နာဂစ်အလွန် ခရီးသွားမှတ်တမ်း (၈)

နာဂစ်အလွန် ခရီးသွားမှတ်တမ်း (၈)

မကူညီသည့် အပြင် နှောက်ယှက်သည်

မမျှော်လင့်ဘဲ ဘလော်ဂါအပေါင်းအသင်းတစ်ယောက်နှင့် ချိတ်မိပြီး ခရီးထွက်ဖို့ ပြင်ဆင်ရသည်။ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ ခရီးစဉ်ဖြစ်သည်။ အဲဒီကနေ ပင်လယ်ဝကို စက်လှေနဲ့ ထွက်မည်။ မနက် ငါးခွဲဆုံ၊ ခြောက်နာရီထွက်ဆိုသော်လည်း မိန်းကလေးတွေ (အလှပြင်တာလား၊ ထမင်းချက်တာလားမသိ) မရောက်သေး၍ နောက်ကျမှ ထွက်ရသည်။ မဟာစည်က ကိုယ်တော်တစ်ပါးလည်း လိုက်လာသည်။

Check Point ကို စရောက်တော့ ကားအစီး ၂၀ လောက်ပဲ ရှိမည်။ နေ့က တနင်္ဂနွေနေ့။ ဆယ်မိနစ်အတွင်း ကားတွေ အစီး ၂၀၀ လောက်ဖြစ်လာသည်။ Check Point မှ လွှတ်နေသည်က တစ်မိနစ် တစ်စီးတောင် မရှိ။ နောက်မှာတန်းစီလာသည့် ကားတွေက မိနစ်တိုင်းတိုးနေသည်။ ကားကြီးကားငယ်၊ ယောင်္ကျား မိန်းမ၊ လူငယ်လူကြီး၊ မြန်မာ ကုလား မွတ်ဆလင် အစုံစုံ။ ကုမ္ပဏီက၊ အဖွဲ့အစည်းက၊ ရွက်ကွက်က အလှူရှင်လည်း စုံသည်။ လှူစရာတွေလည်း စုံသည်။ အကုန်လုံး တူကြသည်မှာ စေတနာ၊ မေတ္တာပင်

Check Point ကို မယောင်မလည်ကပ်သွားသည်။ လူတွေ အုံတိုးပြီး စာရင်းပေးနေသည်။ ဘာတွေကို Check နေသလဲ။ ကားနံပတ်မှတ်သည်။ သတိပေးကြေညာစာရွက်ပေးသည်။ (ကိုယ်ကမကူ ကူသော်မကြိုက် ပို့စ်တွင်ကြည့်။) ပြီးတော့ ဖြတ်ပိုင်းတစ်ခု။ ကားရှေ့မှာ ကပ်ထားဖို့။ သေချာတာကတော့ ဒေသခံပြည်သူတွေကို Save (ကယ်ဖို့) မဟုတ်ဘဲ သူတို့ (လက်တစ်ဆုပ်စာ) Safe (အဘက်ဘက်လုံခြုံဖို့) ဆိုတာပဲဖြစ်သည်။ ဘာတွေမှန်းမသိ ဆိုင်ကယ်တွေ တကားကား၊ တုတ်တွေ၊ သေနတ်တွေတကားကား။ ဒီနေရာသည် စစ်ဇုန်လည်း မဟုတ်ပါ။ အခု လာလှူသူတွေမှာလည်း ဆန်အိတ်၊ ခေါက်ဆွဲ၊ ဆေးတွေပဲ ပါပါသည်။ ဘယ်သူတွေကို ရိုက်ပြီး ဘယ်သူတွေကို ပစ်ဖို့ တုတ်တွေ၊ သေနတ်တွေ ပြင်ထားကြသနည်း။ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်တပ်က အမြဲပါပါသည်။ တရုတ်ငလျင်မှာလည်း စစ်တပ်က ကူရပါသည်။ သို့သော် သေနတ်တွေ၊ တုတ်တွေ မပါပါ။ မိုးကာတွေ၊ ပေါက်ပြားတွေ၊ ဆေးအိတ်တွေနဲ့ လာကြပါသည်။ ဘယ်နိုင်ငံကြည့်ကြည့် ဒီလိုပါပဲ။

ကျနော်အမြင်တွင် သူတို့လုပ်သင့်သည်က ခရီးလမ်းပန်း အဆင်ပြေရေး၊ အလှူရှင်တွေကို ကူညီရေးနှင့် ဒေသခံတွေကို တတ်အားသမျှကူညီရေးဖြစ်ပါသည်။ ကားတန်းကြီး အဆမတန်ရှည်လာသောအခါ လူတွေက ပူညံပူညံဖြစ်ကြပါပြီ။ ကြိန်ဆဲကြပါပြီ။ ဒီကြားထဲ လှူတာခြင်းအတူတူ `အဲပုဂံ´တံဆိပ်နှင့် ကားရှေ့တွင် `H´ဟု အမှတ်သညာပြုထားသော တေဇ၏ ထူးကုမ္ပဏီက ကားတွေက အခွင့်ထူးခံအဖြစ် တန်းမစီဘဲ ၀စီ တရွှီရွှီဖြင့် အရှေ့ဆုံးရောက်အောင် ကျော်တက်ကြပါသေးသည်။ သြော် အလှူပြုတာတောင် သူတို့က အခွင့်ထူးခံသေးသကိုးဟု အောက်မေ့မိသည်။ လာတာက ဇိမ်ခံကားနှင့် ဘာတွေ လှူမလဲတော့ မသိ။ ကျနော်တို့ အပါအ၀င် တော်တော်များများကတော့ ဘတ်စ်၊ ဒိုင်နာကြီးတွေ၊ ရိန်းဂျားကြီးတွေနှင့် ပစ္စည်းတွေ တနင့်ပဲဖြစ်သည်။

သာသနာ့အလံ ရန်သူတဲ့လား

ကားတွေတသီကြီး မရွေ့နိုင်။ ကားမှာပါသည့် ဦးပဇင်းက လက်မှတ်ရဖို့သွာတိုးသည်။ ကျနော်နှင့် ဦးဆောင်သူ လူငယ်တို့လည်း ထိုနားရောက်သွားသည်။ ဦးဇင်းမှာ လူမတိုးနိုင်ဖြစ်နေသည်။ ဦးဇင်းက
ု အသာလက်ကုပ်ပြီး အခြေအနေမေးရသည်။ ရှုပ်ယှက်ခတ်နေသည်ပဲ ပြောနိုင်သည်။ ကျနော်က `သာသနာ့ အလံတင်ပါလား´ဟု အကြံပေးမိသည်။ ဦးဇင်းနှင့် ဦးဆောင်လူငယ်က `ဟာ အဲဒါ ပိုဆိုးတယ်။ ပိုရစ်ခံရလိမ့်မယ်´ ဟု ပြောသောအခါ ကျနော် Shock ဖြစ်သွားသည်။ သာသနာ့ အလံသည် စစ်အစိုးရအဖို့ ရန်သူဖြစ်နေပြီလား ဟု တွေးမိသောအခါ စိတ်မကောင်းခြင်းကြီးစွာဖြစ်ပြီး ခေါင်းငိုက်စိုက် ကျမိတော့သည်။

`မောင်း..မောင်း´`ဟေး..ဟေး´ ဟု ၀ိုင်းအော်သောအခါ Check Point က စာရင်းမှတ်တဲ့ ငတိတွေ စာအုပ်ချိုင်းကြားညှပ်ပြီး အထဲဝင်ပြေးသည်။ ပြီးတော့မှ ပြန်ထွက်လာပြီး ကားတန်းကို လန့်သွားပုံရသည်။ ခပ်မြန်မြန် သွားခွင့်ပြုသည်။

ဒါကူညီတာ မဟုတ်ဘူး၊ နှောက်ယှက်နေတာ ဟူသော အတွေ့အကြုံသည် လူတိုင်းရင်ထဲမှာ ခါးသီးစွာ စွဲထင်သည်။ လူငယ်တွေက ရင့်ရင့်သီးသီး ဟာသလုပ်သည်။ ဆဲဆိုခြင်းဖြင့် ပွင့်အန်ထုတ်ပစ်လိုက်သည်။

ရန်ကုန် အမှိုက်ပုံ

နေရာတော်တော်များများတွင် တီးတိုးပြောကြသည့် အရပ်စကားရှိသည်။ မြန်မာအယူ `တဘောင်´ဟု ဆိုရမလားမသိ။ `မန္တလေး ပြာပုံ၊ ရန်ကုန် အမှိုက်ပုံ၊ ပျဉ်းမနား အရိုးပုံ´တဲ့။ မန္တလေးလည်း မီးလောင်ပြီးပြီတဲ့။ ရန်ကုန်လည်း အခု အမှိုက်ပုံဖြစ်နေပြီတဲ့။ တစ်ခုပဲ ကျန်တော့သတဲ့။

တကယ်ပဲ အမှိုက်ပုံဖြစ်ပါသည်။ အပျက် အဆီးများမှာ ပစ္စည်း အမယ်စုံကို အိုးထဲထည့်မွှေသလို ဘာပစ္စည်း ဘာ ခွဲလို့ မရလောက်အောင် အမှိုက်သဖွယ်ဖြစ်နေပါသည်။ ခရီးစလာပြီ ဆိုသည်နှင့် အဝေးက မြင်နေရသည်မှာ ကုန်းပေါ်မှ ထီးကျိုးနေသာ စေတီများ။ တန်ဆောင်း ပြဿဒ်တွေက ဘုံထွတ်တွေ မြေခကုန်သည်။ အချို့ စေတီကြီးများမှာ ငှက်ပျောဖူးမှ ပြတ်၍ ထွက်သည်။ အိမ်တွေက နှစ်အိမ်ခြား၊ သုံးအိမ်ခြား ပြိုသည်၊ ပြားသည်။ လဲသည်။ ပြုတ်ထွက်သည်၊ ပွင့်ထွက်သည်။

အချို့အိမ်တွေက တတ်နိုင်တော့ ပြင်ပြီးပြီး။ သွပ်တွေ၊ သစ်တွေ တပြောင်ပြောင်။ တချို့ အိမ်ပြိုထဲမှာပဲ ရရာ ကျားကန်ပြီးနေကြသည်။ တချို့က အိမ်ကို စွန့်ပြီး တရွာတကျီ ဆွေမျိုးရှိရာ ပြောင်းကြပြီ။ (ဒုက္ခသည် စခန်းမှာ ရောက်နေတာ ဘယ်သူတွေလည်းတော့ မသိပါ။)

အဖိုးကြီး၊ အဖွားကြီး၊ ကလေးတွေ၊ ကလေးငယ်တွေနဲ့ မိန်းမတွေ၊ ဘုန်းကြီးအိုတောထွက်ကြီးတွေ ကားလမ်းတစ်လျောက် စီရရီ။ မျှော်လင့်ချက်တွေ သူတို့မျက်လုံးမှာ လက်နေသည်။ သူတို့သည် အိနြေ္ဒပျက် မတောင်းကြပါ။ `တာ့တာ´ဟု လက်ပြသည်။ ကျနော်တို့ကားခေါင်းခန်းတွင် သင်္ကန်းရုံလျှက်သား မဟာစည်ကိုယ်တော် တစ်ပါးပါတော့ အားကိုးရာဟု လက်အုပ်ချီမိုးကြသည်။ စာသင်ကျောင်းတွေမှာ အုတ်ဖိနပ်ပဲ ကျန်သည်။ ရှေ့မှာ ပြုတ်ကျနေသော ဆိုင်းဘုတ်ကြောင့်သာ စာသင်ကျောင်းဟု သိရသည်။ ပြန်လည်ထူထောင်ဖို့ တော်တော်နှင့် လွယ်တော့မည်မဟုတ်သော ကျေးရွာစာကြည့်တိုက်လေးတွေမှာ ပြားပြားဝပ်နေသည်။ ရေစိုပြီး ပွနေသော၊ ပုံပျက်နေသော စာအုပ်ပိုင်း၊ စာရွက်ပိုင်းတွေက ပြန့်ကျဲလျက်။

တကယ့် ဒုက္ခသည်စခန်း

ရှိုးနှင့် စမိုးနှင့်
အရှေ့မှာ လယ်သာပုံနှိပ် (ဗိုင်နယ်) ဆိုင်းဘုတ်ထောင်ထားသော ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် စခန်းနှင့် မတူပါ။ ရှေ့တန်းထွက်သည့်တပ် စခန်းချနေသည်နှင့်တူသည်။ ရဲနဲ့ စစ်တပ်၊ စစ်ကား၊ ဆိုင်ကယ်၊ ဝေါ်ကီ တော်ကီတွေ မည်းမည်းလှုပ်နေသည်။

တကယ့် ဒုက္ခသည်စခန်းတွေ ရွာတိုင်းမှာ တွေ့ခဲ့ပါသည်။ တဲရုံမဆန့်၍ အပြင်ထွက်ထိုင်နေသူများနှင့်၊ အုပ်ချူပ်စီမံပေးသူ ဘုန်းတော်ကြီးများ ရဲရဲလှုပ်နေသည့် ဘုန်းကြီးကျောင်း အမိုးပွင့်၊ နံရံပြို၊ အကာမဲ့များဖြစ်ပါသည်။ ကျောင်းရှေ့တွင် တချိန်က ကိုယ်တော်လေးတွေ သင်္ဂြိုလ်သရုပ်ခွဲသည့် ကျောက်သင်ပုန်းမှာ ယခုအခါ ဒုက္ခသည်စခန်း ဆိုင်းဘုတ်ဖြစ်လာသည်။ `ဤကျောင်းတွင် ဒုက္ခသည်များ ခိုလှုံနေပါသည်´`လှူဒါန်းနိုင်ပါသည်´ဟု မြေဖြူနှင့်ရေးထားသည်။

တပ်ချစခန်းနှင့်တူသော ဒုက္ခသည်စခန်းမှာ လှူသူမရှိ။ ဓနိတဲရှည် ဖြစ်သလိုဆောက်ထားသော ဘုန်းကြီးကျောင်းက သာသနာ့ဒုက္ခသည်စခန်းမှာ အလှူကားတွေ မစဲ။ ဒါကိုပင် စစ်တပ်ကတချို့၊ အရပ်ဝတ်နဲ့ကတချို့ မကြည်သလို ယောင်ပေပေနှင့် ရစ်သီရစ်သီကြည့်သည်။ ထိုအချိန်တွင် ရေလေးပါရင် တိုက်စမ်းပါဟု အဖွားအိုတစ်ယောက်ကပ်လာသည်။ ချိုချဉ်လေးတစ်လုံး၊ ဘီစကစ်လေးတစ်ချပ်ပေးလိုက်လျင်ပင် လူကြီးတွေတန်မဲ့ ပျော်နေကြသည်။ ရေကို ချက်ချင်းသောက်သော်လည်း မုန့်လေးတွေ သိမ်းထားကြသည်။ ခင်ဗျား စဉ်းစားကြည့်လေ။ ဒါ မိဘမဲ့သွားသော သူတို့ မြေးလေးတွေ အတွက် ဖြစ်နိုင်သလို၊ သူတို့အတွက် နေဖို့ညစာလည်း ဖြစ်နိုင်ပါတယ်။ ယုတ်စွ အဆုံး အိမ်နီးချင်း မိဘမဲ့ လူမမယ်လေးတွေ အငိုတိတ်ဖို့လည်း ဖြစ်နိုင်ပါတယ်။

ကျနော်ကတော့ မျိုမကျလို့ ဘာမှ မစားဖြစ်ဘူး။ ရေတစ်ငုံ နှစ်ငုံရယ်၊ အံကြိတ်ထားဖို့ ကွမ်းတစ်ယာပဲ ခရီးသွားဖော်ဆီက တောင်းပြီး ၀ါးနေခဲ့သည်။

သင်ကာ

၂၅ မေ၊ ၂၀၀၈

Advertisements

Leave a comment

Filed under Experience, Nargis

Comments are closed.