ယာယီကဗျာဆရာ၏ ထာဝရပုံရိပ်မှတ်တမ်းများ (ပထမပိုင်း)

(တောင်းပန်ချက်။ ။ ယမန်နေ့က ပို့စ်တင်၍ရသော်လည်း Read More လုပ်၍ မရသဖြင့် ပို့စ်အရှည်ကြီးကို ဒီအတိုင်းတင်ခဲ့ပါသည်။ နောက်မှ Sever Update လုပ်လိုက်၍ SQL ပြောင်းရမည်ဆိုသဖြင့် မှော်ဆရာထံမှ နည်းယူပြီး ပြန်ပြင်ရာ နောက်ဆုံးတင်သည့်ပို့စ် ပျောက်သွားပါသည်။ သို့သော် ဘလော့ဂ်မှာ ပြန်အိုကေသွားပါသည်။ ထို့ကြောင့် ပျက်သွားသောပို့စ်ကို ပြန်ခွဲတင်လိုက်ပါသည်။)

ယာယီကဗျာဆရာ အိပ်မက်နိုးခြင်း

ကျနော်သည် ငယ်စဉ်ကပင် စာ၊ ကဗျာ၊ ပန်းချီတို့နှင့် ပျော်မွေ့သူဖြစ်သည်။ နီးစပ်သော အသိုင်းအ၀ိုင်းမရှိ၊ ပန်းချီအနုပညာကို အားမပေးသော မိဘများလက်ထဲ၌ ကိုယ်ဝါသနာပါရာကို မဆုတ်မနစ်တွယ်ထားခဲ့သည်။ ထို့ကြောင့်ပင် ကျနော်သည် ပန်းချီသမားလည်း ဖြစ်ခဲ့သည်။ ကဗျာသမားလည်းဖြစ်ခဲ့သည်။ ကိုယ်ယုံကြည်ရာအတွက် ဘ၀မှာ ရင်းခဲ့ရတာတွေရှိသည်။ အနိမ့်အမြင့် အတက်အကျတွေ ကြုံရသည်။ ကြည်နူးခဲ့ရသလို၊ ငိုလည်းငိုခဲ့ရသည်။ ဖြစ်ချင်တာတွေကို ဖြစ်သင့်တာတွေနဲ့ အစားထိုးရဖို့လည်း ကြုံခဲ့သည်။

စိုးဇေယျ၏ မှတ်မိသေးတဲ့သတင်းထောက်ဘ၀က နေ့ရက်များ နှင့် ချိန်ကိုက်ဗုံး ခြောက်လုံးနှင့် အချုပ်ခန်းထဲက နံနက်စာကို ဖတ်ရသောအခါ ကြုံတွေ့ခဲ့ဖူးသော မဝေးလှသည့် အတိတ်မှ အရိပ်တို့သည် မရိုးမရွ ပြန်ပေါ်လာသည်။ အစ်ကိုကြီးကိုဘကောင်းတိုက်တွန်းသော ပန်းချီအကြောင်း နောက်မှရေးမယ်ဟု စဉ်းစားပြီး ဘ၀တစ်ကွေ့မှာ အိပ်မက်မက်သလို ခဏတာ ရောက်ရှိကျင်လည်ခဲ့သည့် ကဗျာသမားဘ၀အကြောင်း ရေးဖို့ လက်ကယားလာသည်။ ထို့ကြောင့်ပင် ယာယီကဗျာဆရာဟု ခေါင်းစဉ်တပ်လိုက်သည်။ အပေါင်းအသင်းတွေကတော့ ကဗျာသမားအဖြစ်ကို ယာယီဟုဆိုရကောင်းလား ဝေဖန်ကောင်း ဝေဖန်ကြမည်။ ဘ၀မှာ အမှတ်ထင်ထင်ရှိသော နေ့ရက်များ အဖြစ်သတိတရရှိသည့်အတိုင်း ရေးလိုက်ပါသည်။

child-painting.jpg

ကျနော်နှင့် အဖေပြောသော ကဗျာတိုစာစများ

ကဗျာအကြောင်းကိုလှန်လျှင် ငယ်စဉ်ကလေးဘ၀ကိုပင် ပြန်လှန်ရမည်။ အဖေသည် ကျနော့် ပတ်ဝန်းကျင်မှ အခြားသူတို့၏ အဖေများထက် စာပိုဖတ်သူဖြစ်သည်။ စာဖတ် စာစပ်ဝါသနာရှိသည်။ ငယ်စဉ်က ကြုံလျှင်ကြုံသလို ပုံတိုပတ်စ ကဗျာတိုကဗျာစများကို ပြောပြ၊ ရွတ်ပြတတ်၏။

မှတ်မိသမျှထဲတွင် ယနေ့အထိ စွဲနေသေးသည်မှာ ထွဋ္ဋ်ခေါင်ဆရာတော်ကို သင်္ဂဇာဆရာတော်က ကြည်စားသည့် ကဗျာတိုဖြစ်သည်။ စစ်ကိုင်းချောင်တွင် အတူသီတင်းသုံးကြစဉ် တနေ့၌ ထွဋ္ဋ်ခေါင်ဆရာတော်သည် ကျောင်းနံရံ၌ စာတိုတစ်ခုတွေ့သည်ဆို၏။

စိတ်ပုတီးရယ်နဲ့

ရိပ်မှီးတဲ့ ထွဋ္ဋ်ခေါင်။

ဦးရွှေညိုသီလချောရယ်နဲ့

တောမွှေ့တဲ့ ချောင်။

ဟူ၍ ဖြစ်၏။ ထွဋ္ဋ်ခေါင်ဆရာတော်၏ ငယ်မည်မှာ ရွှေညိုဖြစ်၏။ သီလချောဆိုသည်မှာလည်း စစ်ကိုင်းချောင်မှ မယ်သီလရှင်များလောဟု အဓိပ္ပာယ်နှစ်ခွ ထွက်နေတော့သည်။

ကဗျာကို မြင်လျှင်ပင် ထွဋ္ဋ်ခေါင်ဆရာတော်သည် သင်္ဂဇာလက်ချက်ဟု သိလေရာ ရှင်းပါဦးဟု ခေါ်ယူမေးမြန်းလေသည်။ သင်္ဂဇာဆရာတော်ကလည်း အလွန်ဥာဏ်ရွှင်သူဖြစ်ရာ “အရှင်ဘုရား၏ သီလမှာ အပြစ်ဆိုဖွယ် မရှိ၍ သီလချောဟု ဆိုရပါကြောင်း” ပြန်လျှောက်တင်သော ဟူ၏။

နောက်မှတ်မိသည့်တစ်ခုမှာ

အဖြူနှင့် အပြာကိုပယ်

အ၀ါထည်ကလေးနှင့်တော်၏။

ဟု အစချီသော ကဗျာတိုလေးဖြစ်၏။ လောကီအာရုံ ကာမဂုဏ်ဖြစ်သော လူဝတ်ကြောင်ကို ပယ်တော့မည်ဟု ဆို၏။ နောက်တပိုဒ်ဆက်သည်ကား..

ချောင်အနီးမှာလ

မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်

မင်းလိုက်ခဲ့ဦး။

ဟူ၍ ဖြစ်ရာ ကြားတိုင်းပင် ကျနော်ရယ်မိလေ၏။ ဟုတ်မလိုလိုနှင့် တောထွက်တာတောင် သရဲကြောက်လို့ မင်းပါလိုက်ခဲ့ပါတော့ဆိုပြီး အဖျားရှုးသွားလေသည်။

ပန်းချီကဗျာ ရောရာ

သူငယ်တန်းမရောက်ခင်ကပင် မြေဖြူခဲ၊ မီးသွေးခဲ စသည့်ရရာဖြင့် တွေ့ရာနေရာတွင် အရုပ်ရေးလေ့ရှိသော၊ ပန်းချီရေးခြင်းကို ၀ါသနာကြီးလွန်းလှသော ကျနော့်အဖို့ ကဗျာစပ်ခြင်းသည်လည်း ပန်းချီနှင့်ခွဲမရသည့် ၀ါသနာအဖြစ် တိုးလာလေသည်။ ကျောင်းပြဋ္ဌာန်းစာအုပ်မှ ကဗျာများကို ဒေါင်းဒေါင်းပြေးရွတ်လို့ အားမရသေး၍ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလ၀ံသတို့၏ လင်္ကာများကို ရှာပြီး အာဂုံဆောင်သေး၏။ ရှင်မဟာရဋ္ဌသာရ၏ “၀ဏ္ဏပဘာ ကလျာနုစသစ် ပျိုမြစ်မြစ်လျှင် ကျစ်လစ်တင့်စဖွယ် လှမျိုးကြွယ်သား”အစချီသည့် တောင့်တဲ့တွန့်လင်္ကာအဆန်းများလည်း ငယ်စဉ်ကပင် ရှာ၍ ဖတ်သည်။ အဖေစုထားသော စာအုပ်များထဲမှ ဦးဧမောင်၏ ကဗျာဖွဲ့နည်းများတွေ့၍ လေ့လာသည်။ လေးလုံးစပ်ကလေးများလည်း ရေးကြည့်သည်။

ကဗျာရောဂါကို ပျိုးပေးခံရသည်မှာ အလယ်တန်းကျောင်းသားဘ၀၌ဖြစ်သည်။ ပြောရလျှင် ကျနော်သည် သင်္ကန်းကျွန်းမှ ထိုရွာကလေးသို့ ပြောင်းပြီး ခုနှစ်တန်းတက်သည်။ တောကျောင်းတွင် ကျနော်ကဲ့သို့ မြို့ဆင်ခြေဖုံးမှ ပြောင်းလာသူ (သူတို့အခေါ် ရန်ကုန်မှပြောင်းလာသူ) မှာ သူတစိမ်းကဲ့သို့ရှိပြီး စိတ်ဝင်စားမှုခံရသည်။ အတန်းထဲတွင်သာမက ကျောင်းတွင်ကျနော်နာမည်ကြီးသည်မှာ ပန်းချီရေးပေးခြင်းဖြစ်သည်။

ဆုရလွန်း၍ ရှက်ရသည်

ပန်းချီရေး၍ ရသောဆုတွေလည်း တပုံတပင်။ တောအရပ်မှာ အနူတော လူချောပေါ့လေ။ ဒီလောက်ကြီး တော်လှသည်ကား မဟုတ်ပါ။ ကဗျာပြိုင်ပွဲ လုပ်တော့ ၀င်ပြိုင်ကြည့်သည်။ ပြိုင်ဘက်မရှိ ပထမရပြန်သည်။ ကဗျာ စာစီစာကုံး မြို့နယ်အဆင့်တက်ပြိုင်သည်။ ပထမဆုအများဆုံးရသည်။ ရေးချင်တာ ရေးပစ်၍ ဒုတိယနှစ်ခါတော့စွဲလိုက်သေးသည်။ အဲဒီတုန်းက လှေပွဲသဘင်၊ မြင်းပွဲသဘင်၊ လွတ်လပ်ရေး ပြိုင်ပွဲတွေက လုပ်ပဲလုပ်နိုင်သည်။ မြို့နယ်တက်ပြိုင်လို့ တခြားကျောင်းက လာပြိုင်သူတွေက ကျနော့ကိုတွေ့လျှင် ငါတို့တော့ ဒုတိယပဲဟု ညဉ်းကြသည်။ ထိုစဉ်က ညက်ညက်ကြေအောင်ရေးသည်မှာ လင်္ကာနှင့် ပိုဒ်စုံရတု ရှေးပုံစံအခန့်များဖြစ်သည်။

တခါ၌ ပြိုင်ဘက်လည်းဖြစ်၊ မျက်မှန်းလည်းတန်းမိနေသော တခြားကျောင်းမှ ကျောင်းသူတစ်ဦးက “အစ်ကိုပဲ ပထမရမှာပါ”ဟု ပြောလိုက်သည့်နောက်တွင် ကျနော်အတွေးတစ်ခု ၀င်လာ၏။ ဘယ်သူနိုင်မယ် သိနေသောပွဲမျိုးသည် ပွဲကောင်းမျိုးမဟုတ်သလို၊ ပြိုင်ရတာ တရားမျှသည်ဟုလည်း မထင်မိ။ ပြိုင်ပြီးလျှင် ကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများက ချက်ချင်းစစ်ပြီး ကြေငြာလေ့ရှိရာ အဝေးကြီးမှလာပြီး တက်ပြိုင်ရသော ကျနော်တို့မှာ ကျနော် ပထမချိတ်လျှင် ပျော်ကြသည်။ ကျနော်ကား ပထမ၊ ဒုတိယတခေါက်လောက်အထိပျော်သေး၏။ နောက်တော့ ထူးကဲပြီး ပျော်လှတယ်မရှိတော့။ သို့ဖြင့် ကျနော် စဉ်းစားမိလာသည်။

ကျနော်သည် ထို အလယ်တန်းကျောင်းတွင် ခုနှစ်တန်း (တစ်ခါကျ၍) နှစ်နှစ်နှင့် ရှစ်တန်း၊ စုစုပေါင်း သုံးနှစ်နေခဲ့၏။ နှစ်ပတ်လည်ဆုပေးပွဲတွင် အတန်းတင်စာမေးပွဲမှာ ပ၊ ဒု၊ တ ရသူတွေက ဆုတစ်ခါပဲ တက်ယူရ၏။ ခုနှစ်တန်းနှစ်ကျ ကျနော်ကား မှတ်မှတ်ရရ ပန်းချီဆု၊ ကဗျာဆု၊ စာစီစာကုံးဆု၊ မြို့နယ်ဆု၊ ကျောင်း ရောရာ ဆုပေးပွဲတစ်ခုတည်းမှာ ခုနှစ်ခါတက်ယူရရာ စာတော်၍ ဆုရသူများကိုပင် အတော်ပင်မျက်နှာပူမိသေး၏။ မှတ်မိသေးသည်။ မိဘများမပြေလည်ချိန်ဖြစ်၍ ဆုတက်ယူရန် အ၀တ်အစားမ၀ယ်နိုင်တာ၊ ၀တ်နေကျအဟောင်းလေးနဲ့ ဆုတက်ယူရတာ မှတ်မိသေးသည်။ မြို့နယ်တက်ပြီး ဆုယူသောအခါမှ ဈေးပေါပေါပုဆိုးလေး အဘွားက အမေ့ကို ၀ယ်စေ၍ ရေကျအောင်တောင် လျှော်ချိန်မရဘဲ ၀တ်သွားရတာလည်း မှတ်မိသေးသည်။ ရှစ်တန်းကျောင်းသားအရောက်တွင် ကျနော်သည် ပြိုင်ပွဲမ၀င်ချင်၍ ဆရာကို ရှောင်နေ၏။ ဆရာက လူလွှတ်မေးခိုင်းသောအခါ ကျနော်ချည်းဆုရနေတာ ရှက်လို့ဟု ပြောသောအခါ အနုပညာဆရာဦးမောင်ငွေနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ရယ်ကြသောဟူ၏။

သင်ကာ ရည်းစားစာရေးပေးသည်

သို့နှင့် ကိုးတန်းကို စိုက်/မွေးရှိ အထက်တန်းကျောင်းတက်သည်။ မြန်မာစာသင်သောဆရာကြီးမှာ ဒုကျောင်းအုပ်ဖြစ်၍ စာကဗျာလေ့လာမှုကို များစွာအားပေး၏။ ပြိုင်ပွဲရှိသည်ဆိုပြီး ကြေညာသောအခါ ကျနော်က စာရင်းမသွင်း။ စာရင်းပိတ်ခါနီးတွင် ဆရာကြီးကခေါ်သည်ဆို၍ ဆရာကြောက်သောကျနော် ပူထူသွားသည်။ ဘယ်ကောင် ငါ့နာမည်နဲ့ ရည်းစားစာပေးလိုက်သလဲ။ ငါဘာမှားသလဲဟု ကြောက်ကာနေတော့သည်။ ဆရာကြီးဆီရောက်တော့ ဘာကြောင့် ကဗျာရေးဖို့ စာရင်းမပေးသလဲဟု မေးလေရာ အဖြေရကြပ်နေတော့သည်။ ဘယ်သူများချွန်လိုက်ပါလိမ့်ဟုတွေးမိသည်။ နောက်မှသိရသည်မှာ အလယ်တန်းကျောင်းအုပ်က ကျနော့်အကြောင်း အထက်ကျောင်းသို့ ချိတ်ပိတ်စာပို့ပြီး အကြောင်းကြားပြီးဖြစ်သည်ဟုသိရသည်။

သစ်ရွက်လှုပ်တာတောင် ရင်ခုန်ချင်တယ်ဆိုတဲ့ ချာတိတ်ကလေးဖြစ်လာသော သင်ကာ၊ အချစ်ကဗျာကို ခံစားသီဖွဲ့တတ်လာသော သင်ကာသည် အထက်တန်းကျောင်းသားဘ၀တွင် ရည်းစားစာရေးပေးသူအဖြစ်လည်း နာမည်ကြီးပြန်လေသည်။ ရည်းစားစာကို တော်ရုံတန်ရုံရေးပေးသည်တော့ မဟုတ်။ ဒီကောင်တကယ်ကြွေနေတာလား၊ဖြစ်နိုင်ခြေရှိလား ကြည့်သေးသည်။ ရေးပေးမည်ဟုဆုံးဖြတ်လျှင် မင်းဘယ်လိုဖြစ်နေသလဲ၊ ဘယ်လိုခံစားရလဲဟု နှစ်ကိုယ်ကြားမေးသည်။ တနည်းအားဖြင့် သူ့ရင်ဘတ်ကို ကျနော်ငှားပြီး ၀င်ကြည့်သည်။ ပြီးလျှင် ဖီလင်ရသလို စာသင်ခန်းထဲမှာ၊ အိမ်မှာ၊ တခါတလေ ကျောင်းကအပြန် လမ်းခုလတ်မှာရှိတဲ့ ဈေးမှာရေးသည်။ ဈေးက မနက်ဈေးဆိုတော့ ညနေမှာ လူမရှိ။ ဆိုင်ခန်းလွတ်တွေပေါ်တက်ထိုင်ပြီး ရေးသည်။

အများစုကတော့ သိပ်မကြာခင် အိုကေသွားကြသည်။ ကျနော့် ချစ်သူငယ်ချင်း စိုးကြီး (စိုးသီဟ)၊ နိုင်ကြီး (နိုင်ဇော်ဦး) နှင့် ငဇင် (သန့်ဇင်) တို့က အနှီငတိထံမှ မုန့်ကပ်စားကြသည်။

မမစိမ်းနှင့် တိမ်းမူးခဲ့သော နေ့ရက်များ

ဆယ်တန်းအရောက်တွင် အသည်းနုသောကျနော်လည်း မမအလှထံပါးမှာ ကြွေခဲ့သည်။ မမသည် ဆံပင်တင်ပါးကျော်ရှိပြီး ဖွံ့ဖွံ့ထွားထွား၊ မြန်မာဆန်ခြင်းနှင့် အကြောက်အလန့်မရှိ ရဲရဲတင်းတင်းရှိခြင်းတို့ကြောင့် သူမကို ကြွေသူတွေများသည်။ အစ်ကိုငါးယောက်ရှိပြီး အငယ်ဆုံးဖြစ်သောသူမကို မည်သူကပ်နိုင်အံ့နည်း။ ကျနော်ကတော့ စာတွေလွှတ်ပြီး စကားလုံးတွေနဲ့ ကပ်၏။ မမအချစ်ကို ကျနော်ရသည်။ ဆွတ်ဆွတ်နူးနူးရှိလှသော၊ ဘ၀တွင် နှစ်ခါပြန်မရနိုင်သော နုနယ်ပျိုမြစ်အပြစ်ကင်းလှသော အချစ်မှ ပေါက်ဖွားသည့် တိမ်းမောဖွယ်ကဗျာများ မမပေးခဲ့သည်။ သူ့အမည်ကို သူမကိုယ်တိုင်ပေးတာ မမစိမ်းတဲ့။ သူ့အမေကဒေါ်စိမ်းဆိုတော့။

လရောင်အောက်က မြင်ကွင်း၊ ကျောင်းနံဘေးက မြေနီလမ်း၊ ညနေတိုင်းလွမ်းစဖော်နေတတ်သည့် ရွှေရောင် ရိုးပြတ်နဲ့ ကျယ်လွင့်လွင့်လယ်ကွင်းတွေ၊ (၁) ရပ်ကွက်ကလမ်းကြားလေး၊ ဈေးကိုသွားတဲ့ ဖြတ်လမ်းလယ်တော၊ အရာရာကို ကဗျာထဲမှာ ထည့်သိမ်းခဲ့သည်။

lois-royo-80.jpg

အချစ်နှင့် မိန်းမတစ်ယောက်ရဲ့ လက်တွေ့ကျမှု

ဆယ်တန်းအောင်ပြီးတော့ “အနုပညာသမားတစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့ဘ၀ကို အာမခံချက်ပေးနိုင်ပါ့ပမလား”ဆိုတဲ့ အနိုင်ပိုင်းစကားနဲ့ အနုပညာသမားတစ်ယောက်ရဲ့မာနကို မမ လေးညှို့တင်ပေးခဲ့သည်။ သင်္ကန်းကျွန်းက အသစ်ကြီးဖြစ်တဲ့ ပြည်ထောင်စု ခုံးကျော်တံတားမှာ နှစ်ယောက်လျှောက်လာရင် ကျနော့အသည်းဟောင်းလေး တိတ်တဆိတ်ကျကွဲသည်။ ဂုတ်ကိုပင်ကျော်နေပြီဖြစ်သော ကျနော့ဆံပင်ကို မွေးနေ့အဖြစ် ဖြတ်ပေးစေချင်တဲ့ ချစ်သောမမနဲ့ ထိုနေ့က၊ ထိုသို့သောလက်တွေ့အလွန်ကျသည့်စကားဖြင့်၊ ထိုနေရာမှာ၊ ထိုမမစိမ်းနှင့် ပြတ်စဲခြင်းတိုင်ပြီး အသည်းကွဲလေသည်။ မမသည် ကဗျာများသာ ကျနော်နှင့် ချန်ရစ်သည်။

ကျနော် ငွေကြေးနှင့် အဆင့်အတန်းအရ အတိုင်းအတာတစ်ခုအထိ အောင်မြင်ချိန်တွင် မမနှင့် အမှတ်မထင် ပြန်ဆုံသည်။ သမီးလေးတစ်ယောက်ပင်ရနေပြီဖြစ်သော မမမှာ မိခင်က သူ့ယောင်္ကျားနှင့် သဘောမတူ၊ ယောင်္ကျားဖြစ်သူမှာလည်း စီးပွားရေးမပြေလည်သဖြင့် ချို့ချို့တဲ့တဲ့ မြင်တွေ့ရရာ လက်စားချေလိုစိတ် အစကတည်းက မရှိသော ကျနော်မှာ ရင်ထဲမှာ မကောင်းလှ။ ကျနော် အဆင်ပြေနေတာတွေ့တော့ ၀မ်းသာစကားဆိုသည်။ ကျနော့်ထက် သူက အများကြီး ဘ၀မှာ လက်တွေ့ကျနေသည်၊ ရင့်ကျက်နေသည်။ ကျနော်ကတော့ ပန်းချီနဲ့ ကဗျာအနုပညာမှာ မျောနေဆဲ။ အရက်ကို စပြီး လျှာကျင့်ရလာချိန်။

အချိန်ပြည့် (Full Time) ကဗျာသမား

တက္ကသိုလ်ရောက်တော့ သူငယ်ချင်းတွေနဲ့ ကဗျာစာအုပ်ထုတ်ကြသည်။ မိုးတွင်းဗွက်ထပြီး၊ နွေမှာ ဖုန်ထောင်းထောင်းထတဲ့ ဒဂုံတက္ကသိုလ်ကို ဘာဖြစ်ဖြစ် သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အဓိပတိလမ်းထက် မြတ်နိုးတယ်လို့ ရေးမိလို့ အဆဲခံရ၏။

စာပေလောကထဲကို စ၀င်ပြီး ကဗျာသမားရယ်လို့ ဖြစ်လာတာကတော့ ၂၀၀၀ ခုနှစ်လောက်မှာပါ။ မိသားစု၊ ကိုယ်ရေးကိုယ်တာ ဘ၀အနိမ့်အမြင့်တွေကိုကြုံရပြီး ကရင်ပြည်နယ်မှာ ခရီးထွက်ရင်း မတော်တဆ ကားအက်ဆီးဒင့်ဖြစ်မှုက ကျနော့်ကို အိပ်ယာထဲ တစ်လလောက် ပို့ခဲ့ပါတယ်။ အရင်လက်နဲ့မတို့ခဲ့တဲ့ အဖေနဲ့ အဖွားရဲ့ ဘုရားစာအုပ်တွေကို ဖတ်မိရာက ဗုဒ္ဓ၀ါဒဟာ ကျနော့ကို ပြောင်းလဲစေခဲ့ပါတယ်။ ပဋ္ဋိစ္စသမုဒ်ပါဒ်ကိုဖတ်ပြီး ဗုဒ္ဓ၀ါဒရဲ့ ကျိုးကြောင်းဆက်စပ်နိုင်မှုနဲ့ နက်နဲမှုဟာ ကျနော့်ရဲ့ စိတ်အစာကို ပြေစေပါတယ်။ ဘာမှ မဟုတ်လောက်တဲ့ အသည်းကွဲခြင်းကနေ အရှိုက်ထိုးသလို ခံခဲ့ရတဲ့ အဖေနဲ့ အမေကွဲတဲ့အထိ ဘ၀အနိမ့်အမြင့်တွေကို ဆင်ခြင်ပြီး တရားရိပ်မှာ ခိုချင်စိတ်ပေါက်ခဲ့တယ်။

လူပုံပျော့ပျော့နဲ့ စိတ်ဓာတ်ပျင်းခဲ့တဲ့ကျနော်ဟာ ရဟန်းဝတ်ခဲ့ပါတယ်။ ဒုတိယအကြိမ် ရဟန်းဝတ်နဲ့ ဘာသာစကား၊ ဒဿနနဲ့ စိတ်ပညာကို လေ့လာချိန်မှာတော့ ကဗျာတွေဟာ ပိုပြီးခေတ်ကာလဆန်ပြီး ပိုပြီးသိမ်သိမ်မွေ့မွေ့ရေးဖြစ်လာတယ်။ အတွေးအခေါ်တွေပါလာတယ်။ တော်လှန်တဲ့ အမြင်တွေဝင်လာတယ်။ ရေးဖြစ်တဲ့ကဗျာတွေထဲက ၃၀ ရာခိုင်နှုန်းလောက်ကို မဂ္ဂဇင်းတိုက်တွေဆီ ပို့ဖြစ်ပါတယ်။ မန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေ၀လင်္ကာကိုလည်း စွဲစွဲမက်မက်ဖတ်ဖြစ်သလို၊ မောင်သာနိုး၊ ဇော်ဇော်အောင်တို့ကိုလည်း ဖတ်ဖြစ်တယ်။ စကော်လာကလပ်မှာ လှအောင်၊ ဗလ (စာရေးဆရာ) ၊ မျိုးကြီး (သီချင်းရေးသူ)၊ ထက်ဇော် တို့နဲ့ ကဗျာဆွေးနွေးဖြစ်သည်။ ဦးထွန်းတင့်အောင်ပါလာရင်တော့ ဘာသာရေးတွေလည်း ဆွေးနွေးဖြစ်သည်။

ရဟန်းဝတ်နဲ့နေရင်း မန်လည်ဆရာတော်ဘုရားကြီးရဲ့ ကဗျာပေါင်းချုပ်နဲ့ ဘုရားရှိခိုးပေါင်းချုပ်ကျမ်းတွေကိုလည်း ပရုဖတ်၊ မူရင်းကျမ်းများနဲ့ တိုက်ဆိုင်ပြီး ကုသိုလ်ပြုအက်ဒစ်လုပ်ပေးခွင့် ကြုံခဲ့ပါတယ်။

ရုပ်ရှင်တေးကဗျာမှာ ပထမဆုံးကဗျာ ပုံနှိပ်ဖော်ပြပါတယ်။ `အိုဝသုည´ဆိုတဲ့ ကလောင်အမည်နဲ့ပါ။ ကျနော်ကရေးသာရေးဖြစ်ပေမယ့် မပို့ဖြစ်ပါဘူး။ လက်ရေးမူကဗျာစာအုပ်ထဲမှာပဲ အောင်းနေပါတယ်။

(ဒုတိယပိုင်းဆက်ရန်)

Advertisements

Leave a comment

Filed under Article, Experience

0 responses to “ယာယီကဗျာဆရာ၏ ထာဝရပုံရိပ်မှတ်တမ်းများ (ပထမပိုင်း)

  1. KKT

    ကောင်းတယ်ဗျား။ ဆက်ရေးပါ။ အမြဲဝင်ဖတ်နေတယ်။

  2. ကျွန်တော်လည်း ကဗျာကိုချစ်တယ်….. ကဗျာဆရာတွေကိုလေးစားတယ်….
    ကိုသင်ကာကြီးက ဒီနယ်ပယ်တွေကို ဖြတ်ကျော်လာခဲ့တာကိုး…..
    ကောင်းပါ့…. အနုပညာ ညီအစ်ကိုချင်း ဘလော့ပေါ်မှာ ခင်မင်ခွင့်ရတာ
    ကျေးဇူးပါ…. ကျွန်တော်လည်း ပြည်မှာမွေးတဲ့သူ …ပြည်သားပါ….
    ဟုတ်တယ်… ကျွန်တော်လည်း အတွေးအမြင်တွေကို ပိုပြီး သဘောကျတယ်…
    ဒီပိုစ့်လေးကို ဖတ်လိုက်ရတာ တကယ့်ကို လွမ်းဖွယ်လေးပါ… အနုပညာကို ချစ်တယ်… ဂီတကို လေးစားတယ်…စာပေနဲ့ ပတ်သက်ပြီး အနာတရမရှိခဲ့ပေမယ့် ဂီတနဲ့ ပတ်သက်ပြီး ကျွန်တော်မှာ
    အနာတရတွေ ရှိခဲ့တယ်….

  3. အနုပညာသမားတစ်ယောက်ကို လက်တွဲဖို့ မိန်းကလေးတိုင်း စိုးရွံ့ ကြပါတယ်..။ ဒါပေမယ့် အရာရာတိုင်းဟာ ကံစီမံရာပါ..။

  4. ခံစားချက် အနုအလှ ကို ဖန်တီးတတ်သူ၊ တင်ပြတတ်သူ၊ မြင်တတ်၊ ခံစားတတ်သူ..(အနုပညာသမားလို့ မပြောတော့ဘူး။ ဘောင်ကျဉ်း သွားမှာစိုးလို့။ လူတိုင်း ခံစားတတ်ကြတာပဲပေါ့) တွေက တစ်ပါးသူ(မိန်းမ၊ ယောင်္ကျား) ကို ပျော်ရွှင်စေတယ်၊ ဆန်းသစ်တဲ့ ရင်ခုန်မှုတွေ၊ ရယ်ရွှင်မှုတွေ အချိန်အခါမလတ် မရိုးရအောင်ဖန်တီးပေးတယ်ဆိုရင်တော့ မစိုးရွံပါနဲ့လား။ စိုးရွံစေခြင်းသည် အနုပညာကြောင့်ဆိုရင် စိတ်မကောင်းပါဘူး။ ထားပါလေ…

    ကိုသင်ကာဆီ အခုမှ လာလည်ဖြစ်တယ်။ ဖတ်ရတာကောင်းပါ၏။ ခံစားချက် အတွေ့အကြုံတွေ တမျှင်ချင်း ဆွဲထုတ်ပြီး ယက်လုပ်ထားတဲ့ ပိတ်စပေါ်မှာ ဆေးရောင်စုံတွေ ထင်ထားသလို့ပေါ့။ စကားမစပ်
    ဟိုးအရင်းတုံးက မြင်းဆိုတဲ့ ရေဆေးပန်ချီးကား တစ်ချပ် တွေ့မိတယ်။ မတွေမိတာ ကြာတော့ ကိုသင်ကာရဲ့ လက်ရာ အပေါ် အာရုံ ဖြန့်ကျက်ဖို့ အခွင့်မကြုံဘူး ဖြစ်နေတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s