ငမိုးရိပ်ချောင်း၊ ဒန်းပန်းရနံ့နှင့် လောကတက္ကသိုလ်အ၀င်

စာရေးဆရာတင့်ဆန်းရဲ့ `ငမိုးရိပ်မှ ငမိုးရိပ်သို့´(၁၉၆၂ ခုနှစ်ထုတ်) ဆိုတဲ့ အတ္တုပ္ပတ္တိတပိုင်းဝတ္တုကို ဖတ်ရင်း ဒန်းပန်းရနံ့ပြင်းပြင်း၊ ငမိုးရိပ်ချောင်းရဲ့ ရေးစီးသံနဲ့ လေတိုးသံရောရော၊ စိမ်းဆတ်ဆတ်ကြီးဖြစ်နေတဲ့ ဘ၀အချိုးအကွေ့ကို အာရုံမှာ ပြန်မြင်၊ ပြန်ကြားလာပါတယ်။ မိုင်ပေါင်းများစွာ အဝေးကနေ ရနံ့တွေ ဂန္ဓာရုံမှာ ပြန်ရစ်ဝဲလာတယ်။

၈၈ ကသောင်းကနင်းနှစ်မတိုင်ခင်။ ကျနော်တို့မိသားစု သင်္ကန်းကျွန်း၊ စံပြအနီးက စီမံကိန်း(၂) ရပ်ကွက်ကို ပြောင်းလာတော့ ကျနော်ဟာ လေးတန်းအောင်ပြီးသားကျောင်းသားလေးအရွယ်ပေါ့။ ဒီအိမ်ကို ပြောင်းမလာခင် ကျနော်ဖျားနေတယ်။ ငှားလိုက်တာ တခြမ်းကန့် အိမ်သစ်။ တဖက်က အိမ်ရှင်။ ဒီအိမ်တွေဟာ ပုံစံတူတွေပါ။ စစ်မှုထမ်းဟောင်းတွေကို ဟိုအရင်က ချပေးတဲ့ ရပ်ကွက်ပါ။ နေခွင့်ရှိတယ်။ နားလည်မှုနဲ့ ငှားခွင့်ရှိတယ်။ ရောင်းခွင့်တော့ မရှိဘူး။ ခြံထဲဝင်ဝင်ချင်း လူကိုလတ်ဆတ်စေတာက ဒန်းပန်းနံ့ပါ။ ဒန်းရွက်ကို ကုလားမတွေက ထုပြီး လက်မှာ အရုပ်ရေးခြယ်သလို၊ လက်ဆွယ်ငုပ်ရင်လည်း ထုပြီး အုံထား။ သက်သာပါတယ်။ လက်မှာတော့ အနီရောင်ကြီးတော့ စွဲကျန်တာပေါ့။ ဒန်းပန်းနံ့ဟာ ပြင်းလို့ မကြိုက်ကြပါဘူး။ ဒါပေမယ့် နေမကောင်းဖြစ်နေတဲ့ ကျနော်ကတော့ လန်းသွားပါတယ်။ နေပြန်ကောင်းပြီး နာလန်ထူလာလို့ အဘွားက အိမ်သစ်နဲ့တည့်တယ်လို့ ပြောတာ ဒီနေ့အထိမမေ့ပါဘူး။

အိမ်ရှေ့မှာ ဘောလုံးတကွင်းစာ ကွင်းကြီးရှိပါတယ်။ ကွင်းကြီးနံဘေးမှာက အ.မ.က (၂၅)ကျောင်း။ အိမ်ရှေ့လမ်းကလေးအတိုင်းသွားပြီး ထွက်လိုက်ရင် ခရာတောတွေ တွေ့ရတယ်။ ဆက်လျှောက်ပြီး ဟိုဘက်ရပ်ကွက်ကို ဖြတ်ထွက်ရင် ငမိုးရိပ်ချောင်းကိုရောက်ပါတယ်။ အဲဒီနေရာကလှမ်းကြည့်ရင် ငမိုးရိပ်တံတားကို မြင်ရတယ်။ ညနေကျရင် မောင်နှမတတွေ ငမိုးရိပ်ချောင်းဘက် လမ်းလျှောက်တတ်ပါတယ်။ ကမ်းနဖူးလိုနေရာမြင့်မြင့်လေးပါ။ တစ်ခါနှစ်ခါပဲ ကမ်းနဖူးရောက်အောင် သွားဖူးပါတယ်။ မြစ်နားကမ်းနား မနေခဲ့ဖူးတော့ ငမိုးရိပ်ချောင်းရဲ့ ရေစီးသံ ဝေါဝေါဆိုတာကြီး လေတိုးသံနဲ့ လွင့်လာတာ ကြောက်စရာလို့ ထင်ခဲ့ပါတယ်။ လူကြီးတွေကလည်း `လူစားတယ်´ဆိုပြီး ကမ်းနားသွားမှာစိုးလို့ ခြောက်လှန့်ထားပါတယ်။

ကျနော်က ဘာ့ကြောင့်မှန်းမသိ၊ မြစ်ချောင်း၊ ပင်လယ်တွေကို ကြောက်ပါတယ်။ ရေမကူးတတ်လို့လည်း ဖြစ်မယ်ထင်တယ်။ ရန်ကုန်မြစ်ကို ဆိပ်ခံတံတားပေါ်က ငုံ့ကြည့်တော့လည်း နောက်ကျိတဲ့ရေ၊ အစိုးမရ စီးနေတဲ့ရေတွေကိုကြည့်ပြီး ကြောက်တဲ့စိတ် ၀င်လာဖူးပါတယ်။

ညနေစာထမင်းကို လေးနာရီလောက်မှာ စားပြီးရင် ငမိုးရိပ်ချောင်းဘက်ကို မယောင်မလည်သွားလေ့ရှိပါတယ်။ အိမ်ယာတချို့ဟာ ချောင်းနဲ့ နီးပါတယ်။ ကမ်းနဖူးမှာ ပျော်ပျော်ကြီးကစားနေတဲ့ အဲဒီအိမ်က ကလေးတွေကို အထူးအဆန်းသဖွယ် ကျနော်တို့ လှမ်းကြည့်ခဲ့ကြပါတယ်။ သူတို့ကတော့ ယဉ်ပါးနေတယ်။ မကြောက်ဘူး။ ရေနည်းချိန်ဆို ရေဆင်းကူးတယ်လို့ ကလေးတစ်ယောက်က ကြွားတယ်။ ကျနော် မယုံပါ။ ရေဆီမရောက်ခင် တော်တော်ကျယ်တဲ့ ဗွက်တောကြီးက ကမ်းစပ်တလျှောက်ရှိနေလို့ပါ။ ချောင်းလက်တက်က ခရာတောအစပ်မှာ အခွံနီတဲ့ဂဏန်းတွေကိုကြည့်ရတာ မငြီးပါ။ ဘယ်အကောင်က အကြီးဆုံးလည်း လိုက်ကြည့်ကြသည်။ ဒီဂဏန်းတွေက စားလို့မရဘူးလို့ ရပ်ကွက်သားတွေက ပြောကြသည်။  

မိုးတွင်းဆိုရင် အိမ်အောက်မှာလည်း ရေတွေရောက်သည်။ ချောင်းနဲ့နီးတော့ ရေတက်ရေကျမြန်သည်။ သဘာဝကိုစိတ်ဝင်စားတတ်သောကျနော်က ၀မ်းလျားမှောက်၊ ကြမ်းကြားကနေ အောက်ကိုငုံ့ပြီး ဒီရေတက်လာတာကို စောင့်ကြည့်သည်။ ဒီလိုကြည့်ရတာ အားမရ၍ အမေအလစ်မှာ အိမ်အောက်သွားပြီး အမှတ်လုပ်ထားတဲ့ တုတ်တစ်ချောင်း သွားထောင်ထားသည်။ ရေတက်လာချိန် ဘယ်အရစ်ထိရောက်လဲ သိနိုင်အောင်ဖြစ်သည်။ နောက်ကြာလာတော့ ရေဘယ်လောက်တက်လဲ လူကြီးတွေသိချင်ရင် ကြမ်းပေါက်က ငုံ့ကြည့်လိုက်ပြီး ကျနော့ရေချိန်နဲ့ကျနော် ဘယ်လောက်ရေတက်ခဲ့တယ်ဟု သတင်းပေးတတ်သည်။

မိုးတွင်း စိတ်ဝင်စားစရာနောက်တစ်ခုမှာ အိမ်အောက်တွင် ရေးကူးရုံမက ခုန်ဆွခုန်ဆွနှင့် သွားတတ်သော `ငါးပြက်´(ငဗျက်) များဖြစ်သည်။ ဒီငါးတွေကိုလည်း လူမစားဟုဆိုသည်။ မိုးတွင်း အောက်ဆင်းဆော့၍ မရသည့်ကာလတွင် အိမ်အောက်မှ ငါးပြက်များ၊ ဂဏန်းလေးများနှင့် ဖားမျိုးစုံသည် ကျနော့်အတွက် ကြမ်းပေါက်မှတဆင့်ကြည့်ရသော ငါးပြတိုက်ပင်ဖြစ်တော့သည်။

ဆတ်ဆော့ပြီး အဖေရုံးကယူလာသော ဖိုင်ကလစ်၊ အမေ့အပ်ချုပ်ခုံမှ အပ်ချည်ကြိုး၊ မီးဖိုထဲမှ ထမင်းဖြင့် ကြမ်းပေါက်မှ ငါးခိုးမျှားသည်။ ထမင်းသာငါးဟပ်သည်၊ မိသည်ကားမရှိ။ ဘယ်ရှိမလဲ၊ ငါးမျှားချိတ်မှ မဟုတ်တာ။

အိမ်နောက်ဖေး စဥ့်အိုးနားတွင် ဖားပြုတ်တွေ တက်ပြီး ၀ပ်နေတတ်သည်။ အနေကြာပြီးယဉ်သွားတော့ မကြောက်တော့ပါ။ ဖားပျံတွေဆိုလျှင် အထည်တွေ၊ ခေါင်းရင်းထရံကြားတွေမှာ တက်ကပ်နေတတ်သည်။ ကျနော်က အကုန်မောင်းထုတ်သည်။ ဖားပျံကို အမြင်အကပ်ဆုံးဖြစ်သည်။ ခုန်ပျံနေစဉ် သေးပန်းသွားတတ်သည်။

မိုးကုန်ပြီဆို အိမ်ဘေး၊ အိမ်နောက်က မြေကွက်လပ်တွေ ဗွက်မြေမှ မြေမာဖြစ်လာသည်။ မခြောက်တခြောက်မြေကို စမ်းနင်းရင်း ရေနည်းနည်းမှာ ကျန်ရစ်သည့် ငါး၊ ဂဏန်းလေးတွေ ဖမ်းပြီး ပြန်လွှတ်ရတာ ပျော်စရာဖြစ်သည်။ အိမ်အောက်ကတော့ ရွှံ့တော်တော်နှင့် မခြောက်။ ခန်းစ ရွှံ့အိုင်မှာ ငါးတချို့ ကျန်ရစ်သည်။ တခါတရံ ဘယ်ချိုင့်ခွက်မှာ ငါးဘယ်နှကောင်ဟု ရေတွက်လို့ရသည်။ တခါတရံ ငါးတွေ ပျောက်ပျောက်သွားသည်။ ညဘက်မှာ ခုန်ပြီး ရေဆီသွားသလားဟု ကလေးသဘာဝ စဉ်းစားသည်။ တစ်နေ့တော့ ကြမ်းကြားက ချောင်းကြည့်ရင်း အဖြေတွေ့သည်။ မြွေလာလာစားခြင်းဖြစ်သည်။ အိမ်အောက်လည်း ၀င်ရခက်။ ကယ်ရခက်။ နောက်တနေ့ ငါးလေးတွေ ကုန်ပြီလားပဲ စိုးတထိတ်ထိတ်ကြည့်ရသည်။

ထိုစဉ်ကာလတုန်းက အမှတ်ထင်ထင်ဖြစ်ကျန်ခဲ့သော ကိစ္စတချို့ရှိခဲ့ဖူးသည်။

 

အောင်ပျံကျော်တို့မိသားစုနှင့် ၀ဋ္ဋ်လည်တတ်သည်

ကျနော်တို့ ငှားနေသော တအိမ်ကျော်တွင် မောင်နှမတသိုက်ရှိ၏။ အကြီးဆုံးမှာ အိမ်ထောင်ကျ သားသမီးတွေရှိပြီး၊ အငယ်ဆုံးမှာ ကျနော်နှင့်ရွယ်တူလောက်ဖြစ်၏။ မိသားစုကကြီးတော့ အဆင်ပြေသလို ရရာအလုပ် လုပ်ကြသည်။ ကျနော်နှင့်ရွယ်တူတစ်ယောက်၏ အမည်ကို သူ့အိမ်ကအော်အော်ခေါ်လျှင် ကျနော်တို့ ကြားမိသည်မှာ `အောင်ပျံကျော်´ဟု၍ဖြစ်ရာ ကျနော်တို့အဖို့ ဆန်းနေသည်။ နောက်မှ `အောင်သီဟန်ကျော်´ကို အမြန်ခေါ်မှန်းသိရသည်။ အောင်ပျံကျော်အထက်မှာ အစ်ကိုတစ်ယောက်ရှိသည်။ သူကရေထမ်းရောင်းသည်။ တနေ့ အဘွားခိုင်းလို့ ဈေးဝယ်အပြန်၊ အောင်ပျံကျော်အစ်ကိုက ရေထမ်းပြီးနားခါစ ခြံဝကအထွက်။ အိမ်ပေါ်က သူ့အစ်မက အလန့်တကြားအော်ပြီး ဆွဲထုတ်လာတာက ကြွက်ပေါက်တစ်သိုက်နှင့် ပုံးတစ်ခု။ အောင်ပျံကျော့် အစ်ကိုက သွားယူပြီး ကျနော့ရှေ့ လမ်းမမှာ သွန်ချသည်။ နီတာရဲလေးတွေဖြစ်သည်။ အောင်ပျံကျော့်အစ်ကိုက ဘာညာမပြောတစ်ကောင်ကို ဖနောင့်နင့်ပေါက်သတ်လိုက်လေသည်။ ကျနော်နှင့် နောက်ရောက်လာသော အိမ်ရှင်သမီးမမူတို့က မလုပ်ပါနဲ့ဟု ထိတ်ထိတ်လန့်လန့်ပြောသည်။ သူကား ဂရုမစိုက် `သတ်ပစ်မှ အေးမှာ´တဲ့။ ဆက်ပြီး အကုန်လုံး ဖနောင့်နဲ့ ပေါက်သတ်သည်။ သူတို့ မောင်နှမတွေကား ဗလလည်းကောင်းသည်။ လူလည်းကြမ်းသည်။

ကျနော်တုန်လှုပ်စွာ အိမ်ပြန်လာသည်။ မမူကပြောသည်။ `၀ဋ္ဋ်လိုက်တတ်တယ်´တဲ့။ သူတို့ မိသားစုပျက်သလို ကိုယ်လည်း ပျက်တတ်သတဲ့။ ကျနော်ကား စိတ်မကောင်းဖြစ်နေမိသည်။ အဘွားကလည်း ငှက်သိုက်တွေ မဖျက်ရဘူးဟုဆုံးမသည်။

ကျနော့်စိတ်ထဲတွင် စွဲထင်နေသည်ကား သူတို့အဖေဆုံးသွားခြင်း၊ အောင်ပျံကျော် စစ်ထဲဝင်သွားခြင်း၊ ၈၈ အရေးအခင်းတွင် သူတို့အစ်မကြီးနှင့် အကိုကြီးထောင်ကျခြင်း၊ ကျန်ခဲ့သည့်ကလေးများ စောင့်ရှောက်မည့်သူမရှိခြင်းနှင့် သူတို့မိသားစု ဖရိုဖရဲပြိုကွဲ ဒုက္ခရောက်ကြခြင်းဖြစ်လေသည်။ ထိုအဖြစ်နှစ်ခုသည် ဆိုင်ဆိုင် မဆိုင်ဆိုင် ကျနော့စိတ်တွင် စွဲထင်ခဲ့လေသည်။     

 

ကလေးတစ်ယောက်မသိခဲ့တဲ့ သွေးပျက်ညများ

၈၈။ ညသည် မကောင်းသောလှုပ်ခတ်ခြင်းဖြင့်လှုပ်နေသည်။ ခေါင်းဖြတ်၊ ဂိုဒေါင်ဖောက်၊ ပုလင်းမိုင်းခွဲ၊ ဂျင်ကလိနဲ့ပစ်ဆိုတာတဲ့ သတင်းတွေက ကလေးတွေနားထဲပါရောက်သည်။ ငမိုးရိပ်ချောင်းလက်တက်၏ ဟိုမှာဘက်၊ တောင်ဥက္ကလာနှင့်နီးသောအရပ်သည် စီမံကိန်း(၁) ရပ်ကွက်။ သင်္ကန်းကျွန်း၊ စံပြနှင့်နီးသောအရပ်သည် စီမံကိန်း(၂) ရပ်ကွက်။ ရပ်ကွက်နှစ်ခုကို စီမံကိန်းတံတားဖြင့်ခြားထားသည်။

ထိုည။ စီမံကိန်း(၁) ဘက်မှာ ပုလင်းဗုံးတွေခွဲသတဲ့။ ကမ်းစပ်မှာ ခေါင်းဖြတ်သတ်ကြသတဲ့။ တံတားကို ပိတ်ထား၊ ဖျက်ထားလိုက်ကြပြီတဲ့။ ကျနော်တို့ မောင်နှမသုံးယောက်ကို ခြင်ထောင်ထဲမှာနေစေသည်။ အဘွားက အိမ်ရှေ့ကခေါင်းပြူ၍ သတင်းစနည်းနာသည်။ အဖေက ရုံးမှာ ဂျူတီတဲ့။ အမေက အထုပ်အပိုးပြင်၏။ ပြေးသူလည်း ပြေးကုန်ပြီ။ ကျနော်က အပြင်ထွက်၍ချောင်းသောအခါ အသာနေစမ်းဟုဆိုကာ အဘွားက ခြင်ထောင်ထဲ ပြန်ထည့်၏။ မောင်နှမသုံးယောက် အစက ခြင်ထောင်ထဲမှာ ငြိမ်နေသော်လည်း မကြာခင် အဆော့ဖက်ပြောင်းလာသည်။ ခေါင်အုံးကို မြင်းလုပ်စီးသည်။ ကလိထိုးကြသည်။ ကျယ်ကျယ်မရယ်ရဲ၍ တခွိခွိဖြစ်နေသည်။ လူကြီးတွေက စိတ်ညစ်ညစ်၊ ကြောက်ကြောက်နဲ့ လာဆူသည်။ အူမြူးမနေကြနဲ့တဲ့။ ပြန်စဉ်းစားလိုက်တော့ ကလေးမို့ ဘာမှမသိတတ်၍ ပျော်နေကြခြင်းပင်။ တကယ့်ထိတ်လန့်စရာကာလ။ တောကြောင်တွေက ထသည်။ ပစ္စည်းတက်လုသူကလုသည်။

စီမံကိန်း(၂) တကြောမှာ လူမိုက်`ဆင်ပေါက်´ဆိုတာရှိသည်။ မကျေနပ်သူတွေက သတ်ကြပြီတဲ့။ သတင်းမျိုးစုံက တဆင့်စကားနှင့် ညကာလမှာ လွင့်နေသည်။ စီမံကိန်း(၁) ဘက်မှာ မီးလျှံတွေ၊ တဖြောင်းဖြောင်းအသံတွေ ကြားနေရသည်။ ဒီဘက်ကို ဘယ်တော့ကူးလာကြမလဲ။ တချို့က ငမိုးရိပ်မြစ်လက်တက်ကို ဖြတ်ကူးရင်းသေကြသတဲ့။

ကျနော်မှတ်မိတာကတော့ ကျနော်တို့ မောင်နှမသုံးယောက် ခြင်းထောင်ထဲမှာ ဆော့ပြီး ဟီးတိုက်နေတာကိုပါပဲ။  

 

ရန်မျိုးအောင်ဘုရား

အဖေက ဘာသာရေးလိုက်စားသည်။ အေးချမ်းစဉ်ကာလကဆိုလျှင် ညဘက်မှာ စံပြ(၃)လမ်းထိပ်က ရန်မျိုးအောင်ဘုရားမှာ ပုတီးသွားစိတ်တတ်သည်။ သွားတိုင်းကျနော်လည်း ပုတီးသေးသေးလေးယူကာ အဖေနှင့်ပုတီးလိုက်စိတ်သည်။ ငမိုးရိပ်တံတားကနေလှမ်းကြည့်ရင် ရထားလမ်းဘက်အခြမ်း၌ မြင်ရသောဘုရားမှာ ရန်မျိုးအောင်ဘုရားဖြစ်သည်။ ညဘက်ဆိုလျှင် အလွန်ဆိတ်ငြိမ်သည်။ အဖေနှင့်ကျနော်က ရှင်ဥပဂုတ်အဆောင်မှာ စိတ်ပုတီးဝင်စိတ်ကြသည်။ ဘာသာရေး၏ အေးငြိမ်းမှုအရသာကို အဖေ့ကျေးဇူးဖြင့် ငယ်ငယ်ကတည်းက ခံစားသိမြင်ခဲ့ရသည်။ တိတ်ဆိတ်သောညတွင် ဘုရားစေတီမှ ဆွဲလဲသံကလေးများကို ပုရစ်အော်သံတွေနှင့်ကြားရသည်ပင်လျှင် စိတ်ငြိမ်းချမ်းမှုတစ်မျိုးဖြစ်သည်။

နောင်အခါ နေ့ခင်းဖက်သွားလည်ခဲ့သော်လည်း ထိုအရသာမျိုး မရခဲ့ပါချေ။

 

ကျောင်းတံခါးတွေပိတ်

အ.ထ.က(၄)၊ သင်္ကန်းကျွန်းတွင် ကျနော် ငါးတန်းနှင့် ခြောက်တန်းတက်သည်။ ဘယ်နှစ်လည်း မသိတော့၊ အရေးအခင်းထပ်ဖြစ်သည်။ စာသင်ကျောင်းတံခါးတွေ ပိတ်လိုက်ကြသည်။ စစ်ကားတွေ ကျောင်းရှေ့မှာ ရစ်နေသည်။ ဆရာတွေက ဘာမှ မအော်ဟစ်ကြနဲ့ဟု ကော်ရစ်ဒါမှာ ပြေးလွှားရင်းပြောသည်။ ကျနော်က (C) တန်း၊ အပေါ်ထပ်မှာ။ ငယ်သေးပေမယ့် သွေးကကြွသည်။ လက်ကိုင်ပုဝါကို ဆရာမသိအောင် နဖူးမှာ ချည်ကြသည်။ ပေတံကိုသေနတ်လုပ်ပြီး ချိန်သည်။ တော်လှန်ရန်ဆိုတာထက် ဘာမှပိုမသိပါ။

ကျောင်းပေးလွှတ်လိုက်တော့ ရောယောင်ပြီး ချီတက်တဲ့အထဲ ပါသွားသေးသည်။ နောက်မှ သတိရပြီး အိမ်ပြန်ခဲ့သည်။ လူကြီးတွေကတော့ ကျနော်ပြန်လာတာတွေ့မှ သက်ပြင်းချနိုင်ကြတော့သည်။ ကျောင်းတွေ ပိတ်လိုက်ပြီတဲ့။

ဆရာတင့်ဆန်း၏ ငမိုးရိပ်က ကျနော်၏ ငမိုးရိပ်ကို ပြန်ဆွပေးသည်။ ရေစီးသံတွေ ပြန်ကြားရသည်။ ဒန်းပန်းရနံ့တွေပြန်ရသည်။ ငါးပျက်တွေကို ကြမ်းပေါက်က ပြန်ချောင်းကြည့်ချင်သည်။ ရန်းမျိုးအောင်စေတီ၏ တိတ်ဆိတ်သောညတွေကို ပြန်ခံစားချင်သည်။ သို့သော် တော်လှန်သောကာလအတွက်တော့ ခံစားချက်ကကွဲနေသည်။ ဒီအချိန်ဆို ငါလုပ်နိုင်တာလုပ်ရမယ်ဆိုသောအတွေးက အလွမ်းဓာတ်တို့ မဲ့နေသည်။ အမှန်တရားအတွက် အံတုဖို့ ဘယ်အချိန်မဆို အမှတ်တရတွေကို ခေါက်ထားရမှာပဲလေ။ ဘ၀တက္ကသိုလ်က ရွေ့လျားနေသည်။

mm thinker

၁၈၊ ဇန်န၀ါရီ၊ ၂၀၀၈

Advertisements

6 Comments

Filed under Essay, Experience

6 responses to “ငမိုးရိပ်ချောင်း၊ ဒန်းပန်းရနံ့နှင့် လောကတက္ကသိုလ်အ၀င်

  1. ကောင်းတယ်ဗျ ငယ်စဉ်က အဖြစ် အပျက် ကလေးတွေ 😀

  2. ပြည်သား

    ဖတ်လို့ကောင်းတဲ့ essay လေးတစ်ပုဒ်ပါ။
    ကျနော်လည်း ငါးဗြက်နဲ့ ဂဏန်းနီနီလေးတွေကို စိတ်ဝင်စားပါတယ်။

  3. အရေးအသားက တယ်ညက်သကိုး ကိုသင့်ရ။ ကျွန်တော်ပါ ဒန်းပန်းရနံ့ရပြီး ကလေးဘ၀ ကိုပြန်ရောက်သွားတယ်ဗျာ။ 🙂

  4. အပေါ်ကလူတွေ ပြောသလိုပဲး) ကြိုက်တယ် ။

    အရေးအခင်းကာလကို သိတော့သတိမရတော့ .. ။ ရပ်ကွက်ထဲမှာ သေနတ်သံတွေကြားလို့ မိဘတွေက ခေါင်းငုံ့ နေကြလို့ ပြောတာ … ညဘက်ဆို တံခါးသင်တုန်းတွေ အထပ်ထပ် ချိတ်ရတာ .. ဖေဖေ၀ယ်လာတဲ့စာစောင်ထဲမှာ မကြည့်ရဲ့ ကြည့်ရဲ ကြည့်လိုက်မိတဲ့ ခေါင်းပြတ်တွေပုံ … စာတိုက်နားမှာ ခေါင်းဖြတ်သတ်တော့ ဓါးက တုံးနေလို့ ၊ လည်ပင်းတော်၂နဲ့ မပြတ်တဲ့အကြောင်း .. ခေါင်းဖြတ်ခံရသူတွေက ဆေးကျွေးထားသလိုဖြစ်နေတော့ ဖြတ်ခံနေရလည်း မျက်လုံးကြောင်နဲ့ဖြစ်နေကြောင်း .. လူတွေမီးလျှို့ တော့ အနံ့တွေအလွန်ပျင်းတဲ့အကြောင်း … နောက် ရက်ပေါင်းများစွာထိ အဲဒီနေရာမှာ သရဲခြောက်တဲ့အကြောင်း .. အဲဒါတွေတော့ မှတ်မိတယ် ။

  5. တော်တော်ဖတ်လို့ကောင်းတယ်ဗျာ။ဒါမျိုးလေးတွေမကြာမကြာလုပ်ပါ။

  6. ကောင်းကင်ကို

    ကိုယ်တွေ့ ကို ရသလေးစွက်ပြီး ရေးထားတာ အရမ်းဖတ်လို့ ကောင်းတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s