ကွန်ပျူတာဓာတ်စာအုပ် တိုက်ပွဲတွင် ဒဏ်ရာရခြင်း

ခရီးကနေတစ်ထောက်နားနေပါတယ်။ ခရီးထွက်နေတယ် ဆိုသော်လည်း ရောက်ရာမှာ အပေါင်းအသင်းတည့်တာနဲ့ ပျော်ပွဲစားထွက်နေသလား မှတ်ရလို့ ပြောရမလိုပါပဲ။

ပြန်လာပြီး ကောင်းကောင်းနှပ်ရတယ် မရှိပါဘူး။ ဘာသာပြန်ကူပါဦး၊ ပရောဂျက်ဆွေးနွေးပါရစေဆိုတာနဲ့ ချာချာလည်နေတာပါပဲ။ ခရီးသွားနေတုန်း ပျင်းပျင်းရှိတာနဲ့ ဘော်ဘော်ဆီက ဓာတ်ရှင်ပြားတွေယူလာပြီး ကြည့်ပါတယ်။ ကွန်ပျူတာ ဘုတ်အုပ်မှာ ဓာတ်ရှင်စီဒီပြားဖွင့်တဲ့ Derive E ပျောက်သွားပါလေရော။ ကျနော် အိပ်ချင်+မူးတူးနဲ့ ပေါ်လာတဲ့ သတိပေးချက်ကို သေချာမကြည့်ဘဲ နှိပ်ထည့်လိုက်တာလည်း ပါမှာပေါ့လေ။

ဒါနဲ့ သဲကြီးဆီရောက်တော့ သဲကြီးက သူလုပ်ကြည့်မယ်ပြောတယ်။ သူကလည်း ကွန်ပျူတာဓာတ်စာအုပ် အတော်ကျွမ်းတယ်ကိုး။ အဲသဟာနဲ့ နှစ်ရက်မြောက် ကလိလိုက်တာ ၀င်းဒိုးမတက်လာတော့ဘူးဖြစ်ရော။ မောင်အန့်တို့များဆို ကွန်ပျူတာဓာတ်စာအုပ်အပြင်ဆိုင်နဲ့ဟာ ဖောက်သည်ဖြစ်လောက်အောင်ကို ကလိတာ။ ကျုပ်များတော့ ကွန်ပျူတာဓာတ်စာအုပ် ၀ယ်ကတည်းက ဒါ ပထမဆုံးပ။ ကိုဇော်တူးဆိုလည်း ဆိုင်သွားနေရတာပဲ။ ကိုင်း .. ကျုပ်အဖို့တော့ ဆိုင်ပို့မယ်ဆိုလည်း ပို့ပျော်ပြီပေါ့လေ။

ဒါနဲ့ ကွန်ပျူတာဓာတ်ဘုတ်အုပ် ဆိုင်ပို့၊ အဲဒီနားက စန်ထရယ်မှာ ဈေးမ၀ယ်သော Shopping ထွက်။ လယ်သာဘွတ်ဖိနပ်နဲ့ လယ်သာဂျက်ကင်တွေ ငေးပြီးသကာလ ၀ါးတီးဆွဲပြီး ပြန်ခဲ့ပါတယ်။ ညနေ ကွန်ပျူတာ ဓာတ်စာအုပ်သွားရွေးတော့ ဘတ် ၅၀၀ (၅၀၀ x ၃၅ ကျပ်=?) ကျသွားတယ်။

အောင်မယ် … ကျုပ်က ဆိုင်ပို့ရတာ ပျော်မိသေးတယ်။ စက်က နည်းနည်းလေးလာပြီမှတ်နေတယ်။ ဆိုင်မှာ Upgrade လုပ်ခိုင်းချင်နေတာ။ အတော်ပဲ ဖြစ်သွားတယ်။ ခုတော့ ၀င်းဒိုးဒီဇိုင်းက အမိုက်သားဗျ။ ဗစ္စတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဗစ္စတာဖန်ရှင်တွေဗျ။ ဂွတ်တယ်။

ဓာတ်ကွန်ပျူတာဆရာက ပြောလိုက်တယ်။ ထည့်ဖွင့်တဲ့ စီဒီကြောင့်တဲ့။ သြော် … အဲဒီတော့မှ သတိရတယ်။ ဖွင့်မိတဲ့ အခွေက Never Die Alone တဲ့ဗျ။ မှန်လိုက်လေ။ တစ်ယောက်ထဲ မသွားဘူး၊ ကျုပ်ကွန်ပျူတာဘုတ်အုပ်ပါ အဖော်ခေါ်သွားသကိုးဗျ။ ဒါနဲ့ တိုက်ပွဲအလီလီနွှဲလာတဲ့ ကျုပ်ရဲ့ ကွန်ပျူတာဓာတ်ဘုတ်အုပ်ဟာ တိုက်ပွဲမှာ ဒဏ်ရာရပြီးလို့ ဒီဇိုင်းအသစ်နဲ့ပေါ့။ ဇော်ဂျီဖောင့်တွေ၊ မီးလျှံမြေခွေးတွေ ဒေါင်းလုဒ်ဆွဲချနေရတာ ခုမှ ပြီးတော့တာပါပဲ။

သင်ကာ

Advertisements

Leave a comment

Filed under Experience

Comments are closed.