သရော်စာ Satire နဲ့ ဟာသအမည်း Black Humor

သရော်စာ Satire နဲ့ ဟာသအမည်း Black Humor

ရေးသူ – ဒေါက်တာခင်မောင်ညို

(သင်ကာ၏ မှတ်ချက်။ ။ (၁) `မြန်မာဘလော့ကာ (မူရင်းသတ်ပုံအတိုင်း) တို့၏ တစ်ထောင့်တစ်ညပုံပြင်များ´ ဆိုသည့် ဘလော့ဂ်တစ်ခုပေါ်လာခဲ့သည်။ စတင် တင်စကပင် ဖတ်လိုက်ရသည်။ နည်းနည်းလေးကြာမှ ပွထလာသည်။ သရော်စာရေးဟန်ဖြင့်သွားလိုသည်ဟု ယူဆရသော်လည်း သရော်စာအဆင့်မရောက်ဘဲ အပုပ်ချစာဖြစ်သွားရသည်ဟု မြင်မိသည်။ အကျိုးဆက်အနေဖြင့် အရေးခံရသူအဖို့ အကျိုးမများဘဲ အဆိုးဖြစ်ကာ ဘလော့ဂ်ပိတ်သွားရခြင်းပင်။ ထို့ပြင် လတ်တလောတွင် မျိုးဆက်သစ် မြန်မာဘလော်ဂါတစ်ယောက် ဆုံးရှုံးသွားပြီး နောက်တက်လာမည့် ဘလော်ဂါလေးများကို ခြေချုပ်လိုက်သလို ဖြစ်သွားခြင်းပင်။ ယင်း ၁၀၀၁ ကို တုံ့ပြန်သောအားဖြင့် `လူတတ်ကြီး 88´ဟူ၍ ဘလော့ဂ် ထပ်ထွက်ပေါ်လာပါသည်။ ယင်းဘလော့ဂ် အရေးအသားသည်လည်း သရော်စာ မမြောက်လှပါ။ ကဘောက်တိ ကဘောက်ချာ နိုင်သည်။

သရော်စာသည် အရေးခက်ပါသည်။ ကလိထိုးပြီးရယ်ရတာမျိုးလည်း မဟုတ်၊ အမှန်တရားကို ဆွဲတင်လွန်းအားကြီးသဖြင့် ခံရသူအဖို့လည်း မချိသွားဖြဲ၊ ဖတ်ရသူအဖို့လည်း ဘ၀င်ကျသည့်စာမျိုး ဖြစ်ပါသည်။ မြန်မာ ဘလော်ဂါများထဲတွင် သရော်စာ အရေးပိုင်သူ၊ ရေးတတ်သူများမှာ စိတ်ထဲပေါ်သမျှ လျှပ်တပြက် ကောက်ပြောရရင် ကလူသစ်ကိုမောင်ဒိုင်း နှင့် နောက်တက်ဘလော်ဂါထဲတွင် ကိုရင်ညိန်း တို့ဖြစ်ပါသည်။ ကြိုကြားရေးလေ့ရှိသူမှာ တာဝတိံသာတုတ်ကြီးဖြစ်ပါသည်။ ကိုလျှာရှည်နှင့် ကိုပြောင်ရှည်ကိုမူ သရော်စာဘလော်ဂါအဖြစ်သာမက၊ မြန်မာဘလော့ဂ်လောကတွင် တစ်ဦးတည်းသော ခေတ်ပြိုင်မရှိ ပြဇာတ်ဆရာဘလော်ဂါဟု ကျနော် သတ်မှတ်ပါသည်။ သရော်စာဘယ်လိုရေးသလဲဟု ဘလော့ပေါ်တွင် အလွယ်ကြည့်ချင်ပါက သူတို့ထံသွားပါဟု ညွှန်းလိုပါသည်။

(၂) သရော်စာဆိုလျှင် ဦးပုည၊ အချုပ်တန်းဆရာဖေတို့မှအစ မောင်ထင်၊ သော်တာဆွေ၊ မာဂျေ၊ ဂျက် (ကွန်းခြံကုန်း) မှအလယ် နောက်ဆုံး ဘလော်ဂါကိုရင်ညိန်းတို့အထိ အလွတ်မပေးတတ်သော ကျနော်သည် အလျဉ်းသင့်စွာပင် ရန်ကုန်ရောက်ခိုက် စာအုပ်စင် အမွှေတွင် ဒေါက်တာခင်မောင်ညို၏ သရော်စာအကြောင်း ဆောင်းပါးကိုတွေ့၍ ကူးယူလာခဲ့ပါသည်။ သရော်စာ အမျိုးအစားအချို့ကို အကျဉ်းချုပ် လေ့လာနိုင်ပါသည်။ ကျနော့်အထင်တွင် ဒေါက်တာခင်မောင်ညိုသည် ယခင် စာပေဗိမာန်ထုတ် သရော်စာ စာတမ်းများ စာအုပ်ကို ကိုးကားရေးသည်ဟု ယူဆပါသည်။ သို့သော် ဒေါက်တာခင်မောင်ညိုက အညွှန်းပေးထားသည်ကို မတွေ့ရပါ။)

တစ်ရက်မှာ လူငယ်တစ်ဦး အိမ်ကိုရောက်လာပြီး ကျွန်တော့်ကိုမေးတယ်။

`ဆရာမာဂျေရဲ့ စာက ရယ်ရတယ်။ အဲဒါ ဟာသစာပေပဲလား ဆရာ´

တကယ်တော့ ကျွန်တော်က စာပေနယ်မှာ ဆရာဇော်ဇော်အောင်တို့ တက္ကသိုလ် မင်းမော်တို့လို မကျွမ်းကျင်ပါ။ သို့သော် မိမိဖတ်ဖူးတဲ့ ဗဟုသုတထဲမှ ဆွေးနွေးမိတယ်။

`မောင်ကိုယုတို့ အရင်ခေတ်ကပေါ့လေ၊ ခုခေတ်ဆရာမာဂျေတို့ ရေးတာတွေဟာ ဟာသထက် သရော်စာပုံစံတွေဖြစ်တယ်´လို့ ပြောပြမိတယ်။

`ကျွန်တော်က သရော်စာဆိုတာ သူများကို နစ်နစ်နာနာ ရေးတဲ့စာတွေလို့ ထင်နေတာ´

`တစ်ဖက်သားကို နစ်နစ်နာနာဖြစ်အောင် ရေးတတ်တာတွေလည်း ရှိပါသေးတယ်။ ဒါကို Juvenalian (bitter) အရေးအသားလို့ခေါ်တယ်။ သူမကြိုက်တာကို ရေးတာပဲ။ ဒါက တစ်ခါတစ်ခါ တရားစွဲခံရတတ်တယ်´

`သရော်တယ်ဆိုတာ နောက်တာထက် ပိုမလားပဲ။´

နောက်တယ်ဆိုတာ ချစ်ခင်တာပါသေးတယ်။ သရော်တာကတော့ လူတွေရဲ့ အပြုအမူကို မကြိုက်လို့ သရော်တာပဲရှိတယ်။ စာရေးဆရာ အချင်းချင်းလည်း သူတို့ရေးတဲ့စာကို သရော်တာတွေရှိတယ်။

မကြိုက်တာတွေကို တိုက်ခိုက်ပြောဆိုတာပဲ၊ တိုက်ရိုက်ကြီးတော့ မဟုတ်ဘူးပေါ့။

သရော်တယ်ဆိုတဲ့ Satire မှာ စေတနာ အပြည့်အ၀ ပါတယ်လို့ဆိုတယ်။ သူက လူတွေရဲ့ မမှန်ကန်တဲ့ (ဟန်ဆောင်) အပြုအမူတွေ၊ လောဘတွေ၊ ကိုယ့်ဘက်ကိုယ်ယက်တာမျိုးတွေ ကြွားဝါတာတွေ အာဏာပြတာတွေကို နှိပ်ကွပ်ချင်တဲ့ အရေးအသားတွေ အများကြီးပါတယ်။ ယနေ့စာပေတွေမှာ ဒီလို အရေးအသားတချို့ကို တွေ့နေရသေးတယ်။

ဂန္ထ၀င်ထဲမှာလည်း တွေ့ရတယ်။ ဒါပေမဲ့ အချို့ သရော်စာတွေကျတော့ လူတွေရဲ့ ဟာသဆန်တဲ့ ဘ၀တွေကို ဖော်ကျူးတာတွေ ပါဝင်လေ့ရှိတယ်။ သရော်စာအများစုကတော့ စာပေနယ်မှာ နေရာရတယ်။ နိုင်ငံတိုင်းလိုလိုမှာ သက်ဆိုင်ရာ သရော်စာလေးတွေတော့ရှိတယ်။

လူတွေရဲ့ ကျင့်ကြံနေထိုင်မှုကို ဟာသရှုထောင့်က မြင်တာမျိုးဆိုတဲ့ သရော်စာတွေရှိသလို တကယ့်ကို ခါးသီးတဲ့ပုံစံ Bitter နဲ့ရေးတာတွေလည်း ရှိတယ်။

****

သရော်စာကို နှစ်မျိုးခွဲထားတယ်။ တစ်မျိုးက Horatian (Mild) ဖြစ်ပြီး နောက်တစ်မျိုးက Juvenalian (Bitter) နဲ့ ရေးတာမျိုးဖြစ်တယ်။ သမိုင်းကို ပြန်ကြည့်ရင် ရှေးရောမစာရေးဆရာ နှစ်ဦးဖြစ်တဲ့ Horace နဲ့ Juvenal တို့က သရော်စာတွေကို တစ်ခေတ်အနေနဲ့ ထူထောင်ခဲ့တယ်လို့ဆိုတယ်။

Horace က ညင်သာတဲ့ စာလုံးတွေနဲ့ လှောင်ပြောင်ရေးသားတယ်။ ဒါကို (Mild) လို့ဆိုတယ်။ Juvenal ကတော့ ခါးသီးနာကျည်းစွာ (Bitter) နဲ့ ရေးသားတယ်။ ဦးပုညရဲ့ `ဆံထုံးတော်ကြီး၊ တမာသီးနဲ့၊ ခါးစီးဝတ်လဲ၊ ချုပ်စပြဲကို၊ တည်းအပ်နှင့်တွယ်၊ လူမြင်သမျှ စိတ်ပျက်အောင်လှပါတဲ့ မရေသည်´ ဆိုတာမျိုးဟာ အပျော့စား သရော်စာ Horatian (Mild) ဖြစ်တယ်လို့ ယူဆနိုင်တယ်။

ဦးကြီးရဲ့ ဆယ်အိမ်မင်းစည်းစိမ်မှာ `စည်းစိမ်ကြီးပါဘိ၊ ငရုတ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထိုင်´ဆိုတာမျိုးကိုလည်း လေ့လာနိုင်ပါတယ်။ အချုပ်တန်းဆရာဖေရဲ့ `မိပစ်လို့ ဖရှောင်သွေ၊ ဂွကောင
တွေ ခွေးဖြစ်ပေါ့ဗျိုး´ဆိုတာကတော့ အပြင်းစား သရော်စာ Juvenalian (Bitter) နဲ့ ရေးတာမျိုးဖြစ်တယ်။

၄၀၀ ဘီစီလောက်က အရစ္စတိုဖိန်းက ဂရိလူမှုအသိုက်အ၀ိုင်းကို သရော်တဲ့စာထွက်တယ်။ ၁၅၀၀ ခုနှစ်များက ဖရန်းဆွာရာ ဘယ်လီယာက ပြင်သစ်နိုင်ငံရေးကို သရော်ခဲ့တယ်။ နစ်ကိုလိုင်း ဂိုဂေါကလည်း သူ့ရဲ့ ၀တ္တုနဲ့ ပြဇာတ်တွေမှာ ၁၈၀၀ ခုနှစ်များဆီက ရုရှားတွေအကြောင်းကို သရော်ထားတယ်။ သရော်စာတွေရဲ့ ခေတ်ကောင်းကတော့ ၁၆၀၀ ခုနှစ်နှောင်းပိုင်းတွေနဲ့ ၁၇၀၀ ခုနှစ်များက အင်္ဂလိပ်စာပေတွေမှာ တွေ့ရတယ်။ စာရေးဆရာတော်တော်များများရဲ့ သရော်စာတွေကို အဲဒီခေတ်မှာ တွေ့ရတယ်။ ဥပမာ အလက်ဇန်းဒါးပုပ်ရဲ့ The Dunciad ဆိုရင် ပျက်စီးနေတဲ့ ယဉ်ကျေးမှု (စာပေနဲ့ ပညာရေး) ကို အထိကထားကာ သရော်ထားတာဖြစ်တယ်။

တကယ်တော့ အကောင်းဆုံးသော သရော်စာဟာ ဂျွန်နသန်ဆွစ်ရဲ့ ဂလီဗားခရီးစဉ်သွား (Jonathan Swift’s Guliver’s Travels) ပဲ ဖြစ်တယ်။ ဒါပေမယ့် ဒါကို ကလေးစာပေအနေနဲ့ လက်ခံထားကြတာဖြစ်တယ်။ တကယ်တော့ Jonathan Swift ဟာ အင်္ဂလိပ်နိုင်ငံရေး၊ သိပ္ပံနဲ့ လူမှုရေးဆိုင်ရာအကြောင်းအရာများစွာကို သရော်ထားတာဖြစ်တယ်။

အမေရိကန်ကာတွန်းဆရာဖြစ်တဲ့ Al Capp, Jules Feiffer, Walt Kelly နဲ့ Garry Trudean တို့ဟာ သရော်စာတွေနဲ့ ထင်ရှားလာကြတာဖြစ်တယ်။ ရုပ်ရှင်နယ်တွေမှာလည်း သရောတဲ့ ရုပ်ရှင်တွေရှိတယ်။ အမေရိကန်ပြည်ထောင်စုက Preston Sturges ဆိုရင် သရော်ထားတဲ့ ရုပ်ရှင်များကို ရိုက်ကူးခဲ့သူဖြစ်တယ်။ မြန်မာရုပ်ရှင်တွေထဲမှာ သာဓုရဲ့ ဗိုလ်ကာတွန်းဟာ အင်မတန်ကြီးကြီးမားမားသရော်ထားတဲ့ ရုပ်ရှင်ဖြစ်တယ်။ `ဧည့်သည်´နဲ့ `အကြင်တို့လင်မယား´ဟာလည်း လူမှုရေး သရော်ထားတဲ့ ရုပ်ရှင်ပါပဲ။

စစ်ကြိုခေတ်က သရော်စာပီပီပြင်ပြင်ရေးတဲ့ အထဲမှာ သတိထားမိတာကတော့ ကုသပဲ ဖြစ်တယ်။ စစ်ပြီးခေတ်မှာထွက်လာတဲ့ မောင်ထင်ရဲ့ `ငဘ´ဟာ သရော်စာ စစ်စစ်ဖြစ်တယ်။ သော်တာဆွေ၊ အောင်မြင့် (တင့်တယ်) တို့ဟာလည်း သရော်စာတွေ များစွာ ရေးခဲ့ပါတယ်။ စစ်ကိုင်းဦးဘိုးသင်းရဲ့ `ဖာတစ်လုံးခေါင်းကျား´ဟာလည်း သရော်စာပါပဲ။

ဒီနေ့ရုံးအားနေတဲ့ အတွက်လည်း ကျွန်တောဟာ ဟာအုပ်တွေရှာပြီး သူ့ကို ရှင်းပြတာဖြစ်တယ်။ သူက ကဗျာတွေထဲက သရော်စာတွေကိုလည်း မေးတယ်။ စာပေဟာ တကယ်တော့ ကဗျာတွေကနေ စတာဖြစ်လို့ ကဗျာတွေထဲမှာ သရော်စာတွေ အများကြီးရှိကြောင်း ပြောပြခဲ့တယ်။ ဦးကြီးတို့ ဦးဆောင်းတို့ ဦးပုညတို့ စာတွေမှာ အများအပြားတွေ့ရပေမယ်။

သရော်စာတွေဟာ အကျိုးပြုဖို့အတွက် ရေးတာချည်းပဲလား။

ဒီအမေးဟာ အတော်ဖြေရခက်တယ်။ အနောက်တိုင်းမှာလည်း ၁၉၀၀ ခုနှစ်နောက်ပိုင်းတွေမှာ ဒီပြဿနာတွေ ရှိလာတယ်။ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲ အမြင်ကပ်လို့ မိမိကလောင်ကို အင်အားပြဖို့ရေးတဲ့ သရော်စာပုံစံတွေ အများကြီး ရှိလာတယ်။ မြန်မာဂျာနယ်ခေတ်မှာ အတော်များလာတာကို တွေ့ရတယ်။

အင်္ဂလိပ်စာပေမှာ ကြည့်ရင် In the mid- 1900’s, black humor largely replaced traditional satire. Black humor criticizes human behavior but offers no hope for reform လို့ တွေ့ရမှာပဲ။

ဒီနေရာမှာ သရော်စာဆိုတဲ့ စကားကို မသုံးတော့ဘူး။ ဟာသအမည်း (Black Humor) လို့ သုံးတယ်။ ဒီလိုစာမျိုးဟာ တစ်စုံတစ်ခုကို ကောင်းအောင်ပြုပြင်လိုတဲ့ ဆန္ဒနဲ့ ရေးတာ မဟုတ်ဘူး။ သက်သက်မဲ့ အပြစ်တင် ဝေဖန်တာမျိုးပါပဲ။ ဒါကြောင့် ဟာသအမည်းဟာ စာပေမှာ မကောင်းဆိုးဝါးလို့ ယူဆတယ်။

`ဒီလိုရေးတဲ့လူတွေ စိတ်ရောဂါနဲ့ ဆိုင်သလားဆရာ။´

`ဘုန်းကြီးကျောင်းသား ထမင်းစားပွဲ ၀င်ထိုင်သလိုပေါ့။ ၀က်သားတုံးတစ်တုံးကို ပါးစပ်မှာကိုက်တယ်။ ပန်းကန်ထဲတစ်တုံး ထည့်တယ်။ နောက် ၀က်သား ထည့်ထားတဲ့ ပန်းကန်ကို လက်နဲ့ အုပ်ထားတယ်။ နောက်တစ်ပန်းကန်ကို လက်ညှိုးထိုးပြီး အဲဒါ ငါ့ဟာလို့ ပြောတဲ့လူတွေလိုပါပဲ။ သူများတွေ စာပေနယ်မှာ ၀င်လာမှာ ကြောက်တယ်။ ရှိနေတဲ့သူတွေကိုလည်း ကော်ထုတ်ချင်သူတွေပေါ့။ အတ္တတွေပါပဲ။´

`သူတို့စာတွေဟာ သူတပါးကို စော်ကားတယ်ဆိုတာ သရော်စာ မဟုတ်ဘူးပေါ့။´

`အေးပေါ့ကွာ၊ ဒီတော့ ဟာသအမည်း (Black Humor) ဟာ ရိုးရာ သရော်စာတွေကို ဖုံးလွှမ်းသွားလေပြီပဲ၊ ၀မ်းနည်းစရာပဲ။´

Advertisements

Leave a comment

Filed under Article, Satire, Sharing

Comments are closed.