ကြိုးပမ်းရင်း လောကနိဗ္ဗာန်သည်ေ၀၀ါး၍ သွားပြီဟု ထင်မှတ်ရသည်။

မြင်းကို ချို (ဂျို) တပ်သလို မဖြစ်အောင် ကြိုးစားနေရသည့် နူကလီးယား မပြန့်ပွားရေုးုပြဿနာ၊ ဆိုင်းမဆင့် ဗုံမဆင့် ဒုက္ခပေးတတ်သော သဘာဝဘေးဒဏ်မှ ခုသာခံသာဖြစ်ရေး၊ အမြစ်ကုန်အောင် နုတ်၍မရသော အစွန်းရောက် အကြမ်းဖက်မှုကို အညွှန့် ခြွေရေး၊ ဤအရေးပေါင်းများစွာသည်ပင် ယနေ့ကမ္ဘာကြီး၏ လက်တွေ့ဘ၀ဖြစ်တော့သည်။

ယနေ့ဆိုက်နေသော အခြေအနေများကို ပြန်လည်သုံးသပ်သောအခါ လူသားတို့၏ အသိဉာဏ်ပညာ၊ တီထွင်ဖန်တီးနိုင်မှု၊ ရေရှည်ရှုမျှော်ဆင်ခြင်နိုင်မှုတို့သည် ထင်ထားသလောက်မဟုတ်ဘဲ အတိုင်းအတာတစ်ခုအတွင်း၌သာရှိကြောင်း လက်ခံရမလို ရှိသည်။ အကောင်းဆုံး ဦးနှောက်များက ထုတ်လုပ်ပေးလိုက်သော နူကလီးယားသည် ယခုအခါ အောက်ချထား၍ မရဘဲ တစ်လက်ကတစ်လက် ပြောင်းနေရသော ဗြဟ္မာကြီးဦးခေါင်း ဖြစ်နေသည်။ ပညာရှင်တို့ ခန့်မှန်းမထားမိသည့် AIDS၊ ဆားစ်၊ ငှက်တုပ်ကွေးတို့အတွက် နောက်ဆုံးပေါ် ဆေးပညာ ရှိသည့်တိုင် နိုင်နင်းမည့်ဆေးနည်းကို မတွေ့ရသေး။ ကမ္ဘာပေါ်တွင် နည်းပညာရှေ့တန်းရောက်ပြီး ကြွယ်ဝသည့် နိုင်ငံကြီးဖြစ်သော အမေရိကန်သည် ကတ်ထရီးနာဟာရီကိန်း၊ ရီတာဟာရီကိန်းတည်းဟူသော မုန်တိုင်းများ၏ နှိပ်စက်မှုကို မရှုမလှခံခဲ့ရသည်။

ကုလသမဂ္ဂ၏ နာမည်ကျော် ထောင်စုနှစ် ဖွံ့ဖြိုးရေးပန်းတိုင်များ (MDGs) သည်လည်း အရာမထင်နိုင်သေး။ နိုက်ဂျာနိုင်ငံတွင် အစာရေစာပြတ်လပ်မှုမှာ ဆိုးဝါးခဲ့ပြီး ဆူဒန်နိုင်ငံ ဒါဖော်တွင်လည်း ဥပဒေမဲ့ သတ်ဖြတ်နေကြဆဲ ဖြစ်သည်။ အီရန်နှင့် မြောက်ကိုရီးယားသည် နူကလီးယားအရေးတွင် သွေးတိုးစမ်း၍ စစ်တုရင် ကစားနေကြသေးသည်။

မကြာသေးသောနှစ်များတွင် မကြုံစဖူးရေကြီးမှု၊ အပူချိန်မြင့်တက်မှု၊ မိုးခေါင်မှု၊ မြို့ပြကြီးများတွင် လေထုညစ်ညမ်းပြီး မြူဆိုင်းမှုများ မြင့်တက်ဖြစ်ပေါ်လာခဲ့သည်။ ကြီးမားလှသော ပြည်နယ်ကြီးများကို ညက်ညက်ကြေစေသည့် မုန်တိုင်းကြီးများ ဖြစ်ပေါ်လာခြင်းသည် ကမ္ဘာကြီးပူနွေးမှုကြောင့်ဟု ပညာရှင်များက ထောက်ပြသည်။ ကားတစ်စီးက ထုတ်လွှတ်လိုက်သော မီးခိုး၊ လူတစ်ယောက်က သောက်လိုက်သော စီးကရက်အငွေ့၊ အမှုမဲ့ အမှတ်မဲ့ ခုတ်ပစ်လိုက်သော သစ်ပင်တစ်ပင် စသည်တို့သည် များပြားရှည်ကြာ စုဝေးလာသောအခါ ကမ္ဘာမြေသည် ယခု အခြေသို့ ဘူတာဆိုက်တော့သည်ဟု ပြောရပေတော့မည်။

ဆိုခဲ့ပြီးသောအချက်တို့ကို ပြန်ပြောင်းဆင်ခြင်သောအခါ အဆိုးမြင်ဝါဒ ဆန်လွန်းသည်ဟု စောဒက တက်ကောင်းတက်နိုင်ပါသည်။ သို့သော် မီဒီယာတည်းဟူသော အင်တာနက်၊ စာနယ်ဇင်း၊ ရုပ်သံဂြိုလ်တု ပြတင်းပေါက်တို့မှ ကမ္ဘာမြေကို လှမ်းမျှော်ကြည့်လိုက်သောအခါ တွေးမိသမျှ၊ ရေးမိခဲ့သမျှမှာ မလွန်တန်ရာဟု ထင်မှတ်မိပါသည်။

သင်ကာ

ပန်းချီသရုပ်ဖော် – ဖေသစ်တည်

Advertisements

Leave a comment

Filed under Article

Comments are closed.