အသံများ

နာဂစ်အလွန် ခရီးသွားမှတ်တမ်း (၇)

ရွာတွေက ဆီမီး-ဒုက္ခသည်တွေ

ရွာထဲက အိမ်တွေ အမိုးလန်တာ၊ ဘေးပွင့်တာလောက်ပဲဖြစ်သည်။ နာဂစ်အပြီး နောက်ဆက်တွဲ ပြဿနာမှာ စားစရမရှိခြင်းဖြစ်သည်။ တစ်နေ့လုပ် တစ်နေ့စားတွေဆိုတော့ အလုပ်မရှိတော့ ထမင်းငတ်ကြသည်။ ချေးငှားစားဖို့လည်း ယခင်လို အိမ်နီးနားချင်းတွေက မပြေလည်။ ဒီတော့ ရွာထဲက ကန်စွန်းပင်၊ မကျီပင်၊ ခွေးတောက်ပင်တွေပါမကျန် အလုပ်ဖြစ်ကြသည်။ နာဂစ်ကြောင့် ဒုက္ခသည် လုံးလုံးဖြစ်သည်တော့ မဟုတ်။ ကုန်ဈေးနှုန်းဒဏ်ကြောင့် အိမ်မပြင်နိုင်၊ ထမင်းနပ်မမှန်နိုင် ဖြစ်ကြသူတွေမို့လို့ ကျနော်က ဆီမီး-ဒုက္ခသည်တွေဟု ခေါ်လိုက်သည်။

နောက်နေ့ လေးဒေါင့်ကန်ဘက် ရောက်သည်။ သူငယ်ချင်းအိမ်ဝင်တော့ သူမရှိ။ သူ့မိဘတွေနှင့် စကားလက်ဆုံ ပြောမကုန်။ ဦးလေးကြီးက `တို့တွေဆီ ထမင်းထုတ်၊ ဆန်ထုတ် လာဝေတယ်။ တို့တော့ ဒီလောက် ဒုက္ခမရောက်လို့ သွားမယူပါဘူး။ ဒီလိုဝေတာမှာ နှစ်ပြန်၊ သုံးပြန် တန်းစီတဲ့ လူတွေလည်း ရှိတယ်။ အမှန်က တို့တွေရဲ့ ဒုက္ခထက် ဟို ဧရာဝတီတိုင်းတို့ဘက်မှာ ပိုဆိုးတယ်။ အဲဒီဘက်မှာ သွားဝေကြစမ်းပါ´ဟုပြောသည်။ အမေရိကန် ၀င်မှာလားဟုလည်း မေးသည်။

ငယ်ငယ်ကနေခဲ့တဲ့ အလယ်တန်းကျောင်းဘက်ရောက်တော့ ကျောင်းဝမှာ ညစ်ပတ်စုတ်ပြတ် နံစော်နေသော လူကြီး၊ မိန်းမ၊ ကလေး တစ်ရာလောက် ကျောင်းပေါက်ဝမှာ ကြိတ်ကြိတ်တိုးနေတာ တွေ့ရသည်။ ဆန်နဲ့ ဆီဝေတာတဲ့။ ဒီလူတွေက ရွာဖျားမှာ တဲစုတ်ကလေးတွေနဲ့ နေကြသူတွေဖြစ်ပြီး အိမ်တွေ အကုန်ပြိုသည်။ ဖြစ်သလို နေကြရသည်။ စားစရာမရှိ။ စောင့်နေတဲ့သူက တစ်ရာ နှစ်ရာ ဆန်ဝေတာက နည်းနည်းလေးလို့ ပြောရမလို၊ စာရင်းနဲ့ တိုက်ခေါ်နေရာ မရသူတွေက များသည်။ စာရင်းဘယ်လိုလုပ်သလဲဆိုတော့ မြန်မာပြည် အခြေအနေကို သိတော်မူတဲ့ အတိုင်း သောက်မြင်ကပ်ပုဒ်မနှင့် အိမ်တစ်လုံးလုံးပြိုတာတောင် စာရင်းမတင်၊ အလွမ်းသင့်လျှင် အမိုးလန်တာလောက်လဲ စာရင်းထဲထည့်၏။ အိမ်ပြိုတာခြင်းအတူတူ ဆွေမျိုးမဲ့မို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းမှာ သွားနေတာကို ဒုက္ခသည်ဟု သတ်မှတ်သော်လည်း၊ မိဘ ဆွေမျိုး ညီအစ်ကို မောင်နှမအိမ် ခဏ သွားခိုမိတာကို ဒုက္ခသည်ဟု မသတ်မှတ်၍ ဘာမှ မရဆိုတာလည်း ရှိသည်။ ဒီကြားထဲ သန်းခေါင်စာရင်း မရှိလို့ မရတာ ဆိုတာလည်း ရှိသေးသည်။ ရလာတဲ့ ဝေစုကလည်း ဆန်နှစ်ပြည်၊ ဆီသေးသေးတစ်ထုတ်၊ မိုးကာတစ်စ။

ဒီကြားထဲ မိုးချုပ်လာတော့ သူ့အပိုင်းနဲ့သူဝေမယ်ဆိုပြီး အိတ်တွေထမ်းရွှေ့ကြပြန်တော့ လူတွေလည်း တောင်ပြေးမြောက်ပြေး။

တိတ်ဆိတ်ည၊ ပေါက်ကွဲ သံစဉ်

ညနေ စောစောကပင် လိုင်းကားတွေ အလျှိုအလျှို ပါးသွားကြသည်။ ၉ နာရီလောက်ဆိုလျှင်ပင် လူ မရှိချင်တော့။ ထိုညက သုဝဏ္ဏဘက်က ပတ်ပြီး ကားငှားသည်။ ညကိုးနာရီသာသာမှာ ကားလမ်းပေါ် ကားမတွေ့။ ဆိုင်လေးတွေလည်း မီးမှိတ်ပြီး သိမ်းကြပြီ။ ရန်ကုန်မြို့မှာ ၀ယ်လိုအား၊ သုံးလိုအား သိသိသာသာကျဆင်းကုန်တာ တွေ့ရသည်။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြားဖူးတဲ့ ဈေးနှုန်းတွေ ဟု အိမ်ရှင်မတွေ ညဉ်းတာ ခဏခဏကြားရသည်။ ဘီယာဆိုင်နဲ့ အရက်ဆိုင်တွေတော့ လူပြည့်ကြသည်။

ညဘက်မှာ ဘာလို့ ကားတွေ မရှိတော့တာလည်း အဖြေရှာတော့ စီအန်ဂျီတန်းစီနေကြလို့ပါတဲ့။ နေ့ခင်းဘက် လိုင်းကားပေါ်မှာ စပယ်ယာတစ်ယောက်ညဉ်းတာ ပြန်ကြားယောင်သည်။ `မနက် ခြောက်နာရီကနေ ညဆယ်နာရီအထိ မနာတမ်းလုပ်တာ ထမင်းဖိုးနဲ့ အရက်ဖိုး လောက်ငှရုံပဲရတယ်။ စိတ်ပျက်တယ်´တဲ့။

သင်္ကန်းကျွန်းစံပြဈေးဘက်ကို လမ်းကြားက အဖြတ် ဆွဲခြင်းတစ်လုံးနဲ့ အမေကြီးတစ်ယောက်က အော်ဟစ်ညဉ်းတွားကာ ဈေးဘက်သို့သွားနေသည်။ `ဟဲ့ အငြိမ်းစားလည်းယူခဲ့ပြီ။ ပင်စင်ကလည်း မဖြစ်စလောက်။ ဒီကြားထဲ အိမ်လေးပျက်သွားလို့ စာရင်းပေးတာ စာရင်းမပါဘူးတဲ့တော်။ သူတို့ အမျိုးတွေကျတော့ အမိုးလန်တာနဲ့တင် စာရင်းထည့်တယ်။ ရပ်ကွက်က ပြင်မပေးရင် ကျုပ်က ဘယ်လို ပြန်ပြင်နိုင်မတုန်း။´

လမ်းဘေးက ခရီးသွားတွေကို သူ့စကားပြောဖော်လို သဘောထား၍ အော်ကျယ်အော်ကျယ်ပင် ပြောသွားသည်။ မိန်းမတစ်ယောက်က ပြုံးစစနှင့် လှည့်ကြည့်သောအခါ ထို အမေကြီးက

`ဒီလို ပြောပေးမှဟဲ့။ ငြိမ်ခံနေလို့မရဘူး´ ဟု တီးတိုးပြောသောအခါ ပြုံးမိသေးသည်။

သင်ကာ

၂၀ မေ၊ ၂၀၀၈


Advertisements

Leave a comment

Filed under Experience, Nargis

Comments are closed.