နာဂစ်မြစ်၊ နာဂစ်ကြိမ်စာ

နာဂစ်အလွန် ခရီးသွားမှတ်တမ်း (၉)

(မဇ္ဈိမတွင် ဖော်ပြပြီး)

လှေဆိပ်နှင့် ကူလီ

ကွမ်းခြံကုန်းရှိ လှေဆိပ်သို့ ရောက်လာသည်။ ရှေ့ဆက်သွားသူရှိသလို ဤလှေဆိပ်မှ နေ၍ ပင်လယ်ဝရှိရွာများသို့ သွားကြသည်လည်း ရှိသည်။ ကျနော်တို့ကား တက်ကြွသောလူငယ်အများစုပါသူများပီပီ ခပ်ဝေးဝေး လိပ်ကျွန်းအထိ သွားကြမည်ဖြစ်သည်။ အတွေ့အကြုံရှိပြီး ဦးဆောင်လူငယ်သည် တနေ့ကတည်းက ကွမ်းခြံကုန်းကို ကြိုလာပြီး စက်လှေငှားထားပြီးဖြစ်၍ စက်လှေက အသင့်စောင့်နေသည်။ ကြိုတင် မစီစဉ်နိုင်သူမှာ ၉၈ ရာခိုင်နှုန်းဖြစ်ရာ စက်လှေငှားမရ၊ ငှားရတော့လည်း လှေဆိပ်ကပ်ဖို့ မရှိဖြစ်နေရသည်။ တချို့လည်း ခရီးသင့်ရာ စုငှားသွားကြသည်။ ထိုနေ့အဖို့ ကျနော်တို့ အစုသာ အဝေးဆုံးခရီးနှင်ကြသည့် အဖွဲ့ဟု ထင်ပါသည်။


ငွေကျပ်တစ်သိန်းကျော်ဖြင့် ကြိုငှားထားသော စက်လှေက ကမ်းကပ်ဖို့ ကြိုးစားချိန် ကျနော်တို့ကလည်း အထုပ်တွေ ကားလမ်းပေါ်ကနေ ရေစပ်အထိ ထမ်းချဖို့ လုပ်ရသည်။ မျက်နှာငယ်လေးများနှင့် ကုန်ထမ်းသမားများကို ငှားလိုက်ချင်သော်လည်း ကိုယ်တွေအဖွဲ့မှာ လူငယ်ယောက်ျားလေးတွေ အများကြီးရှိသည်နှင့် ကိုယ့်ဖာသာ ထမ်းချကြသည်။ ကျနော်လည်း လိုလိုလားလားပင် ကျရာအထုပ် ၀င်ထမ်းပြီး စေတနာကူလီလုပ်ပါသည်။ ထိုအချိန် ထိုနေရာမျိုးတွင် လူတိုင်းလိုလိုပင် ကိုယ်ချင်းစာချင်း၊ လူသားအချင်းချင်း မေတ္တာထားခြင်းတို့ဖြင့် ပြည့်လျှမ်းနေကြချိန်။ ဘာပဲ ကူညီရ ကူညီရဆိုတာမျိုး။ မိဘဆီမှာ ဘော်ကျော့ ဆိုးပေနေသူ လူငယ်လေးများမှာလည်း တစ်သက်နှင့်တစ်ကိုယ် မထမ်း ကြည့်ဖူးသည့် ဆန်အိတ်ကြီးကို သူထမ်းမယ် ငါထမ်းမယ် လုပြီး ကုသိုလ်ယူ ထမ်းချင် နေကြသည့် မြင်ကွင်းကို မြင်ကြစေချင်ပါဘိ။ ကူလီလုပ်ရင်း ချွေးတလုံးလုံးကြားမှာ ပြုံးနေနိုင်ကြပါသည်။


နာဂစ်မြစ်၊ နာဂစ်မြင်ကွင်း

လှေဆိပ်မှ အထွက်တလျှောက် မြစ်ကမ်း အိမ်ယာတွေမှာ ရစရာမရှိ။ အလဲလဲ အပြိုပြို။ ပွင့်ထွက်နေသည့် ဂိုဒေါင်ကြီး သုံးဆောင်မှာ အသစ်ပြီးကာစ ဖွင့်ပွဲတောင် မလုပ်ရသေးပါတဲ့။ အမိုးအကာ ဘာမှ မရှိပဲ ထုတ်လျောက် တန်းလျားပဲ ကျန်သော ကြီးမားလှသည့် ဂိုထောင်ကြီး။

တချို့ စက်လှေ၊ သမ္ဗာန်ကြီးများမှာ မြုပ်တစ်ဝက်၊ ပေါ်တစ်ဝက်။ ခေါင်းစိုက် ဖင်စိုက်။ ကမ်းတစ်လျောက် လူနေအိမ်ခြေတွေမှ မဆုံးသေး၊ ဓနိတောတစ်ခုကြားမှာ လူသေအလောင်းတစ်ခုက ဖောင်းကားလျက်။ မုန်တိုင်းပြီး၍ ရက်နှစ်ဆယ်ပင်ကျော်ခဲ့ပြီ။ လူတွေနဲ့နီးနီး အလောင်းတွေရှိနေတာတွေ့
တော့ အံ့သြမိသည်။ ဒီလို အလောင်းမျိုးကို ဖယ်ဖို့ခက်မည်ဟုတော့ ခန့်မှန်းမိသည်။ ဓနိတောစပ်ကို ဒီရေနဲ့ မျောဝင်တုန်းက မပုပ်ပွသေး။ အထဲရောက်ပြီး လူသေက ပွပြီးဖောင်းလာတော့ အပြင်ပြန်မရောက်တော့ဘဲ ဓနိတောရှုပ်ရှုပ်ထဲမှာ ပိတ်မိနေတာမျိုး။ ၀ါးနဲ့လည်း ထိုးချ၍ မရ၊ လူဝင်ပြီးဆွဲလို့လည်း မရ။ ဒီအတိုင်းဖြစ်နေသည်။ ဒါက အရေးမကြီး။ ဒီလူသေ ကျွဲနွားသေတွေနဲ့ ရေစီးရေလာ မနီးမဝေးမှာ ယောက်ျား၊ မိန်းမ၊ ကလေးတွေ မြစ်ထဲမှာ ရေချိုးနေကြတာ၊ မြစ်စပ်မှာ မြစ်ရေနဲ့ အ၀တ်လျှော်နေကြတာ။ ရေမှ မရှိဘဲနဲ့။ ဒီဒေသခံတွေ ဘယ်မှာလာ ကျန်းမာကြံ့ခိုင်ကြတော့မည်နည်း။ ဘယ်မှာလာ ကျန်းမာရေးနှင့် ပြည့်စုံတော့မည်နည်း။


တဖြည်းဖြည်းနှင့် လူနေအိမ်ခြေရှိ ကမ်းပါးများ နည်းလာပြီး ကျွန်းကလေးတွေ ဟိုဘက် ဒီဘက်နှင့် မြစ်ပြင်ကျဉ်းလိုက်၊ ကျယ်လိုက်၊ မြစ်ခွဲလက်တက်ရောက်လိုက် တွေ့လာရသည်။ မြစ်ဝအရောက်တွင် စက်လှေဆရာက အလောင်းတွေ ရှိသေးကြောင်းပြောရာ ကျနော် မယုံဖြစ်နေသည်။ နာဂစ်အပြီး ရက်ပင် ၂၀ ကျော်ခဲ့ပြီ။ အလောင်တွေ အရိုးကျလောက်ပြီ။ စက်လှေဆရာစကားမှန်ပေသည်။ ကျွဲနွားအသေတွေ ကမ်းပါးမှာ တွေ့နေရာကနေ ဘွားကနဲဆို ခပ်ပြေပြေရွှံကမ်းစပ်ပေါ်တွင် ဦးခေါင်း၊ ကိုယ်၊ ခြေတံ လက်တံတွေ ရှိသေးသော အလောင်းတစ်ခုကို ကို့ရို့ကားယားနှင့် ဘွားကနဲ တွေ့ရလိုက်ရသည်။ ခရီးသွား အယောက် သုံးဆယ်ကျော်ပါရာ ထိုဘက်ဝိုင်းကြည့်ကြသည်နှင့် စက်လှေကြီးလည်း ယင်းကမ်းပါးဘက် တစ်ခြမ်းစောင်းသွားသည်။ ယောက်ျား မိန်းမ ရေထဲမှာ မှောက်လျက်သေသည်၊ ပက်လက်သေသည်ဟု မြို့သားတစ်စု ငြင်းနေကြဆဲ၊ လှေဆရာစကားကြောင့် တိတ်သွားကြသည်။ `မုန်းတိုင်းအကျမှာ သေရတာ သေချင်သလို သေကြတာပါပဲဗျာ၊ မှောက်လျက် ပက်လက်တွေတောင် မရှိနိုင်တော့ပါဘူး´တဲ့။

လူသေတွေ အရိုးမကျပဲ ခန္ဓာမပျက် ရှိနေသေးခြင်းကို ရှင်းပြချင်ပါသည်။ ရေထဲရောက် အလောင်း တော်တော်များများမှာ အရိုးကျကုန်ပြီဖြစ်၍ မမြင်နိုင်ပြီ။ ကလေးအလောင်းတွေဆို မြန်မြန်ပင် အရိုးကျသွားသည်ဟု ဆိုသည်။ ယခု ရက် ၂၀ ကျော် ကြာသည့်တိုင် တွေ့နေရသေးသည့် အလောင်းများမှာ ရေးစပ်စပ်တွင် တင်နေသော အလောင်းများဖြစ်သည်။ မုန်းတိုင်းအကျ ရေတက်စဉ်က ရေသည် ၁၂ ပေ အမြင့်အထိ တက်သည်ဆို၏။ ကုန်းမြေများမှာ ကျွန်းမြေပြန့်များဖြစ်ပြီး ကျနော်မှန်းကြည့်ရာ ငါးပေ၊ ခြောက်ပေ အမြင့်မျှသာဖြစ်သည်။ ပြေးတက်စရာကုန်းမြင့်မရှိရကား အကုန်သေကြခြင်းဖြစ်သည်။ ထိုအလောင်းများသည် ညဒီရေတက်ချိန်တွင် ဆားငန်ရေထိလိုက်၊ နေ့အချိန်တွင် နေပူကျဲကျဲထိလိုက်နှင့် ရက်အတန်ကြာသောအခါ ဆားစိမ်သော အလောင်းသဖွယ်ဖြစ်ပြီး အရိုးကျခြင်းသို့ မရောက်ဘဲ ဖြစ်ကာ ကျန်နေကြခြင်းဖြစ်သည်။ ကျွဲနွားအသေတွေမှာလည်း ထို့အတူပင်။ အရိုးပေါ်တွင် သားရေတင်ပြီး အကောင်သဖွယ် ကျန်နေသေးသည်။ အနံအသက်မကောင်းသည်နှင့် နှာခေါင်းစည်းများ တပ်ထားရသည်။

ဒီဝဋ် ဘယ်သူလည်မလဲ

စက်လှေအမိုးပေါ်တွင် ကျနော်တို့ ယောက်ျားလေးများနှင့် ဦးပဇင်းတို့ကလိုက်ကြရာ မတ်တပ်ရပ်ကြည့်လျှင် ကုန်းပေါ်အတော်လှမ်းလှမ်းအထ
ိ မြင်ရသည်။ တစ်နေရာအရောက်တွင် လှေဆရာက အစ်ကို မတ်တပ်ရပ်ပြီး ကြည့်လိုက် သေတာနှစ်ရက်ပဲ ရှိသေးတဲ့ နွားတွေ တွေ့ရလိမ့်မယ်တဲ့။ ကျနော်ထရပ်ပြီး ကြည့်လိုက်ရာ မပုပ်သိုးသေးပဲ ခွာတွေ ဂျိုတွေရော အကောင်းအတိုင်းရှိနေသေးသော နွားတစ်ကောင်ကို ကမ်းစပ် တုန်းလုံးလဲလျက်သား မြင်ရသည်။ ဖြစ်ပုံကို ကျနော်သိလိုက်ပါပြီ။

လေမုန်တိုင်းအပြီးတွင် ကျွဲနွားအချို့မှာ မသေသော်လည်း လေ၊ ရေတို့ဖြင့် လွင့်ထွက်ပြီး ခြေ၊ လက်၊ နံရိုးတို့ ကျိုးကာ မသွားနိုင်၊ မလာနိုင် လဲနေကြသည်။ ဆေးကု ရေတိုက် အစာကျွေးမည့် သခင်တို့လည်း မရှိပြီ။ ထိုနေရာအနီးတွင် လူသူ ကျေးရွာကိုလည်း မတွေ့ရ။ စဉ်းစားသာကြည့်တော့။ ညဘက်ကျ အေးလိုက်။ နေ့လည် နေလှမ်းခံရလိုက်။ ခြေကျိုး၊ လက်ကျိုး၊ နံရိုးကျိုး ဒဏ်ရာတွေနှင့် မျှင်းးသတ်သလို ခံစားရမည့် ဒုက္ခ။ အရက်နှစ်ဆယ်လောက် နာကျင်ခြင်းဝေဒနာ၊ ငတ်ပြတ်ခြင်း ဝေဒနာတွေ တမြည့်မြည့်ခံစားပြီး သေရသည့်ဘ၀။ ၀ဋ်ဒုက္ခ ကြီးပေစွဟုသာ စိတ်နှလုံး မသာယာဖြစ်မိသည်။ ဒီလူကျွဲနွားတွေ အဖြစ်မျိုးပဲ လူတွေ မခံရဘူး မပြောနိုင်ပါ။ ယနေ့တိုင် လူသူ အကူအညီ မရောက်သေးသည့် နေရာတွေ ရှိကြပါသေးသည်။ လူတွေသည် လေမုန်းတိုင်း လွင့်ပါကုန်ကြခြင်းဖြစ်သည်။ နေထိုင်သည့် နေရာလေးတွင် ကပ်၍ သေကြ၊ ဒဏ်ရာရကြသည် မဟုတ်ပါ။

ခရီးတစ်လျှောက် ချိုင့်ကမ်းစပ်၊ သစ်ပင်တောရုံတို့တွင် လူသေအလောင်းတွေကို တစွန်းတစရော၊ ပီပီပြင်ပြင်ပါတွေ့ရသည်။ တစ်နေရာတွင် သစ်ပင်အမှိုက်ပုံကြီးလို တွေ့သဖြင့် လှေဆရာကို မေးရာ အရင်က ရွာဟု သိရသည်။ ဘုရားစူး ကြိမ်၍ ရွာဟု ပြောရမလိုပင်၊ အိမ်တိုင်တစ်ငုတ် မကျန်ရစ်ပါ။ သစ်ပင်တွေမှာလည်း အမြစ်လား၊ သစ်ကိုင်းတွေလားဟုပင် ခွဲမရတော့လောက်အောင် ဦးစိုက်တစ်ပင်၊ ကန့်လန့်တစ်ပင်၊ ပြောင်းပြန်တစ်ပင် ဖြစ်ချင်တိုင်းဖြစ်နေတော့သည်။ ဦးခေါင်းမရှိတော့သော မိန်းမဟု ယူဆရသည့် အလောင်းတစ်လောင်းသည် အင်္ကျီအနီလေး ၀တ်လျက်သားနှင့် ထိုကို့ရို့ကားယားသစ်ပင်တွင် ချိတ်နေ၏။ ရေထဲမရောက် ကုန်းပေါ်မတင်နှင့် ဤနည်းနှင်နှင် လူတွေ လူလို မသေရသည့် အဖြစ်တွေကို ရင်နင့်ဖွယ် မြင်တွေ့ရပေသည်။ ဒါကိုမြင်လျင် ကျနော်လည်း ကူညီကယ်ဆယ်ရေးအစား စစ်အစိုးရ အားချင်းလုပ်ခဲ့သော `သောက်မဲပေးပွဲ´ကို ပစ်ပစ်နှစ်နှစ် ကြိမ်ဆဲမိပေတော့သည်။ တုတ်တကားကား၊ သေနတ်တကားကားနှင့် တာဝန်ရှိသူတွေဆိုသည် မဟုတ်တာတွေပဲ လုပ်နေသည်ဟု သွားလေလေ မြင်လေလေ သိရလေလေပင် ဖြစ်သည်။

ရေတစ်ပေါက်

သွားလေလေ တွေ့လေလေ၊ နောက်တော့ ဓာတ်ပုံပင် မရိုက်နိုင်တော့ပြီ။ လှေသမားကမူ ဆေးလိပ်ဖွာ မပျက်။ သူအဖို့ ပို၍ ရိုးလို့နေသော မြင်ကွင်း ဖြစ်ပေမည်။ လေဆရာက အလိုက်သိစွာ သေပျောက်ပျက်ဆီးမှုရှိသော ကမ်းများဘက်သို့ ကျနော်တို့ လေ့လာရအောက် ကပ်၍ မောင်းပေးတတ်ပါသည်။ သူစိတ်လိုလက်ရရှိလျှင်လည်း တစ်ချက်တစ်ချက် ရှင်းပြသည်။ လှေကလေးတစ်စင်းနှင့် ၀မ်းရေးအတွက် ငါးဖမ်းနေသူများကိုလည်း တွေ့ရသည်။ အချို့တွေကတော့ အိမ်ယာလေးများ ပြန်ဆောက်လျက်။ ပြန်ဆောက်သည် ဆိုသော်လည်း ပြန်ကောက် ရသမျှ တိုင်နှင့် ဓနိရွက်ကိုင်းအစို ခုတ်လျက် ဖြစ်သလိုမိုးကြခြင်းသာ။ မိုးရွာလျှင် ခိုစရာရှိဖို့ လိုသည်မဟုတ်လား။


တချို့တွေလည်း စက်လှေကလေးတွေနဲ့ တစ်ရွာမှ တစ်ရွာကူးသည်လား၊ မြို့တက်သည်လားမသိ။ တစ်နေရာတွင် စက်တပ်သမ္ဗာန်လေးပေါ်မှ ယောက်ျားတစ်ယောက်သည် ကျနော်တို့ရှိရာသို့ လှမ်းမျှော်၍ ပါးစပ်ကို လက်မ တေ့ပြချေ၏။ အကြိမ်ကြိမ်လုပ်ပြတော့မှ ကျတော်တို့မြင်လေသည်။ စက်လှေဆရာက ရေတောင်းတာဟု ကျနော်တို့ကို ဘာသာပြန်ပေး၏။ ကျနော်တို့က လက်ရပ်ခေါ်သောအခါ ထိုစက်လှေကလေးထဲတွင် လှဲနေသော အမယ်အိုတစ်ယောက်နှင့် မိန်းမသုံးယောက်တို့ ခေါင်းထောင်လာ၏။ တစ်ဦးမှာ နေမကောင်းဟန်ရှိပြီး အချို့မှာ စိတ်ပျက်အားငယ်နေပုံရ၏။ ကျနော်တို့ စက်လှေအနီး ချဉ်းကပ် လာသောအခါ ရေဗူးငါးယောက်စာ ပစ်ပေးလိုက်သည်။ ကျေးဇူးတင်သော အပြုံးများနှင့် လက်ဝှေ့ရမ်းလျက် ရေဗူးကိုယ်စီ အငမ်းမရဖွင့်နေသော သူတို့ တရိပ်ရိပ်ဝေးကျန်ခဲ့တာ ကြည့်ပြီး မျက်ရည်ဝိုင်းမိသဖြင့် နှာခေါင်းဖုံး (Mask) ကို မျက်လုံးနားအထိ ဆွဲတင်လိုက်မိလေသည်။

သင်ကာ

၂၅ မေ၊ ၂၀၀၈။

Advertisements

Leave a comment

Filed under Experience, Nargis

Comments are closed.