မိုးအုံ့တဲ့ မနက်

မိုးအုံ့တဲ့ မနက်

ထင်ထားပြီးသား စကားစတွေ

မိုးကြိုးလွှဲတွေကြားက ပစ်ကျလာ

နေသားမကျသေးတဲ့ စိတ်အနည်အနှစ်တွေနဲ့

မင်နီကြက်ခြေခတ်တွေ အပြည့်ပွင့်ခဲ့

အဲဒီနေ့ရဲ့ မနက်မှာ

ငါ့ရင်ထဲ မိုးအုံ့နေခဲ့တယ်…။

ဘုရားသခင်ရှိခဲ့ရင်

အရာရာထဲက

ကျွန်ုပ်ရဲ့ ဆန္ဒတစ်ချို့ကို

အစက ပြန်ဖန်ဆင်းပေးခဲ့ပါ…။

မလုံလောက်တဲ့ နေ့ရက်တစ်ဆုပ်စာနဲ့

ဖုတ်ပူမီးတိုက် စိုက်တဲ့သစ်ပင်

ငါ့စိတ်ကူးထဲမှာ ရှင်သန်ပါ…။

ဘယ်သူ့အတွက်မှ မဟုတ်တဲ့ ငါ့ရဲ့ကဗျာတစ်ပုဒ်

ညအမှောင်တွေ ဖုံးအုပ်တဲ့ အချိန်

တိတ်တဆိတ် နိဒါန်းဖွင့်ထားလိုက်တယ်…။

ငါလိုချင်တဲ့ အဓိပ္ပာယ်

ဘယ်အဘိဓာန်ထဲမှာ သိမ်းခေါက်ထားလဲ

ငါ့ကိုယ်ပေါ်က ဆေးမင်တွေထဲမှာ

ဝှက်ထားတဲ့ ယုံကြည်ချက်တစ်ခုရှိတယ်…။

အစကတည်းက ချွင်းချက်ထားရှိဖို့

လန့်နိုးတဲ့ မနက်မှာပဲ

ငါ့ရင်ထဲ မိုးအုံ့နေခဲ့တယ်…။

ကေအမ်ကေဇက်

(Empress မဂ္ဂဇင်း၊ ၂၀၀၄)

Advertisements

Leave a comment

Filed under Poem

Comments are closed.