ရန်ကုန်လည်ပြန်

နာဂစ်အလွန် ခရီးသွား မှတ်တမ်း

ရန်ကုန်လည်ပြန်

ထိုင်းနိုင်ငံကနေ လေယာဉ် ပျံတက်တော့ ထိုင်းနိုင်ငံမြို့တွေမှာ မီးတွေ တထိန်ထိန်နဲ့ အဆန်းတကြယ်။ လေယာဉ်မှာ လူက တ၀က်စာပင် မပြည့်ပါ။ ထိုင်းလေဆိပ်မှာ ဆေးပုံးကြောင့် အထစ်အငေါ့ဖြစ်ပြီးနောက် စိတ်က ပူပူပင်ပင်။

ရန်ကုန်ကို ချဉ်းနင်းဝင်ရောက်လာပြီဖြစ်ကြောင်း ကြေငြာသည်နှင့် အားလုံးက အားတက်သရော ပြတင်းသေးသေးလေးကနေ လှမ်းကြည့်ကြသည်။ ည ကိုးနာရီထိုးခါနီးကလည်း ဖြစ်ပြန်၊ ဘယ်လောက်အမြင့်ရောက်နေမှန်းလည်း မသိတော့ မှောင်မှောင်နဲ့မည်းမည်း။ ဘာဖြစ်ဖြစ် အာရုံကို လွှတ်မထားဘဲ အမှောင်ထဲသာ စိုက်ကြည့်နေမိသည်။ ရန်ကုန်ကို မြင်ချင်နေမိသည်။ လေယာဉ်က တော်တော်ကြီးနိမ့်ဆင်းလာပါပြီ။ မြို့တော်တစ်ခုဆီရောက်နေတာမှ ဟုတ်ပါလေစဟု အောက်မေ့မိသည်။ ခဏနေတော့မှ မီးပွင့်ကလေး ခြောက်ပွင့်၊ ရှစ်ပွင့်လောက်မြင်ရသည်။ နောက်တော့ အပွင့်နှစ်ဆယ်လောက်။ နောက်တော့ ကျို့တို့ကျဲတဲလောက်။ ဒါနဲ့ပဲ ရန်ကုန်ရောက်ပြီဟု နားလည်လိုက်ရသည်။

မည်သည့်နိုင်ငံတကာလေဆိပ်မှာမှ အသုံးပြုတော့မည်မဟုတ်သော စနစ်ဖြင့် ပစ္စည်းတွေကို လာသယ်တာတွေ့ရသည်။ ပစ္စည်းတင်နောက်တွဲကို ကားဖြင့် မဆွဲဘဲ ကုလားတွေ လန်ခြားဆွဲသလို လူတွေက ဆွဲလာခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးကို ဖြတ်တော့ `သံရုံးထောက်ခံစာပါလား´ဟူသော အူကြောင်ကြား မေးခွန်းကို မေး၏။ `သံရုံးက ဘာကို ထောက်ခံရမှာလဲ´ ဟု ပြန်ပက်တော့မှ ငြိမ်သွားသည်။ (ကျနော်စီးသည့် လေယာဉ် ရန်ကုန်မှ အခွာတွင် တစ်ယောက်ကို ဆွဲသွားသည်ဟု လေယာဉ် ၀န်ထမ်းတစ်ဦးထံမှ သိရသည်။)

ကာစတန်က အစ်ကိုကြီးက အိတ်ကို စစ်မယ်ဖွင့်တော့ ပထမဆုံး ဖယောင်းတိုင်တွေ ထွက်လာရာ ရယ်ပြီး သွားတော့ဟု လွှတ်လိုက်တော့သည်။ ရန်ကုန်မှာ မီးပျက်တယ်ဆို၍ လာမည့် မနက်ကမှ သွားပြေးဝယ်ခဲ့ခြင်းဖြစ်သည်။

လေဆိပ်အထွက်မှာ မီးရောင်က ဟိုတစ်ကွက် ဒီတစ်ကွက်။ တက်စီသမားက တစ်သောင်းတောင်းသည်။ သူငယ်ချင်းက ကြိုပြောထား၍ လေးထောင်ဟု ဖမ်းဆစ်လိုက်တော့ ထိုဈေးနှင့် တည့်သွားသည်။ ဒါတောင် ကားမထွက်သေးဘဲ နောက်ထပ် ပါဆင်ဂျာ ရှာနေသေးသည်။ ကဲပါလေ နားလည်ပေးလိုက်ပါမယ်ဟု သဘောထားကာ နာရီဝက်လောက် စောင့်ပေးလိုက်ရသည်။

ကားစထွက်တော့ ဒီဇယ်ဈေး၊ ဓာတ်ဆီဈေးမေးရင်း ကားသမား၏စကားက ညဉ်းချင်းသို့ ရောက်သည်။ ပထမလေယာဉ်ဆိုက်တာ ပါဆင်ဂျာ မရလိုက်ပါတဲ့။ မကြာခင် CNG ကို တစ်ညလုံး တန်းစီရပါမည်တဲ့။ ကျနော်သွားချင်သည့်နေရာ အဝေးကြီးအထိ လိုက်ပို့မည်ဆိုကာ ဈေးဖြတ်သည်။ မများသော်လည်း မနက်ကျမှ သွားလို့ရသော ခရီးဖြစ်၍ သူငယ်ချင်းအိမ်မှာပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

လေဆိပ်မှ ထွက်လာသည်နှင့် လမ်းမကြီးမှာပင် မှောင်မဲနေသည်။ တိုက်ခန်းများထဲတွင် တချို့တလေလောက်သာ အလင်းရောင်တွေ့ရသည်။ လမ်းဘေးတွင် အ
ုန်းအရုန်းလဲနေသော သစ်ပင်ကြီးများ၊ ဖရိုဖရဲ ကားမှတ်တိုင်များကို ကားမီးရောက်အပြေးတွင် တလှစ်လှစ်မြင်ရသည်။ ရန်ကုန်သည် မြို့ပျက်ကြီးလိုပင် မှောင်မဲလှသည်။

သူငယ်ချင်းအိမ်ရောက်သွားတော့ လမ်းကိုမမှတ်မိ။ သူသာ မျက်မှန်တပြောင်ပြောင်၊ စီးကရက် မီးတအူအူဖြင့် ထွက်မစောင့်လျှင် ကျနော် ရွာလည်နေဦးမည်။ ကျနော် အကြိမ်များစွာ ရောက်ခဲ့ဖူးသော နေရာမှာ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားပေပြီ။

`ပြောင်သလင်းခါ´ဟု မှတ်ချက်ချမိသည်။

နောက်တစ်နေ့ ဆရာ့ထံအီးမေးလ်ပို့သောအခါ ‘The City just after War”ဟု ရန်ကုန်ကို သရုပ်ဖော်ပေးလိုက်သည်။

သင်ကာ

၁၈ မေ၊ ၂၀၀၈

Advertisements

Leave a comment

Filed under Experience, Nargis

Comments are closed.