ရန်ကုန်တစ်ဝိုက်ခြေဆန့်ခြင်း

ရန်ကုန်တစ်ဝိုက်ခြေဆန့်ခြင်း

နာဂစ်အလွန် ခရီးသွားမှတ်တမ်း (၆)

ရန်ကုန်ဆင်ခြေဖုံးနဲ့ မြို့ဖျား

ကျနော် ရန်ကုန်ကို ခြေချတဲ့ အချိန်ဟာ နာဂစ်ဖြစ်အပြီး သီတင်းနှစ်ပတ်ကျော်ကြာနေပြီ ဖြစ်ပါတယ် အရှေ့ဒဂုံလို့ခေါ်တဲ့ ရွာသာကြီး စီးပွားရေးတက္ကသိုလ်ရှိရာကို ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ရှိသမျှကို ပိုက်စိတ်တိုက်ကြည့်သွားပါတယ်။ သင်္ကန်းကျွန်းမှာတော့ သစ်ပင်တွေ မရှိတော့လို့ ရှင်းရှင်းကြီး ဖြစ်နေတယ်။ စံပြဈေးကြီးကတော့ အမိုးတွေ လန်လို့။ အရင် မြင်ရလေ့မရှိတဲ့ ကျိုက္ကဆံစေတီတော်ကို အဝေးကနေမြင်ရပါတယ်။ ထီးတော်ဖျားကျိုးပြီး စောင်းနေပါတယ်။

ပြည်ထောင်စု ဂုံးကျော်တံတားကို ကျော်လိုက်ပြီ ဆိုတာနဲ့ အရင်ကတည်းက အမှိုက်တွေဖို့ ကြိုးစားနေတဲ့ ချောင်းကမ်းပါးမှာ သစ်ပင်ကိုင်ဖျား၊ ကိုင်းကျိုးတွေဟာ မိုးရွာလိုက်၊ နေပူလိုက်အောက်မှာ ပုပ်ဆွေးပြီး အငွေ့ထောင်ထောင်းထနေတာတွေ့တော့ အမှိုက်ကနေ စွမ်းအင်ထုတ်တာ ဒါမျိုးနေမှာ ဟု တွေးမိပါသေးတယ်။ ဒဂုံတောင် မြောက် လမ်းဆုံ မရောက်ခင် မြောက်ဒဂုံ အခြမ်းဖက်မှာ ပင်လုံဆေးရုံကြီးကို မြင်ရတာ ဆေးရုံကြီးကိုယ်တိုင် လူနာ ဖြစ်နေသလိုပါပဲ။ တဖက်ခြမ်းက ကြီးမားလှတဲ့ အဆောင်ကြီးဆိုရင် အမိုးတွေ မရှိတော့ သလောက်ပါပဲ။ သီတင်း နှစ်ပတ်ကျော် သုံးပတ်နီးပါး ကြာမြင့်လာတာတောင် မပြင်ဆင်နိုင်သေးတဲ့ အခြေအနေပါ။ အတွင်းမှာ လူနာတွေပဲ ရှိရှိ၊ အဖိုးတန် ဆေးရုံသုံး ကိရိယာတွေပဲ ရှိရှိ ဘယလောက်ပျက်စီးမလဲ ဘေးက ကြည့်ရုံနဲ့ မှန်းလို့ရပါတယ်။

သစ်ပင်တွေ မရှိတော့တဲ့နောက်

ကြီးကြီးငယ်ငယ်သော သစ်ပင်တွေဟာ အတုန်းအရုံး။ သုံးလို့ရတဲ့ သစ်ပင်ကြီးတွေကိုတော့ ဖြတ်တောက် စိတ်ပိုင်းလျက်သား တွေ့ရပါတယ်။ ဘယ်သူတွေက ယူတယ်၊ ဘယ်လို သုံးမယ်ဆိုတာကတော့ မသိပါဘူး။ ကျနော့အလိုကို ပြောရရင် ပြန်ထောင်လို့ရတာကို ပြန်ထောင်စေချင်တယ်။ ပြန်ထောင်လို့မရတာကို သက်ဆိုင်ရာက ကြီးကြပ်ပြီး ကျောင်းသုံး၊ ရုံးသုံး၊ ဘာသာရေးသုံးဖို့ ပရိဘောဂ လုပ်ဖို့ သိမ်းထားစေချင်ပါတယ်။ ဒါပေမယ့် ပြန်ထောင်ဖို့ ကရိန်းကား စတဲ့ စက်ပစ္စည်း အင်အားမရှိ၊ အကျိုးရှိရှိသုံးဖို့လည်း ထိရောက်စွာ စီမံသူကို မတွေ့ရ။ တွေ့ရတာကတော့ ပရိဘောဂတွေ၊ သစ်သားတိုင်တွေ ကောင်းကောင်းရနိုင်တဲ့ ဒီလောက်ကြီးတဲ့ အပင်ကြီးတွေကို တစ်နိုင်နိုင်စာ အပိုင်းပိုင်းဖြတ်ထားတာပါပဲ။ ရန်ကုန်မြို့ရဲ့ အထင်ကရ သစ်ပင်ကြီးတွေ ၇၀ ရာခိုင်နှုန်း လဲပြိုခဲ့တာ ဖြစ်လို့ စဉ်းစားသာကြည့်ပါတော့။

သစ်ပင်ကြီးတွေ မရှိခြင်းတော့ခြင်းကြောင့် လေထု ပိုမို ညစ်ညမ်းတာ၊ အပူချိန် ပိုတာတွေဟာ Ecosystem ပျက်စီးမှုကြောင့် နောက်ဆက်တွဲလာပါတော့မယ်။ ကျနော်ရန်ကုန်မှာ သတိထားမိတာကတော့ မီးအုံးသလို ဖြစ်နေတတ်တဲ့ ရန်ကုန် ရာသီဥတုပါပဲ။ ကျနော်ပြောနေတာတွေက စေတနာ ပိုနေသလိုဖြစ်နေပါပြီ။ သစ်ပင်တွေကျန်းမာရေး၊ ရေရည်ကို ထားလိုက်။ နာဂစ်ဒုက္ခသည်တွေရဲ့ ပြဿနာတွေကိုတောင် မစီမံနိုင်၊ မဖြေရှင်းနိုင်တာ ရှေ့ဆက်ရေးရင် တွေ့ပါလိမ့်မယ်။

ဒုက္ခသည် စခန်းဆိုတာ

လမ်းမှာ တောက်လျှောက် အထင်ကရနေရာ၊ အဆောက်အဦတွေကို သတိထားလာခဲ့၊ တတ်နိုင်သလောက် ဓာတ်ပုံရိုက် မှတ်တမ်းတင်လာခဲ့ပါတယ်။ (မှတ်တမ်းတင်တယ်ဆိုလို့ ကားလေးမောင်းသွားပြီး လိုက်ရိုက်တယ် ထင်မနေနဲ့ဦး။ လိုင်းကားနဲ့လိုက်သွားပြီး ခက်ခက်ခဲခဲရိုက်ရတာဗျို့။) ဒဂုံလမ်းဆုံ အလွန်မှာ ဒဂုံတောင် လေဘေးဒုက္ခစခန်းဆိုပြီး တွေ့ပါတယ်။ လျှက်တပြက် ရေကြည့်တာ တဲပြာလေး အလုံး ၅၀ လောက်တော့ ရှိမယ်။ အဲဒီအလုံး ၅၀ လောက်ထဲမှာ အ၀မှ ရှိုးပြထားတဲ့ အဆင့်မြင့် ကောင်းကောင်း ပလတ်စတစ်တဲတစ်လုံး၊ ပြီးတော့ စစ်တပ်နဲ့ ရဲတဲ၊ ပြီးတော့ ကြက်ခြေနီ။ ပြီးတော့ ရုံးခန်းဆိုလား။ လူတွေဘာတွေလည်း သိပ်မတွေ့။ နံဘေးမှ ဒေသခံ အဒေါ်ကြီးက မမေးရဘဲ ပြောသည်။ `ဒါ နိုင်ငံခြားက လူတွေ လာရင် ပြဖို့လေ´တဲ့။ ဒါဆို လူကြီးဆိုသူတွေ လာစစ်တော့ရော။ မေးလျင် `အ´ ရန်ကော ဟု အပြောခံရမည်။ နံဘေးမှာ ရေကြောင်းဆက်သွယ်ရေးဝန်ထမ်းအိမ်ယာနှင့် စစ်တပ်အိမ်ယာတန်းလျားတွေ ရှိသည်။ မြန်မာပြည်က ရှိုးကေ့စ် တွေ အကြောင်းရိုးနေပြီ။ လူကြီးတွေ မလာခင်နှင့် လာပြီး နေမြင် နေ့ပျောက်တွေချည်း ဖြစ်သည်။

မြင်မိသမျှ ပညာရေး အင်ဖရာ စထရက်ချာများ

စစ်တပ်မှာ အရင်က တပ်ရင်း (၃၀၃) ဖြစ်သော်လည်း ရောက်တုန်းက နာမည်ကြည့်မည့်တော့ တပ်ရင်း ငါးရာ့ရှစ်ဆိုလား နာမည်ပြောင်းထားတာ တွေ့ရသည်။ လမ်းဘေးက စစ်တပ်ပိုင် အလယ်တန်းကျောင်းများ အမိုးတွေပြို၊ နံရံတွေပြို။ ဒီစာသင်ကျောင်းကို ကျနော် ကောင်းကောင်းသိသည်။ ငယ်ငယ်ကနေဖူးသလို၊ နောက်တော့လည်း ဖြတ်သွားဖြတ်လာ အမြဲ တွေ့နေသည်။ ထူးဆန်းသည်မှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ထဲက ရှိနေခဲ့သည့် ကျောင်းဆောင်အိုကြီးတွေ ဘာမှ သိပ်မဖြစ်။ နောက်အသစ် ထပ်ထပ်တိုးသည့် အဆောက်အအုံတွေကတော့ တော်တော်ပျက်သည်။ ဒီနေရာတင် မဟုတ်။ နေရာတိုင်း အဲသလိုပင်ဖြစ်ရာ ဘိလပ်မြေခိုး၊ ကျောက်ခိုးတွေ ခုမှ စာမေးပွဲ အစစ်ခံရတော့သည်ဟု တွေးမိသေးသည်

သူနာပြုနှင့် သွားဖွားသင်တန်းကျောင်းမှာ ချောက်ချာစရာကောင်းလောက်အောင် အရောက်အဆင်းမွဲတေနေပြီး၊ အမိုးတွေလည်း ရုပ်ပျက်လောက်အောင် ပြုတ်ထွက်ပျက်စီးနေသည်။ ကျောင်းရှေ့အုတ်တံတိုင်း ကိုးဆယ်ရာခိုင်နှုန်းလောက် ပြိုလဲကျသွားရာ သူနာပြုဆရာမလောင်းလေးတွေကြောင့် ကာလသားတွေ အာရုံကျသည့်နေရာတစ်ခုဖြစ်သော ယင်းသင်တန်းကျောင်းကြီးမှာ ပို၍ အရုပ်ဆိုးနေသည်။ ကျောင်းပိတ်ရာသီမို့လား၊ ပြောင်းထားတာလားတော့ မသိ၊ မည့်သည့် သူနာပြုလောင်းကို မှ မတွေ့ခဲ့ချေ။ ဂိတ်စောင့်လည်း မတွေ့။

လူသူမနီးမှာ အသစ်လာတည်သည့် မူလတန်းကျောင်းကလေး၏ အဆောင်သုံးခု အနက် တစ်ခုမှာ အမြင့်မှ ပစ်ချလိုက်သော ပန်းကန်တစ်ချပ်နှယ်ရှိ၏။ စာသင်ကျောင်းများ အချိန်မီဖွင့်ရမည်ဟူသော မျက်ကန်းကြေညာချက်၊ မျက်ကန်းအမိန့် ကို မအံ့သြဘဲ မနေနိုင်ပါ။ နဂိုကမှ ဆင်းရဲလှသည့်ကျောင်း၊ ကျောင်းတက်လျှင် ဖိနပ်ပင် မပါသည့် မွဲတေလှသည့် ကလေးတွေ။ ကျောင်းတွေ ဖွင့်ဟုသာပြောနေပြီး ကျောင်းပြင်ဖို့တောင် လုပ်မပေးတဲ့ အုပ်ချုပ်သူတွေ၊ ကလေးမျက်နှာမွဲလေးတွေကို လာဘ်ပေးလဘ်ယူမဲ့ စေတနာဖြင့် စာသင်ပေးနေကြသည့် ဆရာမလေးတွေ၊ ကျောင်းအပ်ဖို့တောင် အနိုင်နိုင် – ကျောင်းပြင်ဖို့ ပိုက်ဆံထပ်ကောက်လျှင် သေချာပေါက် ကျောင်းထွက်ကြရမည့် ကလေးတွေ။ ကျနော
ဆက်မတွေးချင်ပါ။ ကျနော် အမြင်ပေါ် အတွေးဆင့် ပြောနေသည် မဟုတ်ပါ။ ဒီနေရာတွေ ကျနော် ဆယ်စုနှစ် နှစ်ခုလောက် နေလာခဲ့တဲ့ နေရာ၊ တွေ့မြင်ကြားသိ ထိတွေ့ခဲ့သည့်နေရာတွေ။ ထို့ကြောင့် ကျနော် ဆက်မတွေးရဲတော့ပါ။ ကျနော် ရန်ကုန်မှာ ရှိနေစဉ်အတွင်း ၇ ခေါက်ထက်မနည်း ထိုကျောင်းလေးနားမှ ဖြတ်ခဲ့ပါသည်။ ကျောင်းအပ်လက်ခံနေပါပြီဆိုသော အချိန်အထိ ထိုကျောင်းဆောင်လေးမှာ အမှိုက်ပုံလေးလိုပဲ ရှိနေပါသေးသည်။ ကလေးဘယ်နှစ်ယောက် ကျောင်းပြန်လာနိုင်ပါ့မလဲဟုတွေးမိလျှင် ထိတ်လန့်မိသည်။ ဤနေရာလေးသည် ရန်ကုန်မြို့မှ ၁၅ မိုင်မျှသာ ဝေးသော ၀န်းကျင်၌ ရှိသောနေရာဖြစ်သည်။ မုန်တိုင်းခံနေရာတွေ၊ ဝေလံခေါင်ဖျားဒေသတွေ ဘယ့်နှယ့် ရှိမလဲ…။

စီပွားရေးတက္ကသိုလ်ကြီးကို လှမ်းမျှော်ကြည့်သောအခါ ပြတင်းမှန်တွေ ပြုတ်ထွက်နေ၍ အဝေးမှပင် ဒိုးယိုပေါက် ကျောင်းအနောက်ဖက်ကို မြင်ရသည်။ ဟိုးအနောက်ဖက်ဆောင်တွေမှာ ခေါင်မိုးတွေ ပွင့်နေသည်။ စာကြည့်တိုက်တို့ ကွန်ပျူတာခန်းတို့ ရှိရင်တော့ ကုန်ပြီဟု ခန့်မှန်းမိသည်။ ကျောင်း မုခ်ဝ အပြင်ဘက်တွင် မြောင်းကြီးပေါ်ခွ၍ စာသောက်ဆိုင် (ကန်တင်း) တွေကို ရေပေါ်စားသောက်ဆိုင်စတိုင်လ် လုပ်ထားရာ အကုန်ပြိုကျ၍ ဟာလာဟင်းလင်းဖြစ်နေသည်။ ကားပေါ်မှာ စီးပွားရေးတက္ကသိုလ် ဆရာနှင့် ဆရာမပေါက်စက ၀ိုင်းတွေ သင်ဖို့အရေး တီးတိုးနှင့် အချိတ်အဆက်လုပ်နေကြသည်။ သူတို့မျက်နှာတွေကလည်း ခပ်နွမ်းနွမ်း။

စီးပွားရေးတက္ကသိုလ် အလွန်ရှိ ဘော်ဒါဆောင်တဖြစ်လဲ ဒီဇင်ဘာဥယျာဉ်မြို့တော် တိုက်ခန်းများမှာ အမိုးတွေ လန်ထွက်နေသည်။ ကျောင်းပိတ်ရာသီ မပြန်ဖြစ်သည့် ကျောင်းသူတွေလည်း အောက်ထပ်ပြောင်းပြီး စုနေကြသည့် သဘောရှိသည်။

တခြား အထင်ကရ အဆောက်အဦ၊ လုပ်ငန်းတွေ

ရွာသာကြီးရှိ တိုင်းရင်းဆေးသုတေသနပိုင် ဆေးဥယျာဉ်ကြီးကို ဖြတ်သွားဖြတ်လာတွေ သတိပြုမိခဲကြသည်။ ရန်ကုန်-မန္တလေးလမ်းမပေါ်၊ စီးပွားရေးတက္ကသိုလ် မရောက်ခင် ဘယ်ဘက်ခြမ်းမှာရှိသည်။ ယခင်က လမ်းသစ်ပင်တွေ အုံ့ဆိုင်းပြီး တောအုပ်ကလေးတစ်ခုလို မြင်ရသည်။ အထဲကို မမြင်နိုင်လောက်အောင် သစ်ပင်တွေ သိပ်သည်းသည်။ ခုတော့ အကုန်ပြိုလဲပြီး အထဲက ၀န်ထမ်းအိမ်ကိုပင် မြင်နေရသည်။ ဆေးဝါး သစ်ပင်တော်တော်များများတော့ ကုန်လောက်ပြီ။

ကြီးမားလှသည့် ကြက်စာစက်ရုံကြီး (Feed) မှာလည်း ဂိုဒေါင်ပွင့်ထွက်နေသည်။ စက်နေရာအမိုးပွင့်၍ ပလတ်စတစ်စနှင့် အုပ်ထားသည်။ ကြက်ခြံတွေမှာလည်း နှစ်ခြံ သုံးခြံလောက်ပဲ အကောင်းရှိတော့သည်။

အဆောင်နှင့် စားသောက်ဆိုင်လုပ်ဖို့ ပြင်ဆင်လိုက်သည့် ယခင် ရွှေဒင်္ဂါး ဆီစက်ကြီးမှာ မဖွင့်ရသေးမီပင် မျက်နှာစာတစ်ခြမ်းက အဆောက်အအုံထဲ ကျွံဝင်သွားသည်။

စိတ်ကျန်းမာရေး ဆေးရုံဘက် မရောက်၍ ဘာဖြစ်သည်ကို မပြောနိုင်။

လမ်းမှာ ဓာတ်တိုင်တွေက လက်ဝါးကပ်တိုက် ဒေါင်လိုက်လဲသလို လဲနေရာ ၉၂ တိုင်ရှိသည်ဟု ဒေသခံတွေက ပြောသည်။ ကားလမ်းပေါ်ကြီး လဲကျနေရာ ကားတစ်စီးပဲ သွားလို
့ရသည်။ ဒါတွေ ပြန်ထောင်ဖို့ကတော့ ဘယ်လောက်ကြာမယ်မသိ။ နာဂစ် အလွန် သီတင်း သုံးပတ်မြောက်လောက်မှာတော့ ဓာတ်တိုင်တွေကို ကရိန်းလေးတစ်စင်း၊ လူအင်အားနှင့် လာလုပ်နေတာတွေ့ရသည်။ ပြန်ထောင်ခြင်း မဟုတ်ပါ။ လူကြီးဆိုသူတွေ လာမှာမို့ ဓာတ်တိုင်တွေကို လမ်းဘေးဆွဲချခြင်းဖြစ်သည်။

သင်ကာ

၁၉ မေ၊ ၂၀၀၈

Advertisements

Leave a comment

Filed under Experience, Nargis

Comments are closed.