ဖွဲ့တည်ရာနှင့် သောင်းပြောင်းထွေလာ

ဟန်သစ်ငြိမ်မောင်အန့်၊ ကိုဇော်တူးနဲ့ ကျနော်တို့ လက်ရော စိတ်ပါဆော့ကြတဲ့ Existence (ဖွဲ့တည်ရာ) Magazine ဧပရယ်လ်လထုတ် ထွက်တာ ပြီးခဲ့တဲ့ ဧပရယ်လ် ၄ ရက်ကတည်းကပါ။ ဒီဒုတိယမဂ္ဂဇင်းအတွက် ကျနော် ပို့စ်သတ်သတ်မရေးခဲ့ပါ။ ကိုယ်လုပ်ထားတာကောင်းရင် ဖတ်ကြမှာပဲလို့ သဘောထားတာလည်းပါသည်။ ခုတော့ ဒုတိယကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး မပြီးမြောက်ခင်နဲ့ ပြီးမြောက်ပြီးကာလအပေါ် ရေးချင်တာလေး ရေးဦးမည်ဟု စိတ်ကူးပေါ်သည်။

အမှန်အတိုင်းပြောရလျှင် ဧပရယ်လ်အတွက်ထုတ်မယ့် မဂ္ဂဇင်းသည် ဟန်သစ်ငြိမ်၏ အားတက်သရောရှိမှုကြောင့် အစောကြီးထဲကပင် တော်တော်ပြီးနေပေပြီ။ သို့သော်ကျနော်က မကြည့်အား၊ မဆွေးနွေးအား။ ပြောရလျှင် ဟန်သစ်ငြိမ်က စိတ်ကူးကောင်းပြီးသားမို့ ဘာမှ သိပ်ထွေထွေထူးထူး ထပ်ကွန့်စရာ သိပ်မရှိပါ။ မောင်အန့်က ခရီးထွက်ဖို့ ပြင်နေ၍ မအား။ ဟန်သစ်ငြိမ်နှင့် ကျနော်တို့ တော်တော် ဖိလုပ်ရသည်။

အထပ်ထပ်စိစစ်သည့်ကြားက အမှားလေးတွေ၊ မေ့တာလေးတွေလည်းရှိ၏။ ချော်တာလေးတွေလည်းပါ၏။ သို့သော် ရလဒ်ကို အားရမိပါသည်။ ထွက်ပြီဟေ့ဆိုသည်နှင့် တစ်မိနစ်အတွင်းမှာပင် ဒေါင်းလုဒ်လာဆွဲကြသူလည်းရှိသည်။ ကျနော်နှင့် ဟန်သစ်ငြိမ်ကား တည်းဖြတ်ရန် အကြိမ်ဒါဇင်နှင့်ချီအောင် ဖတ်ပြီးမှန်သော်လည်း မဂ္ဂဇင်းထွက်ပြီးနောက် တသသကြည့်ကာ ပီတိဖြစ်မဆုံးဖြစ်နေကြသေးသည်။ `အယ်ဒီတာ၊ သတင်းထောက်၊ ဂျာနယ်လစ်တွေရဲ့ ပီတိနဲ့ အရသာဟာ ဒါပဲ´ဟု ဟန်သစ်ငြိမ်ကို (ဘယ်နှကြိမ်မြောက်မှန်းမသိ) ပြောမိသည်။

မဂ္ဂဇင်းထွက်ပြီးတော့ မေးကြမြန်းကြ၊ ဝေဖန်ကြရာတွင် ပြောချင်တာလေးတွေရှိသည်။ ပထမတစ်ခုက ဓာတ်ပုံများ၊ ပုံများ သုံးစွဲသည့်ကိစ္စဖြစ်သည်။ ကော်ပီရိုက်တွေ ဘာတွေ ပြောသူလည်းရှိသည်။ ကျနော်တို့ သုံးသည့်ပုံများတွင် ဟန်သစ်ငြိမ်ကိုယ်တိုင် ရိုက်သောပုံများ၊ Archigrapher ထံမှ ခွင့်ပြုချက်ရပြီး ပုံများအပြင် သီးခြားခွင့်ပြုချက်ဖြင့် ယူသုံးသော ပုံများ၊ Open Source မှ ယူသော ပုံများလည်းပါသည်။ ထိုသို့ယူသုံးရာတွင် ကျနော်တို့ လိပ်ပြာသန့်ရသည့် အကြောင်းရင်းမှာ ကျနော်တို့က မဂ္ဂဇင်းကို ၀ါသနာအလျောက် အချိန်၊ ငွေ၊ အတတ်၊ လူ အပွန်းခံပြီး အခမဲ့ လုပ်ကြ၊ ဖြန့်ကြခြင်း ဖြစ်သည်။ ကျနော်တို့က စီးပွားဖြစ် လုပ်ကြခြင်းမဟုတ်ပါ။ ထို့ကြောင့်လည်း အချို့ စာများ၊ ဆောင်းပါးများကို မူလရေးသားသူများအား ဂုဏ်ပြုသော အားဖြင့်သာ Source ပေး၍ ပြန်လည်ဖော်ပြပါသည်။

ကော်ပီရိုက် ဆိုသောအရာသည် မြန်မာပြည်တွင် ကြားကောင်းရုံမျှသာဖြစ်ပါသည်။ လက်တွေ့ အသုံးမ၀င်၊ မထိရောက်လှပါ။ မြန်မာစာရေးဆရာ၊ အနုပညာရှင် အချင်းချင်းသာ ဘောင်၊ စည်းထားကြသည့် သဘောလောက်သာရှိပါသည်။ တခြားနိုင်ငံက ဖန်တီးသမျှကိုတော့ လွတ်လွတ်လပ်လပ်ကြီးသုံးနေ၊ ကူးချနေကြဆဲဖြစ်ပါသည်။

မြန်မာစာနယ်ဇင်းလောကတွင် ကျနော်သိသလောက် မြန်မာတိုင်းမ်ဂျာနယ်အုပ်စုကသာ သတင်း၊ ဆောင်းပါးများကို ကော်ပီရိုက်နှင့်အညီ ၀ယ်ယူသုံးစွဲပါသည်။ အခြားဒိတ်ဒိတ်ကြဲ မီဒီယာများပင် ထိုသို့လုပ်နိုင်သည့် ငွေအင်အား မရှိပါ။ အများစု ခံယူကြသည်က ကော်ပီရိုက်တွေ၊ ဘာတွေပဲ ဖြစ်ဖြစ် ဒါတွေထက် ကိုယ့်နိုင်ငံ၊ တိုင်းပြည်အခြေအနေအရ ကိုယ့်ပြည်သူ၊ ကိုယ့်ပရိသတ်ကို အင်ဖော်မေးရှင်းပေးဖို့၊ မျက်စိ၊ နား ပွင့်စေဖို့က အဓိကဖြစ်သည်။ ကျနော်တို့ မဂ္ဂဇင်းလုပ်ရာတွင်လည်း (ထိုမျှလောက် မကြီးကျယ်သော်ငြားလည်း) ထိုကဲ့သို့ပင် သဘောထားက ခေတ်ဟောင်း၊ ခေတ်ကောင်း ဂန္ထ၀င်များကို ဖော်ထုတ်မိတ်ဆက်ပါသည်။ ထိတွေ့ပေးဖို့ ကြိုးပမ်းပါသည်။ ထို့အတွက် လိပ်ပြာသန့်ပါသည်။

ဒုတိယကတော့ စာမူခကိစ္စဖြစ်သည်။ အချို့က စာမူခပေးသည်ဟုထင်နေသော အခါ ကျနော်ရော ဟန်သစ်ငြိမ်ပါ မျက်လုံးပြူးသွားသည်။ ဘယ်သူက စ´ပေးလိုက်သည်မသိ၊ တစ်ယောက်က လာမေးသည်။ ကျနော်တို့ ရှေ့ဖုံးတွင် Free Copy ဟုရေးထားပါသည်။ စာမူတောင်းတာ၊ လက်ခံရယူတာ၊ လုပ်တာ၊ ဖြန့်ချိတာ၊ ဒေါင်းလုဒ်ဆွဲတာ အကုန် ဖရီးဖြစ်ပါသည်။ ကျနော်တို့ကား အယ်ဒီတာ နာမည်တစ်လုံးမှလွဲ၍ ဘာမှ မရှိ၊ ပီတီသာ ရသူများ ဖြစ်ပါသည်။ မဂ္ဂဇင်းကို နေ့ရောညပါလုပ်ရင်း တစ်ခါတလေ တစ်ပုလင်း ၃၈ ဘတ်တန် ဘီယာဖိုးပင် မတတ်နိုင်၍ ကိုရီးယားစတိုင်လ်`ဆတော´ အစိတ်တန်နှင့် မြူးကြရသည်လည်း ရှိသေး၏။

ကျနော်တို့မှာ ၀င်ငွေမရှိသည့် ကျောင်းသားမျှသာ ဖြစ်သေးရကား အလွန်တရာ ပူဆာသည့် ပင့်ဂိုးလ်တို့လောက်သာလျှင် နောက်မှ လှည်းတန်းမှာ ၀က်သားဒုတ်ထိုးကျွေးပါမည်ဟု ညာကာ စာမူတောင်းရလေသည်။ မင်းကျန်စစ်တို့ကိုလည်း လေနှင့်ဘီယာတိုက်ကာ စာမူတောင်းရ၏။ သားဖြိုးတို့ကိုလည်း မြှောက်ပင့်ပေးကာ စာမူကောင်းထွက်အောင် လောဆော်ရသည်။ ကိုကေဂျွန်ဆီကတော့ ဘယ်တော့ ပို့စ်ကောင်းလေးထွက်မလဲဟု ချောင်းနေရသည်။ လင်းပြာနွေတို့၊ ခိုင်စိုးလင်းတို့လို လူနိုင်တွေကြတော့ သူတို့စာမူတွေ သုံးတဲ့အတွက် ကျနော်တို့ကို မုန့်ဝယ်ကျွေးသင့်ကြောင်း ခပ်တည်တည်ပြောကာ စာမူယူရ၏။ ကိုငြိမ်းဇေဦးကြီးကိုတော့ အပီကပ်ပေါင်းထားသဖြင့် ကဗျာတွေ စိတ်ကြိုက်ရ၏။ သဘောကောင်းသည့် ထူးမြတ်ကတော့ သူ့ဝတ္တုတိုတွေ ကျနော်တို့ကို အလှူပေးထား၏။

ပထမနှင့် ဒုတိယ Issue ကို ရှိသည့်လူ၊ ရသည့်စာမူနှင့် ကောင်းအောင်လုပ်ပြမည်ဟု ကျနော်တို့ ကြံထားသည်။ တတိယ Issue တွင်မူ ဘလော်ဂါအကျော်အမော်များထံမှ ရအောင်တောင်းဖို့ တိုင်ပင်ထားပေသည်။ ကိုဘကောင်း၊ မင်းတစေ၊ မပန်ဒိုရာ၊ မဂျစ်တူး၊ ကောင်းကင်ကို၊ နိုင်နိုင်းစနေ၊ မွန်းသက်ပန် (ဆေး-၁) စသည့် နာမည်ကြီးများထံမှ စာမူတောင်းမည်ဟု ကြံရွယ်ထားလေသည်။ (ပေး၊ မပေးတော့ မသိ၊ အင်ထရိုဝင်ထားခြင်းဖြစ်ပါသည်။)

နောက်လ(မေ)ထုတ်တွင် ကဏ္ဍတွေ တိုးချဲ့မည်ဟုလည်း စီစဉ်ထားသေးသည်။ (ဘာတွေလည်း မပြောဘူး၊ သိချင် စောင့်ဖတ်။) ကောင်းသထက်ကောင်းအောင်ဟူသော အားတင်းမှုဖြင့် ကျနော်တို့ လုပ်နေပါသည်။ ဖြစ်တည်လာသော မဂ္ဂဇင်းလေးကိုလည်း ကြည့်ပြီး ပီတိဖြစ်ရသည်။ အခုတော့ ဟန်သစ်ငြိမ်၊ မောင်အန့်၊ ကိုဇော်တူးတို့ ကျနော်တို့ စုစုစည်းစည်းရှိနေလို့ ဟုတ်ပါပြီ။ ကျောင်းတွေပြီးလို့ တစ်ယောက်တစ်နေရာစီဖြစ်ရင်ရော မဂ္ဂဇင်းလေး ဘယ်လိုထုတ်ကြမတုန်းဟု တွေးမိတော့လည်း ကျနော်တို့ငေးငိုင်ရသည်။ ဘာဖြစ်ဖြစ် ကျနော်တို့မှာ မကုန်ခမ်းနိုင်သေးသော စိတ်ကူးစိတ်သန်းတွေ၊ မမောနိုင်သော ခွန်အားတွေ ရှိနေပြီး အခြေအနေပေးသရွေ့ လုပ်ကြ၊ မျှဝေကြပါမည်။ အခြေအနေမပေးတဲ့ အခါကျတော့လည်း….။

Advertisements

Leave a comment

Filed under Existence Magazine, Experience

0 responses to “ဖွဲ့တည်ရာနှင့် သောင်းပြောင်းထွေလာ

  1. လေဘီယာတွေ ဖြစ်ဖြစ် ဆာတေး အစိတ်တန်ဖြစ်ဖြစ် ကိုသင်ကာတိုက်သမျှကို ကျေနပ်ပြီး စာမူတွေ ပို့ပေးနေအုံးမှာပါဗျာ 🙂 ဖွဲ့တည်ရာသည် မဂ္ဂဇင်းလောကမှာ အကောင်းဆုံးဖြစ်လာပါစေလို့ နှစ်သစ် သင်္ကြန်အကြိုနေ့မှာ ဆုတောင်းသွားတယ်ဗျာ။

  2. 🙂 မင်္ဂလာပါ ခင်ဗျာ … နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ … 😛

  3. အားလုံးကို အလွတ်လပ်ဆုံး ပေးနိုင်တဲ့ စိတ်က အဖိုးအတန်ဆုံးပါပဲ တဲ့။

    မှတ်သားဖူးတာလေးပါဗျာ။ ကိုသင်ကာတို့ ဘယ်လောက် အားထည့်ထားတယ်ဆိုတာ မဂ္ဂဇင်းကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ပေးတဲ့ နေရာမှ ဖရီးဖြစ်ပေမယ့် ပါဝင်တဲ့ အရာတွေ တန်ဖိုးမမဲ့ တဲ့ အကြောင်း ကြေညာမောင်းခတ်သွားပါတယ် ဗျို့။

    ပျော်ရွင်ဖွယ်သင်္ကြန်ရက်များ ဖြစ်ပါစေဗျာ။ 🙂

    PS. WP 2.5 နှင့် အတူ Template ပြောင်းသွားတာ မသိလိုက်ဘူး။ မိုက်တယ် ဒီ ဒီဇိုင်းလေးလဲ။

  4. အယ်..ကိုသင်ကာကလည်း ထက် တို့ကစတာပါ.. ဇွတ် အတင်းပူဆာတာ မဟုတ်ပါဘူး…

    နောက်လည်း စာကောင်း ပေမွန်လေးတွေကို ဗလာဦးနှောက်ကနေ ဖြစ်ညှစ်ရေး အုံးမှာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s