ယာယီကဗျာဆရာ၏ ထာဝရပုံရိပ်မှတ်တမ်းများ (ဒုတိယပိုင်း)

အပေါင်းအသင်းများ၊ ဆရာသမားများ

နောက်တော့ ထက်ဇော်လုပ်တဲ့ ပန်းသတင်းဂျာနယ် (ယနေ့ ပန်းသတင်းဂျာနယ်သည် ယခင်က အနုပညာဇောင်းပေးဂျာနယ်ဖြစ်သည်။ ယခုမူ သတင်းဂျာနယ်အဖြစ် ပြောင်းထားသည်။) မှာ ၀တ္တုတိုလေးနဲ့ ကဗျာတွေ ဆက်ရေးဖြစ်သည်။ နောက်တော့ ကြိုကြားကြိုကြား မဂ္ဂဇင်းတွေမှာ ရေးဖြစ်သေးသည်။ နာမည်မကြီးပါ။ စကော်လာကလပ်က လှအောင်၊ ဆရာလေးကိုတင်တို့နှင့် ပေါင်းဖြစ်သည်။ စကော်လာကလပ်မှာ ကျူရှင်ဝိုင်းကူပြပေးသည့် ထက်ဇော်နှင့် ပတ်သက်ပြီး တိုးနှောင်မိုး၊ ၀ိုင်ချိုတို့နှင့် ခင်ဖြစ်သည်။ ဆရာလေးကိုတင်နဲ့ကတော့ စကော်လာကလပ်ရပ်ကွက်ထဲမှာ ဖြစ်၍ အမြဲတွေ့ဖြစ်သည်။ ဆရာလေးကိုတင်၏ စာအုပ်စင်မှ နောက်ဆုံးထွက် ၀တ္တုရှည်တွေ စာအုပ်တွေ ငှားဖတ်ရသသည်။ ဆရာလေးကိုတင်က စာအုပ်တွေ လက်ဆောင်ရတာကိုး။

နောက်တော့ တက္ကသိုလ်နောက်ဆုံးနှစ်အပြီးမှာ ရဟန်းဘ၀ကနေ လူထွက်ပြီး ယောင်ချာချာဖြစ်နေရာမှ ကဗျာလောကထဲ ခြေချမိသည်။ အဲဒီတုန်းက ပြည်သားကိုတိုးနှောင်မိုးက ရန်ကုန်မှာ။ ၀ိုင်ချိုနှင့်လည်း တွဲဖြစ်သည်။ တိုးနှောင်မိုး၊ ၀ိုင်ချို၊ အောင်ရင်ငြိမ်းတို့က ကဗျာလောကမှာ တစ်နေရာရနေပြီလို့ ပြောလို့ရသည်။ အောင်ရင်ငြိမ်းက ပိတောက်မြေမှာ၊ ၀ိုင်ချိုက ဖက်ရှင်အင်းမေ့ခ်ျမှာ။ ကိုတိုးကြီးနှင့် ကျနော်ကား အလုပ်မရှိ။ မင်းသက်ဇင်၊ နာမည်မမှတ်မိတော့သော နယ်က ကဗျာသမားပေါက်စများ၊ ရန်ကုန်သားကဗျာသမားပေါက်စတွေနဲ့ တိုးနှောင်မိုးတို့လို နေရာရနေသော ကဗျာသမားများကြားမှာ ကျနော်ကား ဇော်ကန့်လန့်။ ကိုတိုးကြီးနှင့်ဝိုင်ချိုခေါ်၍ မင်းခိုက်စိုးစံအိမ်ကို မျက်စိလည်ပြီးရောက်သွားတာ မှတ်မိသေးသည်။ အဖီဆွယ်လေးကို အသိုက်လုပ်နေသော ဆေးကုဖို့ စိတ်မ၀င်စားသည့် ဆရာဝန်ပေါက်စ ကိုမင်းခိုက်ကား စကားပြောဆိုဆွေးနွေး၍ ကောင်းသူတစ်ဦးဖြစ်သည်။ သူ့အခန်းထဲတွင် အင်္ဂလိပ်လိုရေးသော စာအုပ်တွေထဲမှာ ဆရာမောင်စူးစမ်းစာအုပ်တွေလည်း တွေ့၏။ မောင်စူးစမ်း၏စာအုပ်မှာ လိုင်းသားရာ၊ မှတ်ချက်တွေနှင့် ပြည့်နေ၏။

ညနေလောက်ဆိုလျှင် အခန်းထဲမှာ တစ်ယောက်တည်း ပျင်းနေသောကျနော်က ဗဟန်းမှနေ၍ ၃၃ လမ်း လေထန်ကုန်းသို့ ဆင်းသည်။ ဒေါက်တာလွဏ်းဆွေကလည်း သူ့ရက်နှင့်သူ လေထန်ကုန်းမှာ လာထိုင်သည်။ ကျနော်တို့က သူတို့လူကြီးတွေထိုင်တတ်သည့် ဆိုင်မှာ မထိုင်ဘဲ မျက်နှာချင်းဆိုင်မှာ ထိုင်ကြသည်။ လူငယ်နောက်ပေါက်တွေအားလုံးလိုလို အဲဒီဆိုင်မှာ ထိုင်သည်။ ထိုဆိုင်ထဲမှနေ၍ ဒေါက်တာလွဏ်းတွေတို့၊ မောင်စိမ်းနီတို့၊ ကိုအောင်ဝေးတို့၊ ကိုလှသန်းတို့ကို ချောင်းရသည်။ အယ်ဒီတာဖြစ်သူဒေါက်တာလွဏ်းဆွေ၊ မောင်စိမ်းနီ စသူတို့ကို ရေးထားသောကဗျာလေးများ သွားပေးကြသည်။ ကျနော်ကတော့ မပေးဖြစ်ပါ။ ဟိုကောင်တွေကတော့ ပေးကြသည်။ ကျနော်အလွန်ကြိုက်သော ကြူးနစ်ကား မူး၍နေသည်သာ။ ကပိုကရိုနှင့်။ စာရေးဆရာဟု ထင်ကြမည်မဟုတ်။ တခါတလေ စွပ်ကျယ်နှင့်။ သူ့ကို အယ်ဒီတာတွေ လန့်ကြသည်။ မူးလျှင်ရစ်၍ဖြစ်သည်။

ဒီစာမရေးခင် န၀ရူပမှာ အီးဘုတ်ဒေါင်းလုဒ်လုပ်ရင်း ၀တ္တုတို အရေးကောင်းသော ကိုဆွေ၏ လိမ္မော်သီးတစ်လုံး ၀တ္တုတိုကိုတွေ့မိတော့ ပြည်သား စာကဗျာသမားတွေကို သတိရမိ၏။ မောင်ချောနွယ်၊ ကိုဆွေ၊ ကိုတိုးကြီးတို့က ပြည်သားဖြစ်သည်။ ကိုခင်ဝမ်းရောပေါ့လေ။ ကိုတိုးကြီးသည် ကိုဆွေအကြောင်း တဖွဖွပြောတတ်သည်။ ၀တ္တုရေးဆရာတစ်ယောက်၏ ခက်ခဲပင်ပန်းသော ဘ၀တိုက်ပွဲများအကြောင်း။ ကျနော်လေထန်ကုန်းတွင် ခြေရှုပ်စဉ် ကိုဆွေက သူ၏၀တ္တုလေး (`သစ်သီးတစ်လုံး´ဟု ထင်သည်။) ကို ပြန်လည်ထုတ်ဝေဖို့ ကြိုးပမ်းနေချိန်။

untitled-122.jpg

ကိုအောင်ဝေး

ဒေါက်တာလွဏ်းဆွေနှင့်က မခင်ခဲ့။ ကိုအောင်ဝေးနှင့်ကား တိုးနှောင်မိုးတို့နှင့် ပတ်သက်ပြီး ခင်ခဲ့ရသည်။ ကိုတိုးကြီးက ကျနော့်ကို ကိုအောင်ဝေးနှင့် မိတ်ဆက်ပေးတာ မှတ်မိသေးသည်။ `သူက ဘုန်းကြီးလူထွက်လေ´တဲ့။ ကျနော်က ကတုံးဆံပင်နှင့်။ ကိုအောင်ဝေးက မန္တလေးဘုန်းကြီးတွေလို မှတ်၍လားမသိ၊ မြန်မာစာပေနှင့် ပါဠိစာပေအကြောင်း လက်ဖက်ရည်ဆိုင်မှာ ပြောဖြစ်ကြသည်။ တော်သေးသည်၊ ကျနော်ကဖတ်မှတ်လေ့လာထား၍။ ကိုအောင်ဝေးအိမ်နှင့် ၀ိုင်ချိုအိမ်က သိပ်မဝေး။

လေထန်ကုန်းမှာ ကိုလှသန်းတို့က အုပ်စုသတ်သတ်။ ကိုတိုးကြီးနှင့် ကျနော်တို့နောက်ပေါက်တွေက တသိုက်။

tawtawprize27108jpg18.jpg

ကိုလှသန်း

ကဗျာများနှင့် ဘုံဆိုင်

အကောင်း စုနေကြသည်မဟုတ်။ ဘုံဆိုင်ဒိုးဖို့ လူစု၊ ငွေဖန်နေကြခြင်းပင်။ ထိုစဉ်က ကျနော်တို့လက်စွဲမှာ The Sea (ပင်လယ်) ဖြစ်သည်။ ကိုတိုးကြီးက ၀ိုင်ချိုကို အလွန်ခင်သည်။ ၀ိုင်ချိုက ကိုတိုးကြီးကို အလွန် အနွံတာခံသည်။ သူရှိလျှင်လည်း သူက အရက်ဖိုး တည်သည်။ ကျန်တာ ကျနော်တို့ စိုက်ကြသည်။ ကျနော်တို့ ဘိုင်ပြတ်လျှင် ကိုတိုးကြီးကား ၀ိုင်ချို၏စာမူခများကို အတင်းညှစ်သည်။ မင်းသက်ဇင်က မူးလျှင်သွေးဆိုးသည်။ ကျနော်တို့က ဘုံဆိုင်မှာ မိုက်ကြေးခွဲသူတွေနှင့် ရန်မဖြစ်အောင် ရှောင်သည်။ ၀င်ရှင်းရသည်။

တိုးကြီးကား မူးလျှင် ပွဲမရပ်ပြီ။ ဆရာမောင်ချောနွယ်၏အိမ် ကိုသွားချင်သည်။ (ထိုအချိန်တွင် ဆရာမောင်ချောနွယ်ကား ကွယ်လွန်ခဲ့ပြီ။ သူ၏ဇနီနှင့် သမီးများထံ ပြည်သားချင်း၊ ကဗျာသမားချင်း ခင်မင်ရင်းစွဲနှင့် သွားကြ၊ ငိုချင်းချကြခြင်းဖြစ်သည်။) သို့မဟုတ် ဘယ်သူနှင့်နီးလဲ၊ ဥပမာ မြေနီကုန်းရောက်နေလျှင် တော်တီဆွေကို သွာနှိပ်စက်ချင်သည်။ မူးတာချင်းအတူတူ ၀ိုင်ချိုက ထိန်းသည်။ ဒါမှမဟုတ် ကားကတွက်ပြီး စကော်လာကလပ်ကိုချီတက်သည်။ ပွဲကမရပ်သေး၊ ဆက်သောက်သည်။ ကိုတိုးကြီးက မူးလျှင် ပျော်နေတတ်သည်။ တဟားဟားရယ်သည်။ ညတစ်နာရီလောက်ရှိတာတောင် သောက်ဦးမယ် လုပ်တတ်သည်။ အလွန်ခင်မင်ရှာသော ၀ိုင်ချိုကို ကျနော်ချီးကျူးမိသည်ကတော့ ထိုအချိန်မျိုးတွင် ဒိုင်လျှိုထားသောငွေ၊ သို့မဟုတ် ဘယ်အချိန်က ဖွက်ဝယ်ခဲ့တယ် မသိသော ပုလင်းကို လွယ်အိတ်ထဲမှ ထုတ်လာတတ်ခြင်းပင်။ စကားတပြောပြောနှင့် ထက်ဇော်ငှားထားသော လက်ဖက်ရည်ဆိုင်နောက်က အဆောင်ကြီးရဲ့ အပေါ်ထပ်မှာ အိပ်ကြသည်။ ကျနော်ကတော့ အပိုင်စားရထားသော စကော်ဘာကလပ်အနောက်ဖက်က အခန်းကျဉ်းလေးမှာ အိပ်သည်။ ခြင်ကလည်းကိုက်ပါဘိ။

11693867466075583922_1.jpg

ကဗျာဆရာ၏ ထမင်းတစ်နပ်

ကျနော့ကို အလွန်ခင်သူမှာ မင်းသက်ဇင်ဖြစ်သည်။ ပြည်ကလာသောမင်းသက်ဇင်သည် ကဗျာမှလွဲ၍ ဘာမှစိတ်မ၀င်စား။ မြောက်ဥက္ကလာရှိဦးလေးအိမ်မှာ ကပ်နေရသော မင်းသက်ဇင်ကို ဦးလေးကလည်း အလုပ်မရှာရကောင်းလားဟု မကြည်။ လေထန်ကုန်းမှာ ကျနော်ရောက်ချိန်ကို မျှော်တတ်သည်။ ကိုတိုးကြီးတို့နှင့် မချိတ်မိလျှင် နှစ်ယောက်သား တာမွှေအ၀ိုင်းဘက်ဆင်းလာပြီး အ၀ိုင်းထိပ်က လူဝကြီးစားသောက်ဆိုင်မှာ `အဖြူ´တစ်ပိုင်းမှာပြီး ထိုင်ကြသည်။

တခါတလေ မြောက်ဥက္ကလာကနေ ကားခကွက်တိဖြင့် ကျနော်ရှိရာ ဗဟန်းကို တန်းလာတတ်သည်။ ပြီးမှ လေထန်ကုန်းဘက် ဆင်းကြသည်။ လေထန်ကုန်း၏ ညနေများသည် မှုန်ရီရီ။ စာမူအပေးအယူ၊ ဟိုလူဒီလူအကြောင်း၊ ဟိုပြဿနာ ဒီပြဿနာ မဂ္ဂဇင်း ဂျာနယ်မှာ မတွေ့ရသည့်အကြောင်းတွေ လေထန်ကုန်းမှ နားစွင့်ရသည်။

တစ်နေ့ ကျနော် အခန်းတံခါးပိတ်၊ စာဖတ်နေတုန်း မင်းသက်ဇင်ရောက်လာသည်။ ကျနော်ထမင်းမစားရသေးတာ မနေ့ညကတည်းကဟုဆိုသည်။ ဒီနေ့ပင် မွန်းတည့်ကျော်နေပြီ။ ဒါဖြင့်လာကွာဟု နောက်ဖေးထဲ ခေါ်ပြီး ထမင်းအိုးတည်သည်။ အဖေ့ဆန်အိုးထဲတွင် ဆန်မပြတ်ရှိ၍ တော်တော့သည်။ စင်ပေါ်မှာတွေ့သည် ကြက်ဥကို ကျနော် မကြော်တတ်၍ မင်းသက်ဇင်က ကြော်သည်။ ပြီးတော့ ရှိသည့် ချဉ်ပေါင်ကြော်နှင့် နှစ်ယောက်သား စားကြဖူးသည်ကို မေ့မရချေ။

အချိန်းအချက်နှင့် နေ့လည်လောက်ကတည်းကဆုံပြီး ဘိုင်ပြတ်နေလျှင် ကားခဘယ်လောက်ကျန်လည်း တွက်ကြပြီး အဖေ့အိမ်ခန်းရှိရာ ဗဟန်းသို့လာ။ ဆန်အိုးလှန် ထမင်းချက်စား၊ နှပ်ထားသော လက်ဖက်ရည်ကို ကျိုသောက်။ ဒါကျနော်နှင့် မင်းသက်ဇင် လုပ်နေကျ။ တခါတလေ ထိုထမင်းတစ်နပ်နှင့် တနေ့စာပြီးရသည်။ ထမင်းစားပြီးလျှင် မင်းသက်ဇင်က သိမ်းထားသောဆေးလိပ်တိုကို ဖွာသည်။ ကျနော်က သူရေးထားသောကဗျာတွေကို ဝေဖန်သည်။ ဆင်ဆာမလွတ်လောက်သည့် အသုံးကြမ်းများကို ထောက်ပြသည်။ စကားလုံးတွေ ဆွေးနွေးသည်။ ညနေရောက်လျှင် သူ့ကို ကားခပေးလိုက်ရာ အိမ်သို့ပြန်သည်။

တစ်နေ့ မင်းသက်ဇင် လက်မှာပတ်တီးနှင့် ကျနော့ဆီရောက်လာသည်။ လက်ကရောင်ကိုင်းနေသေးသည်။ ဒီကောင်တော့ ရန်ဖြစ်ပြန်ပြီဟု ထင်မိသည်။ ဦးလေးနှင့် ကတောက်ကဆဖြစ်ပြီး တရုတ်ကပ်မှန်ကို လက်သီးနဲ့ထိုးရာက မှန်ရှသည်တဲ့။ ဒီလောက်အနာကြီးနှင့် ဘတ်စ်ကားစီးလာတာ ကျနော် ကြက်သီးထနေမိသည်။ မင်းကွာ မမိုက်နဲ့တော့၊ ဘာညာ ကျနော်က ဖျောင်းဖြသည်။ ထိုနေ့က သူထမင်းမစား။ ကျနော်က လက်ဖက်ရည်ဖျော်တိုက်သည်။ အရက်သောက်ချင်သတဲ့။ ဟိုက်ရှားပါး၊ မင်းလက်က အနာနဲ့ ဖြစ်ပါ့မလားဆိုတော့၊ ရပါတယ် တဲ့။

ကျနော်အယ်ဒီတာဖြစ်သွားတော့ ကျနော့ဆီ လာလာလည်သည်။ ကျနော်တို့ ပုဇွန်တောင်က မောင်အေးဆိုင်မှာ ထိုင်ကြသည်။ တခါတလေလည်း ညနေချိန်းပြီး မော့ကြသည်။ နောက်တော့ သူပြည်ပြန်သွားတာ ကြားလိုက်သည်။

အာမီရမ်တစ်လုံး၊ သမ္မတစားသောက်ဆိုင်နှင့် မောင်ချောနွယ် အမြည်း

တနေ့သော နေလည်၊ စကော်ကလပ်ကနေ ကိုတိုးကြီး၊ ၀ိုင်ချို၊ မင်းသက်ဇင်နဲ့ ကျနော်တို့လူစု ဘယ်ချီတက်ကြမလဲပြီး ဘယ်သူဘယ်လောက်ပိုက်ဆံရှိသေးလည်း စစ်လိုက်တော့ လမ်းစရိတ်တော့ရှိသည်၊ အရက်ဖိုးမရှိ။ `အိုဝသုညကြီး ကြံပါဦး´ဟု ဆိုလတ်သော ကျနော်သည် သေတ္တာကြား၌ ထောင်ထားသော အဖေ့၏ အာမီရမ် (Army Rum) ပုလင်းကို ပြေးမြင်လေသည်။ အဖေက သောက်တာတော့မဟုတ်၊ လက်ဆောင်ရ၍ သိမ်းထားခြင်းသာ။ ကျနော်လည်း မှတပါး အခြားမရှိဟုတွေးကာ ဗဟန်းသို့ စစ်ချီစေတော့သည်။ အာမီရမ်ပုလင်းကို ဆောင်ယူ၊ မြည်းလို့ရမယ့်ဟာလေးတွေ စုစည်းကာ ဆူးလေဘက် စုန်ကြသည်။ ပုလင်းကို မင်းသက်ဇင်က သူ့လွယ်အိတ်ထဲထည့်သည်။

ကျနော်တို့ ကဗျာသမားအားလုံးမှာ တူညီတာတစ်ခုရှိ၏။ ထိုအရာကာဒ လွယ်အိတ်တစ်လုံးစီရှိကြခြင်းပင်။ မှတ်မှတ်ရရ ကိုအောင်ဝေးလွယ်အိတ်မှာ ထန်းရိပ်ညိုပန်းချီအဖွဲ့၏ အမှတ်တရလွယ်အိတ် အနီရောင် ဖြစ်သည်။

လေထန်ကုန်းတ၀ိုက် သော်တော်ဖိုး ရှယ်ယာခံမည့်သူ ရှာကြည့်သေးသော်လည်း ငွေနှိုက်လို့ ရမည့်သူ၊ ငွေစိုက်မည့်သူကား လောက်လောက်လားလားမတွေ့။ သို့နှင့် နောက်ထပ်လာရောက်ပူးပေါင်းသော ဇီးကုန်းကို ညရထားနှင့်ပြန်မည့် ကဗျာသမားနှစ်ဦး (အမည်မေ့သွားပြီ) နှင့် ဆက်လက်ချီတက်ကြသည်။ ဦးတည်ရာကား သမ္မတရုရှင်ရုံဘေးလမ်းကြားထဲက သမ္မတစားသောက်ဆိုင်။ သိပ်ကြီးကြီးကျယ်ကျယ်ကြီးလည်း မြင်မနေကြပါနှင့်။ အဖြူရော အနီပါမှာလို့ရသည့် ရိုးရိုးအရက်ဆိုင်ပါပဲ။ သမ္မတရုပ်ရှင်ရုံတ၀ိုက်မှာ ဖွင့်လို့ သမ္မတစားသောက်ဆိုင်ဖြစ်သွားတာ။

ကိုတိုးကြီးက ကောင်တာသွားပြီး ဆိုင်ရှင်ကို ကဗျာသမားများ ဘိုင်ပြတ်နေ၍ ပါလာသော အာမီရမ်ကို သောက်ခွင့်ပြုရန်နှင့် အမြည်းနှင့် ရောရန် အချိုရည်ကို ဆိုင်ကမှာမည်ဖြစ်ကြောင်း မျက်နှာငယ်နှင့် ပြော၏။ ဆိုင်ရှင်ကလည်း ဤကဗျာဆရာ၊ စာရေးဆရာဆိုသည်တို့မှာ ငွေရွှင်လျှင်လည်း ဖောဖောသီသီလာအားပေးတတ်သည်ကတစ်ကြောင်း၊ မရဘူးပြောလွှတ်၍လည်း လှည့်ပြန်မည့်သူများ မဟုတ်၍လည်းကောင်း ခွင့်ပြုလိုက်၏။

ပွဲဆက်ဒကာခံမည့် ကဗျာသမားလေးများထပ်ရောက်လာခြင်း၊ မောင်ချောနွယ်ကဗျာများကို ရွတ်ကြခြင်း၊ ကိုတိုးကြီးအလှည့်တွင် ကဗျာရွတ်ရင်း ကိုတိုးကြီးငိုလေရာ ဆိုင်ထဲကလူတွေက ဘာကောင်တွေလည်းဟဟု ကွက်ကြည့်ကြည့်လုပ်ကြခြင်း၊ ဇီးကုန်းပြန်မည့်ကဗျာဆရာနှစ်ယောက်ကို ဘူတာလိုက်ပို့မည်ဟု ကိုတိုးကြီးထွက်လိုက်လာရာ ကျနော်စိတ်မချ၍ သူနဲ့လိုက်ခဲ့ခြင်းနှင့် ရန်ကုန်ဘူတာကြီးရှေ့က မြက်ခင်းပေါ်မှာ ရဲဖမ်းခံမထိစေဘဲ သေးပေါက်ကြခြင်းတို့သည်ကား ကျနော်မှတ်မိသမျှ ဖြစ်လေသည်။

(တတိယပိုင်း ဆက်ရန်)

Advertisements

Leave a comment

Filed under Article, Experience

0 responses to “ယာယီကဗျာဆရာ၏ ထာဝရပုံရိပ်မှတ်တမ်းများ (ဒုတိယပိုင်း)

  1. ဖတ်လို့ကောင်းတယ်ဗျို့……တတိယပိုင်းမျှော်နေတယ်….ကျန်းမာပါစေဗျာ…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s