ဘာသာတရားတို့၏ နိဒါန်းအမွန်အစ (Beginnings)

Buddhism As A Religion (3)

ကမ္ဘာပေါ်တွင် ဘာသာအယူဝါဒဟူသည် အဘယ်ကြောင့် ပေါ်ပေါက် ဖြစ်ထွန်းလာခဲ့လေသနည်း။ လူသားတို့၏ သဘာဝ ဘေးဥပဒ် အန္တရာယ်များကို ကြောက်ရွံ့မှု၊ သံသယရှိမှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသော မလုံခြုံမှုများအပေါ် ဘာသာတရားတို့၏ နိဒါန်းအစပျိုးခဲ့ကြောင်းကို ကျွန်ုပ်တို့ ကြားဖူးသိရှိပြီးဖြစ်သည်။ အကြင် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသော ဘာသာတရားများ မပေါ်ပေါက်မီ ထိုခေတ်အခါက ရှေးလူသားများကား အသိဥာဏ် အမျှော်အမြင်အားဖြင့် ခေါင်းပါးလှချေသေးသည်။ သူတို့သည် မိမိတို့ဘ၀ဖြစ်တည်မှု၏ စစ်မှန်သောသဘာဝကို နားလည်နိုင်စွမ်းမရှိဘဲ သေသည်၏ အခြားမဲ့၌ ဖြစ်ပေါ်လာမည့် အကျိုးဆက်တရားများကိုလည်း မသိမြင်နိုင်ခဲ့ကြချေ။ (မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း မြေငလျင်လှုပ်ခြင်း စသည်တို့ကဲ့သို့) သဘာဝဖြစ်စဉ်တို့ကို ဖြစ်ပေါ်စေသော အကြောင်းတရားများနှင့် သဘာဝဓမ္မ၏ နက်နဲမှုများအပေါ် နားလည်နိုင်မှု အလျဉ်းမရှိခဲ့ကြချေ။ သူတို့၏ အသိဥာဏ်နယ်ပယ် ကျဉ်းမြောင်းမှုကြောင့် သဘာဝဓမ္မ၏ ကောင်းမှု၊ ဆိုးမှု လောကဓံ တရားများကို စီစဉ်ဖန်တီးနေသော လျှို့ဝှက် ပြင်ပတန်ခိုးစွမ်းအင်များ ရှိနိုင်ကောင်း၏ဟု သံသယဖြစ်လာခဲ့ကြသည်။

နောက်ပိုင်းတွင် ပူမှု၊ အေးမှုစသော ဘဘာဝဖြစ်စဉ်များကို ဖြစ်ပေါ်စေသော စွမ်းအင်များ၏ နောက်ကွယ်တွင် သူတို့အခေါ်အားဖြင့် ဆက်တိ (Shakti) (သတ္တိ) ဟူသော တန်ခိုးစွမ်းအင်တစ်မျိုးတည်ရှိလေကြောင်း ထင်မြင်ဂရုပြုလာခဲ့ကြသည်။ သူတို့သည် အဆိုပါတန်ခိုးပါဝါများကို ဖော်ပြခြင်းငှာ မစွမ်းနိုင်လောက်အောင် ရိုသေခန့်ငြားမှုဖြစ်ပေါ်လာကြသည်။ အခြားတစ်ဖက်တွင် မိမိတို့အား တစ်နည်းနည်းဖြင့် အန္တရာယ်ပြုနိုင်၏ဟု ထင်မှတ်ယူဆပြီး အလွန်တရာ ကြောက်ရွံ့စိုးထိတ်မှုကိုလည်း ခံစားလာကြရသည်။ သို့ကြောင့်ပင်လျှင် သူတို့သည် အဆိုပါ တန်ခိုးစွမ်းအင်များ၏ အမျက်ဒေါသကို လျော့နည်းရာ လျော့နည်းကြောင်း ကြံစည်ခဲ့ကြပြီး တွန်းလှန်ခုခံခြင်း (သို့မဟုတ်) အယုတ်သဖြင့် ဖဲကြဉ်ရှောင်ရှားခြင်းများကို ပြုလုပ်ခဲ့ကြလေသည်။ တစ်ဖန် ဤကဲ့သို့ တန်ခိုးစွမ်းအင်များကို သူတို့၏ သာမန်ဘာသာစကားဖြင့် ဆက်သွယ်မှုအပေါ် ယုံကြည်မှုကင်းမဲ့လာကြပြီး သူတို့ ပြောလိုသော အခြင်းအရာများကို ကိုယ်ဟန်အမူအရာဖြင့် ဖော်ပြဆက်သွယ်ခြင်းသာလျှင် ပို၍ထိရောက်လိမ့်မည်ဟု ထင်မှတ်လာကြသည်။ နောက်ဆုံးတွင် ဤကဲ့သို့သော တန်ခိုးစွမ်းအားရှင်များ၏ မျက်နှာသာပေးရေးအတွက် လုပ်ကိုင်ဆောင်ရွက်ချက်များသည် ဓလေ့ရိုးရာ ကိုးကွယ်မှုဆိုင်ရာ ပုံစံများအဖြစ်သို့ အသွင်ပြောင်းလဲလာခဲ့တော့သည်။ အချို့သောသူများအနေဖြင့် အဆိုပါ တန်ခိုးစွမ်းအင်များနှင့် ဆက်သွယ်ခြင်းငှာ သာလွန်ထူးခြားသော ပရစွမ်းရည်များ ကိန်းအောင်းပါရှိသည်ဟု အသိအမှတ်ပြုခံရပြီး အုပ်စုခေါင်းဆောင် အာဏာရှင်များ ဖြစ်လာခဲ့ကြသည်။

ရှေးလူတို့သည် မမြင်နိုင်သော တန်ခိုးစွမ်းအင်များကို ရှိခိုးဝတ်ပြုခြင်းနှင့် ဆုတောင်းပတ္ထနာပြုခြင်းဖြင့် သူတို့မလိုလားသော သဘာဝဖြစ်စဉ်များကို ထိန်းချုပ်ရပ်စဲနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြပြီး တစ်ချိန်တည်းတွင် ဆုလာဘ်အဖြစ် သူတို့အပေါ် ကာကွယ်စောင့်ရှောက်မှုပေးလိမ့်မည်ဟု ယူဆခဲ့ကြသည်။ သူတို့ ဆက်သွယ်ရန်ကြိုးပမ်းသော တန်ခိုးစွမ်းအားရှင်များကို ပို၍ ထင်ရှားမြင်နိုင်စိမ့်သောငှာ အဆ
ုပါ စွမ်းအင်တစ်ခုစီကို အမည်နာမတစ်မျိုးနှင့် လူသားပုံသဏ္ဍန် သို့မဟုတ် လူ့သဏ္ဍန်မဟုတ်သော ထူးခြားဆန်းပြားသည့် ရုပ်ဆင်းသဏ္ဍန်တစ်မျိုးစီ သတ်မှတ်ဖန်တီးခဲ့ကြလေသည်။ သို့ရာတွင် ၄င်းတို့အား ခန့်ငြားရိုသေမှုနှင့်အတူ ထိတ်လန့်စိုးရွံ့မှုကိုလည်း ဖြစ်ပေါ်စေခဲ့ပေသည်။ အချိန်ကာလများ ကုန်လွန်ပြောင်းလဲလာသည်နှင့်အမျှ ဤစွမ်းအင် ကိုယ်စားပြု ပုံစံများ၏ အရင်းမူလ အဓိပ္ပာယ်ကို မေ့လျော့လာခဲ့ကြပြီး အမှန်စင်စစ်တည်ရှိသော သဘာဝ ပရမတ်တရားအဖြစ် ထင်မှတ်ယူဆခဲ့ကြသည်။ နောက်ဆုံးတွင် ၄င်းတို့ကို နတ်ဗြဟ္မာ တန်ခိုးရှင်များအဖြစ် ယုံကြည်လာခဲ့ကြသည်။

လူယဉ်ကျေးမှု အမျိုးမျိုးတို့သည် မိမိတို့၏ စိတ်ကူးများနှင့် ယုံကြည်မှုဝါဒများကို ရုပ်ဝတ္တုပုံစံသို့ ပြောင်းလဲခဲ့ကြသည်။ တဖန် ဤရုပ်ထုသဏ္ဍန်များကို နတ်ဘုရားများအဖြစ် ရှိခိုးဂုဏ်ပြုရန် သက်ဆိုင်သော ပူဇော်ပသမှုဆိုင်ရာ ဓလေ့ရိုးရာအခမ်းအနားများကို ဖန်တီးတိုးမြှင့်လာခဲ့သည်။ နောက်ပိုင်းတွင် ရှေးဦးမြို့ပြ အခြေချနေထိုင်မှုများ ထွန်းကားလာမှုနှင့်အတူ လူမှုရေးဆိုင်ရာ ထိန်းချုက်ကွပ်ကဲမှုများ လိုအပ်လာခဲ့သဖြင့် လူမှုအဖွဲ့အစည်း၏ ကောင်းကျိုးချမ်းသာအတွက် နိုင်ငံသူနိုင်ငံသားတို့၏ အကျင့်စာရိတ္တကို မြှင့်တင်ပေးရန်နှင့် မှန်ကန်ကောင်းမြတ်သော လမ်းစဉ်ကို ညွှန်ပြနိုင်ရန် အချို့သော ဓလေ့အမူအကျင့်များကို အခြေခံသဘောတရားများအဖြစ် အသုံးပြုမှုစတင်လာခဲ့သည်။ ဤသို့ဖြင့် လူသားဝါဒ (Humanism*)၊ လူ့တာဝန်ဝတ္တရားများနှင့် ရိုးသားဖြူစင်မှု၊ မေတ္တာဂရုဏာထားတတ်မှု၊ စိတ်ရှည်သည်းခံမှု၊ အနစ်နာခံ လိုက်လျောတတ်မှု၊ ရိုသေကြည်ညိုတတ်မှု၊ စည်းလုံးညီညွှတ်မှု၊ သဟဇာတဖြစ်အောင် ကျင့်ကြံတတ်မှုတို့ကဲ့သို့သော လူသားတန်ဖိုးများ တိုးတက်မြင့်မားလာခဲ့သည်။ ဤကဲ့သို့ လူ့တန်ဖိုး အရည်အချင်းများ၏ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမှုကို သေချာခိုင်မာစေရန် ခေါင်းဆောင်လုပ်သူတို့က ပြဌာန်းထားသော စည်းကမ်းဥပဒေများအတိုင်း ပြုမှုကျင့်ကြံခြင်း မရှိလျှင် နောင်တမလွန်တွင် နတ်ဘုရားများ၏ အပြစ်ဒဏ်ခတ်မှုကို ခံရလိမ့်မည်ဟု ယုံကြည်လိုက်နာသူတို့အား ဟောပြောခြောက်လှန့်ခြင်းအားဖြင့် ယုံကြည်သူတို့၏ စိတ်သန္တန်ဝယ် စိုးထိတ် ကြောက်ရွံ့မှုများကို ကိန်းအောင်စေခဲ့သည်။ ဘာသာတရားဟူသည် လူ့စာရိတ္တကျင့်ထုံးကျင့်စဉ်နှင့်ဆိုင်သော အမူအကျင့်များနှင့် သဘာဝလွန်တန်ခိုးရှင် နတ်ဘုရားတို့ကို ယုံကြည်အားထားမှုတို့၏ ပေါင်းစည်းမြှေးယှက်မှု ရလဒ်ပင်ဖြစ်သည်။ ကိုယ်ကျင့်တရားဆိုင်ရာနှင့်ပတ်သက်၍ နောက်ပိုင်းတွင် အကျယ်တ၀င့်ဆွေးနွေးပါမည်။

မှတ်စု

  • *Humanism = (လူသားဝါဒ) လူသား၏ စိတ်ဝင်စားမှုများ၊ လူသားတန်ဖိုးများနှင့် ဂုဏ်သိက္ခာများကို အလေးအနက်ထားသော အတွေးအခေါ်၊ အကျင့်အကြံစနစ်တစ်မျိုး (၀ါ) ဗြဟ္မစိုရ်တရားကျင့်ကြံမှု။ (ဤနေရာတွင် ၁၈ ရာစု အစပိုင်း အနောက်တိုင်းအတွေးအခေါ်လောက၌ ပေါ်ပေါက်လာသော အယူအဆတစ်မျိုးဖြစ်သည့် ထာဝရဘုရားသခင် တန်ခိုးရှင် ယုံကြည်ကိုးကွယ်မှုကို ဆန့်ကျင်ပစ်ပယ်ပြီး ကျိုးကြောင်းသင့် စဉ်းစားမှု၊ သိပ္ပံနည်းကျ စူးစမ်းလေ့လာမှု၊ သဘာဝလောကတွင် လူသား၏ ပြီးပြည့်စုံမှုကို အဓိက အရေးထား အသားပေးသော၊ လူသား၏ လိုအပ်ချက်များသာလျှင် ပဓာနဟုယူဆသော “လူသားဗဟိုပြုဝါဒ”တစ်မျိုးကို မဆိုလိုပါ။) (ဘာသာပြန်သူ)

(ဆက်လက်ဖော်ပြပါမည်)

မူရင်း – Buddhism As A Religion by K Sri Dhamananda

ဘာသာပြန်သူ – အရှင်ဓမ္မသာရ

တည်းဖြတ် – အရှင်က၀ိဿရနှင့် သင်ကာ

Advertisements

Leave a comment

Filed under Philosophy, Religion

Comments are closed.