အဖြစ်သနစ်

အဖြစ်သနစ်

မင်းရင်ထဲက ဘုရားသခင်

အောက်ဆီဂျင် မလုံမလောက်ဖြစ်အောင်

မိုက်မဲသူက မင်း။

လောကထဲ ခွေခေါက်ဝင်ပြီး

သေလောက်အောင် ဆန့်ထုတ်ပစ်

မချိမဆန့် အရှုံးပေးလိုက်တဲ့

နံရိုးမဲ့ မြို့တစ်ခုရဲ့ ရှိုက်သံတွေကို

အူနှိပ်ပြီး ရယ်ပါကိုယ့်လူ။

ခန္တီတရားတွေနဲ့ ကျောခင်းထားတဲ့ ကတ္တရာလမ်းတွေပေါ်မှာ

အကြေကောက်ဆံပင်တွေနဲ့ အင်ဂျင်တပ် သက်ရှိတွေ

ခပ်ဖွဖွ လျှောက်သွားကြ

လူနေမှု အသစ်တွေက

ရေသန့်ဗူးထဲ အလုအယက်ဝင်

ကာရာအိုကေနဲ့ ဖုံးဖိလိုက်တဲ့

ကြယ်ဝိညာဉ်ကြွေ ညတစ်ည။

မင်းခန္ဓာကိုယ်မှာ

အိပ်ကပ်တစ်ခုလောက်တော့ ချုပ်ပေးလိုက်ချင်တယ်။

သမားရိုးကျတေ့ဆက်တွေကို

စီမံကိန်းနဲ့ ဖောက်ပြန်ဖို့

ငါကလည်း

မိုက်မဲ ရဲရင့်တဲ့လူ။

ကေအမ်ကေဇက်

(သပြေတေးမဂ္ဂဇင်း၊ ၂၀၀၃)

Advertisements

Leave a comment

Filed under Poem

Comments are closed.